ပြည်မြန်မာကုန်တိုက် လေလံအောင်သူ ဧရိယာထက် ပိုယူဟုဆို

ပြည်မြန်မာကုန်တိုက် လေလံအောင်သူ ဧရိယာထက် ပိုယူဟုဆို
by -
မျိုးသန့်

ချင်းမိုင် (မဇ္စျိမ) ။      ။ ရန်ကုန်မြို့ ကမာရွတ်မြို့ နယ် လှည်းတန်းလမ်းဆုံရှိ ပြည်မြန်မာ ကုန်တိုက်ကို လေလံ အောင်သူမှ လေလံအောင်သည့် ဧရိယာ ထက် ပိုယူသည်ဟု ကုန်တိုက်တွင် ဆိုင်ခန်းများ ဖွင့်လှစ်ထားသည့် ဆိုင်ခန်းရှင်များက စွပ်စွဲ ပြောကြား လိုက်သည်။

“ လေလံအောင်တာက ပြည်မြန်မာကုန်တိုက် ပေ ၈ဝ၊ ပေ ၁၂ဝ ပဲဗျ၊ အခုဟာက အဲဒီ အကျယ်အဝန်းတင် မကဘဲ ကုန်တိုက်ဝင်း အထဲမှာရှိတဲ့ ဆိုင်ခန်းတွေ အားလုံးကို ဖယ်ခိုင်းပြီး လေလံအောင်တဲ့ ဧရိယာထက် ပိုယူတာ" ဟု ဆိုင်ခန်းပိုင်ရှင် တဦးဖြစ်သူ ဦးကျော်ဇင်ဦးက မဇ္ဈိမကို ပြောသည်။

၁၃၊ ၂၊ ၂ဝ၁၁ နေ့ထုတ် ကြေးမုံ သတင်းစာတွင် ဖေါ်ပြချက်အရလည်း လေလံတင်သည့် အဆောက်အဦးမှာ ရှစ်ထပ်အမြင့်ရှိ ပြည်မြန်မာ ကုန်တိုက်ဖြစ်ပြီး မြေအကျယ်အဝန်းမှာ ပေ ၁၂ဝ၊ ပေ ၈ဝ ဖြစ်သည်။

ပြည်မြန်မာကုန်တိုက် ပရဝဏ်၏ စုစုပေါင်း အကျယ်အဝန်းမှာ ၁,၉၄၂၇.၇၆ ဧရိယာ စတုရန်းပေ ဖြစ်ပြီး ယခု
 လေလံအောင်သည့် ဧရိယာမှာ ၉,၆ဝဝ ဧရိယာ စတုရန်းပေ ဖြစ်သည်ဟု ဆိုသည်။

ထိုပြည်မြန်မာ အဆောက်အဦးကို မတ်လ တတိယပတ်အတွင်း MMRD Co.Ltd ကုမ္ပဏီပိုင်ရှင် ဦးမိုးကျော်နှင့် AA Medical Product Co.Ltd ကုမ္ပဏီပိုင်ရှင် ဦးဇော်မိုးခိုင်တို့မှ ကျပ်သိန်းပေါင်း လေးသောင်း တထောင်ဖြင့် လေလံ အောင်ခဲ့ခြင်း ဖြစ်သည်။

လေလံ အောင်ပြီးနောက် လေလံတင်သည့် ဧရိယာနှင့် မသက်ဆိုင်သည့် ကုန်တိုက် ပရဝဏ်အတွင်းရှိ ဆိုင်ခန်း များကို မေလကုန်အတွင် အပြီးဖယ်ရှားပေးရန် ဖိအားပေးခံရခြင်းကြောင့် လေလံအောင်သူများမှ ဧရိယာ စတုရန်းပေပေါင်း တသောင်းနီးပါးကို အပိုယူခြင်းဖြစ်သည်ဟု ဆိုင်ခန်းရှင်များက ဆိုကြခြင်း ဖြစ်သည်။

“ လေလံအောင်မြင်သော တန်ဖိုးမှာ အဆောက်အဦးတလုံး တန်ဖိုးသာဖြစ်ပြီး အမှန်တကယ်လေလံစာရင်း တွင် မပါဝင်သော မြေဧရိယာ တန်ဖိုးပါ တွက်ချက်လျှင် စုစုပေါင်း ကာလတန်ဖိုး ကျပ်သိန်း ရှစ်သောင်းနီးပါး ရှိသည်” ဟုလည်း ဆိုင်ခန်းရှင်များက ထောက်ပြကြသည်။

ဆိုင်ခန်းရှင်များ၏ စွပ်စွဲချက်များနှင့် ပတ်သက် တုန့်ပြန်ဖြေရှင်းရန် ဦးမိုးကျော်၏ Myanmar Marketing Research & Development Co,.Ltd ကုမ္ပဏီသို့ မဇ္ဈိမှက ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်၍ မရခဲ့ပါ။

ပြည်မြန်မာ ကုန်တိုက် ပရဝဏ်အတွင်းတွင် ဆိုင်ခန်းစုစုပေါင်း ၉၈ ခန်းရှိပြီး၊ ထိုဆိုင်ခန်းများကို ယခုအခါ ပိတ်ထားရပြီ ဖြစ်သည်။

ဆိုင်ခန်းရှင်များအနေဖြင့် မိမိတို့နစ်နာမှုများအတွက် ဆိုင်ခန်းတခန်းကို ကျပ်ငွေ သိန်း ၁ဝဝ သို့မဟုတ် ဆိုင်ခန်း အစားထိုးနေရာ ပြန်လည်ချပေးရန် သို့မဟုတ် ဝါတွင်းကာလအတွင်း ဆိုင်ခန်းများ ဆက်လက် ဖွင့်ခွင့်ပြုပေးရန်အချက် ၃ ချက်ကို တောင်းဆိုထားကြသည်။

တောင်းဆိုချက်များကို နိုင်ငံတော် သမ္မတများ အပါအဝင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ရန်ကုန်တိုင်း အစိုးရ စသည့် သက်ဆိုင်ရာဌာန စုစုပေါင်း ၁၇ ခုသို့ ဧပြီလအတွင်းမှစ၍ တောင်းဆိုတင်ပြချက် ပေါင်း ၁၈ ခုကို တင်ပြခဲ့ပြီးဖြစ်သော်လည်း တုန့်ပြန်မှု မရရှိသေးဘဲ ဖြစ်နေသည်။

ကမာရွတ်မြို့နယ် အမှတ် ၈၁၊ အင်းစိန်လမ်းနှင့် လှည်းတန်းလမ်းထောင့်ရှိ ထိုပြည်မြန်မာ အဆောက်အဦးကို နိုင်ငံပိုင် အဆောက်အဦးများ ရောင်းချရေး ကော်မတီမှ ယခုနှစ် ဖေဖေါ်ဝါရီလ ဒုတိယပတ်က လေလံတင် ရောင်းချခဲ့ခြင်းလည်း ဖြစ်သည်။

ထိုရောင်းချမှုတွင် အစိုးရ အဆင့်မြင့် ဝန်ထမ်းများ ပါဝင် ပတ်သက်နေသည်ဟု ဆိုင်ခန်းရှင်များမှ စွပ်စွဲလိုက်ပြီး သက်ဆိုင်ရာ ဝန်ကြီးဌာန၏ ဂုဏ်သိက္ခာ ကျဆင်းအောင် ပြုလုပ်သော ကုန်သွယ်ရေးညွှန်ကြားမှု ဦးစီးဌာနမှ ပုဂ္ဂိုလ်အချို့အား စိစစ် အရေးယူပေးရန်လည်း ပြည်မြန်မာ ဆိုင်ခန်းရှင်များမှ အစိုးရဌာန အသီးသီးသို့ ပေးပို့သည့် စာတွင် တောင်းဆိုထားကြသည်။