တိုင်းတပါးခြားမှာပဲ ပျော်မွေ့နေတဲ့ ကယန်းသူလေး

တိုင်းတပါးခြားမှာပဲ ပျော်မွေ့နေတဲ့ ကယန်းသူလေး
by -
ကယားထဲ

မိုးတွေတဖွဲဖွဲရွာနေလို့ သံလွင်မြစ်ကမ်းပေါ်က စွပ်ပိုင်စခန်း တဲတွေမှာ ခရီးသည်တွေ ကုန်သည် တွေက အစုလိုက်အဖွဲ့လိုက်  နားနေကြပါတယ်။ 

အဲဒီစခန်းကနေ ကရင်နီပြည်နယ်နဲ့ ထိုင်းနိုင်ငံကို ဆက်သွယ်သွားလာလို့ရတဲ့ လမ်းကြောင်း တစ်ခုလည်း ဖြစ်ပါတယ်။

တဲအိမ်ပေါ်တွေမှာ နားနေကြတဲ့ ခရီးသည်တွေ တချို့မှာ ထိုင်းနိုင်ငံဘက်ကို ကုန်ပို့တဲ့သူတွေဖြစ်ကြသလို တချို့ခရီးသည်တွေကလည်း ထိုင်းနိုင်ငံဘက်ကနေ ကုန်ပစ္စည်းများ သယ်လာတဲ့သူတွေလည်း ဖြစ်ကြပါတယ်။တချို့ကလည်း အလုပ်သွားရှာလုပ်မည့် သူတွေနဲ့ ပြန်လာတဲ့သူတွေ ဖြစ်ကြပါတယ်။

ခရီးသည်တွေ နားနေကြတဲ့ တဲအိမ်တစ်လုံးရဲ့ ပြတင်းပေါက်နားမှာတော့ ဆယ်နှစ်အောက် အမျိုးသမီးငယ် တစ်ဦး တတွေတွေတမှိုင်မှိုင်နှင့် မျက်မှောင်ကြုတ်ပြီး ထိုင်နေတာကိုတွေ့ရပါတယ်။

အရှေ့အရပ် ထိုင်းနိုင်ငံ ဘက်က စီးဆင်းလာတဲ့ နမ့်ပန်မြစ်ရေကို တမျှော်တခေါနဲ့လည်း ကြည့်နေလို့ပါပဲ။ သူမ မျက်နှာကလည်း မပြံုးမရွှင် ဖြစ်နေတာကို တွေ့နေရပါတယ်။

သူမက တစ်ယောက်နဲ့မှ စကားမပြောပဲ တွေဝေ ငေးမောနေတာကို ကြည့်ပြီး ကျနော့်ရင်ထဲမှာထူးဆန်းနေ သလို ခံစားရပါတယ်။

သူမနဲ့ အတူလိုက်ပါလာတဲ့ တစ်ရွာတည်းသား မိတ်ဆွေတစ်ယောက်က “သူအိမ်မပြန်ချင်ဘူးလေ။သူထိုင်း ကိုပဲ လွမ်းနေတာ။ အဲဒါကြောင့်မို့ သူမပျော်ဘူး ဖြစ်နေတာ” လို့ အခုလို ပြောပြပါတယ်။ သူမရဲ့နာမည်ကို မိချောလို့ဆိုကြပါစို့။

မိချောရဲ့ ပုံသဏ္ဍာအချိုးအစားကို သေချာကြည့်လိုက်တော့မှ သူမရဲ့ လည်ပင်းက သာမာန်ကလေးတွေထက် ပိုရှည်နေပြီး မေးရိုးက အရှေ့ကို ငေါထွက်လို့နေပါတယ်။ လက်ကောက်ဝတ်နားက အသားအရောင်မှာလည်း အဖြူကွက်တလိုင်းက ထင်းနေပါတယ်။

supaiမိချောဟာ အရင်က ကြေးကွင်းပတ်ထားခဲ့လို့ ဆိုတာ သိလိုက်ရပါတယ်။ ကရင်နီ မျိုးနွယ်စုထဲကကယန်း ပဒေါင် (ကြေးကွင်းပတ်) လူမျိုးထဲက အမျိုးသမီးငယ်လေးပဲဖြစ်ပါတယ်။

မိချောက ဒုတိယတန်းကျောင်းတက်ရမည့် အချိန်မှာ မိသားစု စားဝတ်နေရေးအခက်အခဲကြောင့်ကျောင်းထွက် ခဲ့တယ်လို့ ပြောပါတယ်။ သူမဇာတိက ကရင်နီပြည်နယ်နဲ့ ကရင်ပြည်နယ်နယ်စပ်ကကယန်းရွာကဖြစ်ပါ တယ်။ 

ကျောင်းထွက်ခဲ့ပြီး သူမရဲ့အဒေါ်နဲ့ ထိုင်းနိုင်ငံ ချင်းမိုင်မြို့  မဲ့လင်ဆိုတဲ့ နေရာမှာ ထိုင်းနိုင်ငံသားတွေက နိုင်ငံခြား ဧည့်သည်တွေကို အခကြေးငွေတောင်းပြီး ထူးဆန်းတဲ့ လူမျိုးစုတွေ ပြစားတဲ့ ရွာမှာ နေပါတယ်။

ကယန်း ပဒေါင် ကြေးကွင်းပတ် ရိုးရာဝတ်စုံလေးကို ၀တ်ဆင်ပြီး အဒေါ်နှင့်အတူ နိုင်ငံခြားဧည်သည်တွေကို ပြသရင်း ရိုးရာ ချည်ယက်ထည်တွေကို ရောင်းခဲ့တာပါ။ အဲဒီမှာ နှစ်နှစ် နေခဲ့တယ်လို့ ပြောပါတယ်။

ယခုနှစ် ပညာသင်နှစ်မှာ ကျောင်းပြန်လာတက်ဖို့ မိဘတွေကနေ ပြန်ခေါ်ခိုင်းလို့ ပြန်လာရခြင်း ဖြစ်တယ်လို့ ပြောပါတယ်။ သူမရဲ့ လည်ပင်းက ကြေးကွင်းတွေ လက်ကောက်ဝတ်တွေကိုတော့ အမိမြေကို ပြန်လာတဲ့အခါ ဖြုတ်ပြီး ပြန်လာခဲ့တာကို တွေ့ရပါတယ်။

“အိမ်ရောက်ရင် အဲဒါတွေက သူ့အတွက် အသုံးမဝင်တော့ဘူးလေး အလုပ်လုပ်ရအုံးမယ်ကျောင်းတက်ရမယ် ဆိုတော့ ရှုပ်လို့နေမှာ အဲဒါကြောင့်  ဖြုတ်ထားလိုက်တာ” လို့ သူမကို ခေါ်ပြန်လာခဲ့တဲ့ မိတ်ဆွေကပြောပြပါ တယ်။

ထိုင်းနိုင်ငံဘက်ကို မိမိရဲ့ စားဝတ်နေရေး ဖြေရှင်းနိုင်ဖို့ တစ်ခုအတွက်သာ ရိုးရာ ၀တ်စုံကို ၀တ်ဆင်ခဲ့တာ ဖြစ်ပါတယ်။ ပြည်တွင်းဘက်မှာကတော့ ကျောင်းတက်နေကြတဲ့ကလေးငယ်တွေမှာ ကြေးကွင်းပတ်ပြီး ကျောင်းတက်ကြတာ သိပ်မရှိပါဘူး။

ထိုင်းမှာက အဲဒီ ၀တ်စုံနဲ့ နေရတာက မိမိ၀မ်းစာအတွက် ပင်ပန်းကြီးစွာ ရုန်းကန်ဖို့မလိုပဲ ဖြေရှင်းနိုင်လို့ပါပဲ။

ထိုင်းနိုင်ငံမှာ အဒေါ်နဲ့အတူ ရိုးရာဝတ်စုံလေးပြသပြီး နေခဲ့ရတဲ့ အချိန်လေးဟာ မိချောအတွက်အပျော်ရွှင်ဆုံး အချိန်လေးပါဘဲ။ သူမအဲဒီနေရာကနေ မခွဲနိုင်ပါဘူး။ အခုဌာနေကို ပြန်လာပြီး ကျောင်းပြန်တက်ဖို့ အတွက် သူမဆန္ဒမရှိဘူး။

ဆင်းရဲသား တိုင်းရင်းသား လူမျိုးတွေရဲ့ဘဝဟာ ပညာရေးထက် အသက်ရှင်ရပ်တည်ဖို့ အတွက် နေ့တဓူဝ ဦးစားပေး ရုန်းကန်နေကြပြီး မိမိရောက်နေတဲ့ နေရာနဲ့ ဆီလျော်မည့် လုပ်ငန်းကို လုပ်ကိုင်ကြရင်း လုပ်ငန်း အပေါ် ပျော်မွေ့သွားတတ်ကြပါတယ်ဆိုပြီး ဆရာကြီး ခူးဦးရယ်က ပြောပါတယ်။

“ပညာရေးရဲ့ တန်ဖိုးကို လှစ်လျူရှုထားသလို ဖြစ်တဲ့အတွက်ကြောင့် သူများနဲ့ မကိုက်ညီဘူးဖြစ်နေကြရတယ်။ ပညာရေးဆိုတာ လူ့အသိုင်းအဝန်းတစ်ခု တိုင်းပြည်ဖြစ်ပေါ်တိုးတက်အောင် ကြံဆောင်တဲ့ နေရာမှာ အဓိက အက္ခရာတစ်ခုကနေ တည်ရှိပါတယ်။”

ကရင်နီပြည်နယ်ရဲ့ ပညာရေးနဲ့ပတ်သက်ပြီး ကရင်နီလူမှုအဖွဲ့အစည်းဌာန KnCC ကျောင်းဖွင့်ပွဲအခန်းအနား မှာ ဆရာခူး ဦးရယ်က ပြောသွားခဲ့တာ ဖြစ်ပါတယ်။

ကလေးငယ်တွေဟာ ကျောင်းချိန်မှာ ကျောင်းမတက်နိုင်ပဲ တခြားတိုင်းတပါးရဲ့ နယ်မြေမှာ ခိုလှုံပြီးကိုယ့်ဝမ်း ရေး အတွက် ပိုပြီး အဆင်ပြေတဲ့နည်းလမ်းတွေ လုပ်ငန်းတွေနဲ့ သွားပြီး နေကြရပါတယ်။ 

ကလေးငယ်တွေ အားလုံး ပညာသင်ကြားနိုင်ဖို့အတွက် မသင်မနေရ ပညာရေး ဥပဒေပြဌါန်းထားပြီဆိုရင် ကလေးအားလုံး ကျောင်းနေအရွယ်မှာ ကျောင်းချိန်မှာ ကျောင်းမှာရှိရပါမယ်လို့  ထိုင်းနိုင်ငံ ချင်းမိုင်မြို့က ဆရာအတတ်ပညာသင်တန်း ပို့ချပေးနေတဲ့ ဒေါက်တာ သိန်းလွင်က ပြောပါတယ်။

“လုံလောက်တဲ့ မိဘဝင်ငွေမရှိဘူးဆိုရင် အစိုးရက ထောက်ပံ့ရမယ်။ ဘယ်မိဘမှ ၀န်မပိတော့ဘူးဆိုရင် ကျောင်းပို့နိုင်တယ်။ အခုက မိဘကလည်း ၀န်ပိလာတော့ အခက်တွေ့ကြတယ်။ နှစ်ဖက်လုပ်ဖို့လိုတယ်။ မိဘတွေကိုလည်း ကျောင်းပို့နိုင်အောင်လုပ်ရမယ်။”

မြန်မာနိုင်ငံ ပညာရေးအခြေအနေနဲ့ ပတ်သက်ပြီး ဒေါက်တာ သိန်းလွင်က သတင်း မီဒီယာသမားတွေနဲ့ တွေ့ဆုံ ဆွေးနွေးပွဲမှာ ပြောဆိုခဲ့တာဖြစ်ပါတယ်။

ကျောင်းပညာသင်ချိန်မှာ ကျောင်းတက်ခွင့် မရခဲ့တဲ့ ကလေးငယ်တွေဟာ ကျောင်းစာနဲ့အလှမ်းဝေးသွားတဲ့ အခါ ကျောင်းပြန်တက်ဖို့ ပညာပြန်သင်ဖို့ကို စိတ်ဝင်စားမှုနည်းသွားကြပါတယ်။

လူများနည်းအတူ ရင်ဘောင်တန်း လျှောက်လှမ်းနိုင်ဖို့ မိချောတို့လို အနာဂတ် မျိုးဆက်သစ်လေးတွေအတွက် အဓိကကျတာက ပညာရေးပါ။ ဒါပေမယ့် သူမဆီက ရင်လေးစရာ အသံပဲကြားခဲ့ရပါတယ်။

သူမက ကယန်းဘာသာ စကားနဲ့ လေးလံနေတဲ့ လေသံဖြင့် “အိမ်ရောက်ရင် ကျောင်းမတက်ဘူး။ ကလေးပဲ ထိန်းမယ်” လို့ ကျနော့်ကို ပြောပါတယ်။

ပညာဆည်းပူးခွင့်မရပဲ ဘဝအတွက် ရုန်းကန်လှုပ်ရှားရင်း သူမရဲ့ဘဝကို တခြားပြည်ပမှာပဲ ပျော်မွေ့ခဲ့ရပါပြီ။ မဲ့လင်က ကယန်းကြေးကွင်းပတ် ရိုးရာဝတ်စုံလေးနဲ့  ဘဝကို အိမ်ပြန်လမ်းမှာ သူမတစ်ယောက်တော့လွမ်းလို့ ကျန်ရစ်ခဲ့ရောပေါ့။

Most read this week