ချင်းဘာသာရေးဖခင်ကြီး Dr. David VanBik က ကမ္ဘာမှာ ချင်းလူမျိုးပျောက်ကွယ်မသွားနိုင်တော့ပါ ဟု ၁၉၉၉ ခုနှစ် ချင်းခရစ်ယာန်ရာပြည့်သဘင် ကာလတွင် အားရှိပါးရှိ ကြုံးဝါးခဲ့ဘူးသည်။
နိဒါန်း
ချင်းဘာသာရေးဖခင်ကြီး Dr. David VanBik က ကမ္ဘာမှာ ချင်းလူမျိုးပျောက်ကွယ်မသွားနိုင်တော့ပါ ဟု ၁၉၉၉ ခုနှစ် ချင်းခရစ်ယာန်ရာပြည့်သဘင်ကာလတွင် အားရှိပါးရှိ ကြုံးဝါးခဲ့ဘူးသည်။ ထိုအချိန်က ဆရာကြီးကြုံးဝါး စကားအပေါ် လူထုထံမှ စောဒက တက်သံတွေ မကြားရပါ၊ သို့သော် ဆယ်စုနှစ်တစု အလွန်တွင်မူ ဆရာကြီးကောက်ချက်အပေါ် သံသယလေသံတွေ ချင်းအရေးသုံးသပ်သူတွေထံမှ ထွက်လာသည်။
ခိုင်လုံသည့် အထောက်အထားများအရ ယနေ့ ချင်းလူမျိုးအားလုံး၏ ၆၀ ရာခိုင်နှုန်းသည် ချင်းပြည်နယ်ပြင် ပတွင် နေထိုင်ကြပြီး ၃ ပုံ ၁ ပုံခန့်သော ချင်းလူမျိးများသည် ဌာနေချင်းပြည်ကို စွန့်ခွါပြီး နိုင်ငံရပ်ခြားတွင်နေ ထိုင်ကြသည်။ (အသေးစိပ်ကိုပြန်လည်ရှင်းပြမည်)
The Guardian News အယ်ဒီတာဟောင်း Richard Zatu က နောင်အနှစ် ၂၀ လောက် (၂၀၃၀ ခုနှစ်) တွင် ချင်းပြည်နယ်အတွင်း ဌာနေချင်းလူမျိုးများထက် တခြားလူမျိုးများက ပိုမိုများလာလိမ့်မည်ဟု ဟောကိန်း ထုတ်ခဲ့သည်၊၁
ချင်းလူငယ်စာရေးဆရာ Pu LianChawn ကလည်း ၄င်း၏ ချင်းလူမျိုးများပျောက်ကွယ်သွားနိုင်သည့် ဟူသော ဆောင်းပါး တွင်ရေးသားခဲ့သည်။၂ ချင်းခေါင်းဆောင်များဖြစ်ကြသော ဒေါက်တာလျန်မှူန်ဆာခေါင်း၊ Dr. HreKio တို့ကလည်း ထိုနည်းအတူ သုံးသပ်ထားကြကြောင်း သိရသည်။၃ သူတို့သည် ပရောဖက်တွေ၊ ဗေဒင်ဆရာ တွေမဟုတ် သော်ငြား လည်း သေချာတပ်အပ်ပြောနိုင်သည်မှာ ချင်းပြည်ကို စွန့်ခွါအောင် တွန်းပို့နေသည့်ဗိုင်းရပ်စ်ပိုးသည် ချင်းလူမျိုး များအ တွင်း သန္ဒေတည်နေပြီသာ၊
ချင်းလူမျိုးပျက်သုဉ်းသွားနိုင်မည့် ရေခံမြေခံများ
(က) အမိမြေကို စွန့်ခွါခြင်း( Migration)
ချင်းပြည်နယ် ထန်တလန်မြိ့နယ်မှ အနောက်ဖက် နယ်စပ်ရှိ အိမ်ခြေ ၁၃၀၊ လူဦးရေ ၈၀၀ ခန့်ရှိကျေးရွာ တရွာကို မြင်ယောင်မိသည်၊ တမိသားစုအတွင်း နိုင်ငံခြားမသွားသည့် အိမ်ထောင်ဆုုိလို့ လက်ဆယ်ချောင်း ချိုးလို့ရသည်၊ အရွယ်ရောက်လူငယ် ၅၀၀ ခန့်အနက် ၂၀၀ ကျော်သည်နိုင်ငံရပ်ခြားသို့သွားရောက်နေ ထိုင်ကြ သည်။ ချင်းတို့ အထာ ညနေခင်း ရေခပ်ဆင်းသည့် အမျိုးသမီးများထဲတွင် မြေပြန့်ဒေသမှ တာဝန် ကျ လာသော ကျောင်းဆရာမ၊ အရံသား ဖွားဆရာမများလည်း တွေ့မြင်ရမှာဖြစ်သည်။ ဆိုလိုသည်မှာ အဆိုပါရွာတွင် ဆယ်တန်းအောင်သူ လူငယ် ၃၀ ၊ ဘွဲ့ရလူငယ် ၁၅ ဦးရှိသော်ငြားလည်း အားလုံးလိုလိုသည် ပြည်ပသို့ ထွက်ခွါသွားကြသောကြောင့်ပင်၊ ၀မ်းနည်းစ ရာတခုက အဆိုပါ ရွာတွင် သုံးနှစ်သုံးမိုးအတွင်း တက္ကသိုလ်ကျောင်းတက်နေသူ တဦးတလေမှ မထွန်းကားတော့ခြင်းပင်၊ ယခုအနေအထားသည် ချင်းပြည်နယ်အတွင်းရွာပေါင်း ၁၅၀၀ ခန့်အနက် သာမန်အဆင့်မျှသာဖြစ်သည်။၄
ပြောချင်သေးသည်၊ ဟားခါးမြို့မှ မျက်စောင်းထိုးတွင်ရှိသော အိမ်ခြေ ၅၇ ရှိ Nabual ကျေးရွာတွင် မူလတန်းကျောင်းသား ၁၃ ( ကျား ၅၊ မ ၈)ဦး သာရှိသည်၊ Nabual ဒေသခံများ၏ အနာဂါတ်အတွင် အင်မတန်ရင်လေးစရာပါ၊ တဆက်တည်း ဖလမ်းမြို့နယ်အတွင်း ရွာပေါင်း (၈) ရွာသည်တရွာလုံးပြုတ် သွား သည်ဟု ကြားသိရသည်။
ချင်းတမျိုးသားလုံးအတိုင်းအတာဖြင့် ခြုံကြည့်ပါက ချင်းလူမျိုးအားလုံးအနက် တတိယနိုင်ငံကူးပြီးသူ ၆၀၀၀၀ ကျော်၊ မလေးရှား၊ ထိုင်း၊ အိန္ဒိယ( မီဇိုရမ်ပြည်နယ်အကျုံးမဝင်) နိုင်ငံတွင် ဒုက္ခသည်အဖြစ်ခံယူထားသူ ၆၀၀၀၀ ခန့်၊၅ Quam မှ တတိယနို်င်ငံကူးပြီးသူ ရ၀၀၀ ခန့် စုစုပေါင်း ၁၃၀၀၀၀ နီးပါးရှိသည်။ လက်ရှိ ချင်းပြည်နယ်တွင် လူဦးရေပေါင်း ၅၄၀၀၀၀ အနက် ၂၀ ရာခိုင်နှုန်းသည် နိုင်ငံရပ်ခြားတွင် ရှိသည် ၆ဟု ဆိုရမည်။
နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ အစိုးရ စာရင်း( ၂၀၀၃ ) အရ ချင်းလူမျိုးများသည် စစ်ကိုင်း တိုင်းတွင် ၁၇၀၀၀၀ ခန့်၊ ရခိုင်ပြည်နယ်တွင် ၉၀၀၀၀ ခန့်၊ မကွေးတိုင်းတွင် ၁၁၀၀၀၀ ခန့် အသီးသီးနေထိုင်ကြသည်၊၇ ကျန်ပြည်နယ်နှင့် တိုင်းဒေသကြီးများတွင် စုစုပေါင်း ၃၄၀၀၀ ခန့်၈၊ရန်ကုန်မြို့ တွင် ၂၀၀၃ စာရင်းအရ ၁၁၀၀၀ ခန့်နေထိုင်ကြသည်ဟု ဖော်ပြထားသည်။ သို့သော် ယခုလက်ရှိ ပြောင်းရွေ့လာကြသော ဦးရေစာရင်းနှင့် ထည့်တွက်ပါက ၃၀၀၀၀ ခန့်ရှိမည်ဟု ခန့်မှန်းရသည်။၉ မီဇိုရမ်ပြည်နယ်တွင် လက်ရှိ ရ၀၀၀၀ ခန့်နေထိုင်လျက်ရှိကြောင်း သိရသည်။၁၀
ဖော်ပြပါစာရင်းနှင့် ပြည်ပနိုင်ငံတွင်နေထိုင်သူစာရင်း စုစုပေါင်း ၆၃၀၀၀၀ ခန့်ဖြစ်ပြီး ရာခိုင်နှုန်း ၆၀ ခန့်သည် ချင်းပြည်နယ် ပြင်ပတွင် ပျဲ့ကြဲနေထိုင်ကြသည်ဟု ဆိုရမည်။၁၁ ယခုကဲ့သို့ ပြောင်းရွေ့နေထိုင်ခြင်းနှင့် ပါတ်သက်ပြီး Thomas L. Friedman ၏ အမေရိကန်ရောက် ဗီယက်နမ်နိုင်ငံသားများအပေါ် သုံးသပ်ချက်၁၂ ကျတော်လက်ခံသည်၊ ပွင့်ပွင့်လင်းလင်းပြောရသော် အဝေးရောက်ချင်းပြည်သူများ အမိဌာနကိုပြန်လည်နိုင် မည့် အလား အလားအလွန် အားနည်းနေသည်။ အဆိုးဆုံးက ဤပြောင်းရွေ့နေထိုင်ခြင်း ဒီလှိုင်းရပ်တန့် သွားမည့်အစား ဆက်လက်ပြင်း ထန်လာမည့် အချက်ပင်ဖြစ်သည်။ ဤအတွက် ကုထုံးတွေရှိဦးတော့ အချိန်တွေယူရအုံးမည်သာ။
(ခ) စည်းလုံးညီညွတ်မှူအားနည်းခြင်း
တချို့က ပြောကြလေရဲ့၊ ငါတို့ချင်းတွေ ဘုံစာပေမရှိလို့ မစည်းလုံးနိုင်တာတဲ့၊ ကျတော့် အနေဖြင့် ထိုသို့ မမြင်ပါ၊ ကျတော်တို့ မစည်းလုံးလို့သာ ဘုံစာပေမရှိသေးတာပါ၊ မီဇိုရမ်ပြည်နယ်ကို ကြည့်မယ်၊ သူတို့မှာလည်း ဘာသာစကားကွဲ ၁၄ မျိုးခန့်ရှိတယ်၊ သို့သော် အနောက်နိုင်ငံမှသာသနာပြုဆရာတော်များ နှင့် ပူးပေါင်းပြီး ဘုံစာပေအဖြစ် Duhlian ဘာသာစကားကို စည်းလုံးညီညွတ်စွာ ရွေးချယ်နို်င်ခဲ့ကြသေးတာပဲ။
စည်းလုံးညီညွတ်မှူ အားနည်းရတဲ့ အဓိကအကြောင်းရင်းသည် ခေါင်းဆောင်ကောင်း ရှားပါးမှူ၊လမ်းပန်း ဆက်သွယ်ရေး ( ကူးလူးဆက်ဆံမှူ) ခက်ခဲမှူ နှင့် ခေတ်အဆက်ဆက် ပြင်ပမှ သွေးခွဲခံရမှူ ( သို့မဟုတ်) ကိုယ်ပိုင်ပြဌာန်းခွင့်မရရှိနိုင်ခြင်း တို့ကြောင်းဖြစ်ပါလိမ့်မည်။
မည်သို့ဆိုနေ ယနေ့ ချင်းလူမျိုးများ စည်းလုံးညီညွတ်မှူအားနည်းနေသည်ဆိုတာကိုတော့မည်သို့မျှငြင်းမရ ပေ၊ ချင်း ဆိုတဲ့ ဝေါဟာရအပေါ် အစာမကြေသူများ သို့မဟုတ် ချင်း ထက် မိမိ မျိုးနွယ်စု အခေါ်အဝေါ်ကို ပိုမိုပြီး မြတ်နိုးတွယ်တာသည့် အယူကြောင့်ပင်ဖြစ်သည်၊ ၀မ်းနည်းစရာအကောင်းဆုံးက ချင်းလူငယ်ထု အတွင်း မျိုးနွယ်စု အရေးကို ကျော်လွားပြီး ချင်းတမျိုးသားလုံးလွမ်းခြုံသော ချင်းအမျိုးသားအရေးသို့ လုံးလုံးလျားလျားဦးတည်သည့် တောင့်တင်းခိုင်မာသော အင်အား နှင့် ထိုသို့သော မျှော်လင့်ချက်ရောင်ခြည် မသန်းသေးခြင်းပင်ဖြစ်သည်။
(ဂ) လူမျိုးဂုဏ်အင်လက္ခဏာ ( Identities) တိမ်ကောပျောက်ကွယ်ခြင်း
သွားလေသူ S.P Huntington က လူမျိုးတမျိုးဟု အသိအမှတ်ပြုနိုင်ဖို့ သိသာထင်ရှားသော သူများနှင့် မတူသည့် သီးသန့် သွင်ပြင်လက္ခဏာလိုအပ်ကြောင်း အကျယ့်တဝင့် ရှင်းပြခဲ့ဘူးသည်။ အမျိုးသားအမှတ် လက္ခဏာ ဟု ဆိုရာတွင် ခိုင်မာသော နောက်ခံသမိုင်းကြောင်း၊ ယဉ်ကျေးမှု၊ ဘာသာစကားများရှိရန်လိုအပ် သည်၊၁၃ ချင်းလူမျိုးများ အနေဖြင့် လည်း အထက်ပါ အချက်များအပေါ် အခြေခံပြီးအမျိုးသားဘုံရပ်တည် ချက်ကို ရှာကြံဆန်းစစ်ဖို့ အချိန်က စကားပြောလာနေပြီ မဟုတ်လော၊
အလျဉ်းသင့်လို့ တခု ပြောလိုသည်။ ရန်ကုန်ရှိ ချင်းလုူငယ်တွေကို ခင်ဗျားကို ဗမာ မှတ်တာ လို့ ပြောယင် ပီတိဖြစ်ကြ တယ်၊ ဒါက ကောင်းသော လက္ခဏာမဟုတ်ပါ၊ မျိုးပျောက် အန္တရာယ် ခေါင်းလောင်းသံလို့ ရဲရဲပြောလိုသည်။ လူမျိုးအမှတ် လက္ခဏာကို စိတ်ထဲ၊ စာအုပ်ထဲတွင်သာ သိမ်းဆည်းမထားပဲဲ နိစ္စာဓူဝ ထင်သာမြင်သာ ထိန်းသိမ်း ဖော်ကျူးသင့်သည်။
ဤနေရာတွင် ကျတော် ဘာသာစကားအကြောင်းကို အဓိကထားပြောလိုသည်။ ပထမအကြိမ် (၂၀၁၁)ပြည် ထောင်စု လွတ်တော်အစည်းအဝေး (နေပြည်တော်)တွင် C N P နှင့် AMRDP ပါတီမှတိုင်းရင်းသားဘာသာ စကား သင်ကြား ရေးတင်သွင်းခဲ့သော်လည်း ပယ်ချခြင်းခံရတယ်၊ ဒါက တိုင်းရင်းသားလူမျိုးစုများအပေါ် လူများစုတို့၏ ရပ်တည် ချက်၊ အမြင်များကို ဖွင့်ဟခြင်း သို့မဟုတ် တပ်မတော်၏ အာဘော်သက်သက်ဟု မယူဆသင့်ပေ၊ အရှင်းဆုံး ပြောရသော် ဒီမိုကရေစီစနစ်တခုတည်း( ပြည့်ဝသောကိုယ်ပိုင်ပြဌာန်းခွင့်မပါလျှင်) ဖြင့် တိုင်းရင်းသား အခွင့်အရေးကို မည်သို့မျှ အကာအကွယ်မပေးနိုင်ကြောင်း ပြသခြင်းသာဖြစ်သည်။
တဖက်မှာ မိမိဘာသာစကား အဓွန့်ရှည် တည်တ့့ံနိုင်ရေးအတွက် အဓိ တာဝန်ရှိသူမှာ မိမိကိုယ်တိုင်ပင်ဖြစ် သည်။ဘယ်သူ ဘာပြောပြော အဓိကက ကိုယ့်ကိုယ်ကိုယ် ခံနိုင်ရည်ရှိဖို့ပဲ၊ ဖော်ပြခဲ့ပြီးသလို ကိုယ့်ကိုယ်ကိုယ် သိမ်ငယ်စိတ် သို့မဟုတ် တပါးသူ၏ ဘာသာ၊ စာပေ၊ ယဉ်ကျေးမှူကို အထင်ကြီးစိတ်တွေက ကျတော်တို့ ချင်းလူမျိုးတွေကို စိန်ခေါ်နေသည်။
ချင်းပြည်နယ် ပလက်ဝမြို့နယ်မှ လွဲပြီး ချင်းပြည်တနယ်လုံးကို ကျတော်ခြေဆန့်ခဲ့ပြီးပြီ၊ အတွေ့အကြုံအရ မြို့နယ်တိုင်း ကြော်ငြာဆိုင်းဘုတ်အားလုံးလိုလိုတွင် ချင်းဘာသာစကား( ဒေသသုံး) လုံးဝမတွေ့ရပါ၊ဤနေရာ တွင် စီးပွားရေးဆိုင်ရာ ဆိုင်းဘုတ်ကို တော့ ထားအုံး၊ ဘာသာရေးနှင့် လူမှူရေးဆိုင်းဘုတ်တွေမှာ အင်္ဂလိပ်၊ မြန်မာဘာသာစကားဖြင့် ရေး သားကြတာ ၀မ်းနည်းစရာပါပဲ၊ အမှန်ဆိုယင် ဒီစာသားတွေကို တခြားသူက တကူးတကလာဖတ်ပေးမှာလည်း မဟုတ်ပါ၊
အမှန်ဆိုယင် ကိုယ့်ပြည်နယ်၊ ကိုယ့်ဒေသအတွင်း ကိုယ့်လူမျိုး ရဲ့ သင်္ကေတက လွမ်းမိုးနိုင်ရမည်၊ ကိုယ့် အမျိုးသား ဘာသာစကားက စိုးမိုးနိုင်ရမည်၊ အချင်းချင်းဆက်ဆံရာတွင် အတတ်နိုင်ဆုံးချင်းဘာသာ စကားတခုခုဖြင့် ပြောဆိုနိုင် အောင် ကြိုးစားရပါမည်၊ ချင်းလူမျိုးမှန်လျှင် မည်သည့် ချင်းမျိုးနွယ်စု စကားဖြစ်ဖြစ် လက်ခံပြောဆိုရန် ၀န်မလေးသင့်ပေ၊ လက်ရှိ ကျတော်တို့ ပြသာနာက ကိုယ့်မျိုးနွယ်စု စကား၊ ယဉ်ကျေးမှူမဟုတ်လျှင် နားခါးတတ်တဲ့ ရောဂါပဲ၊
(ယ) အုပ်ချုပ်ရေး၊ နိုင်ငံတနိုင်ငံလူမျိုးတမျိုး ( Nation-state building) ပေါ်လစီ
လက်ရှိ ချင်းပြည်နယ်လွတ်တော်ကို ကြည့်ရအောင်–
ဘယ်လောက်မှ မကြာလိုက်ဘူး၊ ရေမရောတဲ့ ချင်းနွယ်ဖွားစစ်စစ် ဖြစ်ပါလျက်နဲ့ ပြည်ခိုင်ဖြိုးပါတီမှ လွတ်တော် ကိုယ်စား လှယ်များ အားလုံး ပုဆိုးနဲ့ တိုက်ပုံဖြင့် အစည်းအဝေးတက်နေကြပြီဗျာ၊ ဒါတင်မကပါ၊ ပြည်နယ်ဝန်ကြီးမှန်လျှင် ပုဆိုးနဲ့ တိုက်ပုံဖြင့် ရုံးတက်ရမည်တဲ့ကွာ၊
မှတ်မှတ်ယယ ပြောရအုံးမယ်၊ ဆောင်းရာသီမှာ ချမ်းလွန်းလို့ အမေက ကျောင်းစိမ်းပုဆိုးကိုဘောင်းဘီရှည်နဲ့ ချုပ်ပေးတာ အတန်းပိုင်ဆရာက လက်မခံလို့ အသေးစားဒါဏ်ထိပါလေရော့၊ ဒီ ဥပဒေက ယနေ့ အထိ အကျုံးဝင်ဆဲပါ၊ အိန္ဒိယနိုင်ငံမီဇိုရမ်ပြည်နယ်အစိုးရ အနေအထားကို ကြည့်ယင် အမျိုးသားဝတ်စုံ၊ယဉ်ကျေးမှူ၊ သင်ရိုးတွေအားလုံး ပြည်နယ်လုပ်ပိုင်ခွင့်မှာ ထားရှိတယ်၊ အမှန်စင်စစ် ဒီကိစ္စတွေဟာနိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေမှာမရှိပါ၊၂၀၀၂ ခုနှစ်အတွင်း နိုင်ငံတော်မိန့်ခွန်းတခုမှာရှေးဘိုးဘွားဘီဘင် တို့၏စည်းလုံး ညီညွတ်မှူနှင့် နိုင်ငံရေးအတွေးအခေါ်တွေကို ချီးကျုးမိပါကြောင်း တိုင်းပြည်အစိပ်စိပ်အမွာမွာ မကွဲအောင် ဥမကွဲသိုက်မပျက် ရပ်တည်နေနိုင်လာတာ ယခုဆို အနှစ် ၂၀၀၀ အထိတိုင်ခဲ့ပြီဟု ပါရှိသည်၁၄ဒီမိန့်ခွန်းမှား သည်ဟု မဆိုလိုသော်လည်း တိုင်းရင်းသားလူမျိုးတို့၏ အမြင်နှင့် မူ မိုးနှင့် မြေပမာ ကွားခြားနေသည်၊ စကားကို ဝေ့လည်ကြောင်ပတ်ပြောနေမည့်အစား မြန်မာနိုင်ငံသည် ၁၉၄၇ ပင်လုံမှစတင်ပေါက်ဖွားလာ သည်ဟု အမှန်အတိုင်းပြောရမှာပါပဲ၊
ပြသာနာအားလုံးဟာ Nation – State Building ( လူမျိုးတမျိုး၊ နိုင်ငံတနိုင်ငံ) နှင့် Multi- National State Building ( လူမျိုးပေါင်းစုံ၊ နိုင်ငံတနိုင်ငံ) ဟူသော အခြေခံသဘောထားအမြင် မတူညီမှူကြောင့်သာဖြစ်သည်။
ဌာနေကျန် ချင်းလူမျိုးများအတွက် တရုတ်က ဖိ၊ ရှမ်းက အိဆိုသလို ဖိနေသူတွေလည်း ရှိနေသည်ကိုတော့ မျက်မြင်ပါ၊ လက်ရှိ ချင်းပြည်နယ်လွတ်တော်၊ အစိုးရသစ်တွင် ပြည်နယ်အဆင့်ရာထူးသစ် (၃၂)နေရာကိုထား ရှိရာ ၄င်းအနက် ၁၀ နေရာတွင် တခြားလူမျိုးစုတွေဖြစ်နေသည်။
ထို့ကြောင့် ချင်းလူမျိုးအပါအဝင် တခြားတိုင်းရင်းသားလူနည်းစုများ မိမိအခွင့်အရေး ပြန်လည်ရရှိရေးအတွက် အာမခံချက် ပေးနိုင်သည့် ဥပဒေမျိုးကို နိုင်ငံတော်အခြေခံဥပဒေတွင် အတိအလင်း ပြဌာန်းနိုင်ရေးသည်သာ တခုတည်းသော အဖြေဖြစ် သည်။
ကာကွယ်ကုစားရေးနည်းလမ်းများဖော်ပြခဲ့ပြီးသည့်အတိုင်း လူမျိုးရေးနှင့် ပါတ်သက်ပြီး အတွင်းရောဂါနှင့် အပြင်ရောဂါဟု ရှိရာတွင် လတ်တလောအခြေ အနေအရ အတွင်းရောဂါအတွက် ကုထုံးကို ရှာကြံလိုသည်။
(က) ပြောင်းရွေ့နေထိုင်ခြင်း ရပ်တန့်သင့်ပြီ၊
မိသားစုဟု မဆိုသာသည့် ပြည်ပရောက် ချင်းအမျိုးသားများစွာရှိနေသေးသည်။ တဖက်တွင် ငွေရှိလျှင် ပြည်ပသွား ချင်သူများလည် ဒုနဲ့ဒေးပင်၊ သူတို့ကို အတင်းတားဆီးလို့တော့မရနိုင်ပါ၊ သို့သော်ယခုရောဂါ သည် လူမျိုးပပျောက် ရေးအတွက် မဟာအန္တရာယ်ကြီးဖြစ်ကြောင်းကိုမူ အားလုံးက လက်ခံဖို့ လိုလာပြီ၊ ရေစီးကြောင်းကို ရပ်တန့် အောင်မစွမ်းသာသည်တိုင်အောင် ရေစီးမသန်အောင်တော့နည်းလမ်း ရှာကြံဖို့ အချိန်တန်ပြီ၊ ဤအတွက် နက်ဖန်သည် အင်မတန်နောက်ကျသွားပြီ၊လက်ရှိချင်းပြည် နယ်တွင် လူဦးရေ ၅ သိန်းကျော်ရှိသည့်အနက် လူမျိုးခြား ၅၀၀၀၀ ခန့်ရှိမည်ဟု ခန့်မှန်းရသည်။၁၅ ထို့အပြင် တပ်ရင်း (၁၄) ခုရှိပြီး အင်အား ၁၀၀၀၀ ဟု ခန့်မှန်းကြပါစို့၊ သန်းခေါင်စာရင်းနောက်ဆုံးကောင်ခံသည့်ခုနှစ် နောက်ပိုင်း ချင်းပြည်နယ်မှ လူဦးရေ တသိန်းခန့် ပြည်ပသို့ ထွက်ခွါ သည်ဟု ခန့်မှန်းပြီး တွက်ချက်ရသော်ချင်းပြည်နယ် အတွင်း ချင်းလူမျိုးတဦးလျှင် လူမျိုးခြား တဦး၊ ချင်းအမျိုးသမီးပျို ၅ ဦးလျှင် တပ်မတော် သား တဦး အချိုးကျ နေထိုင်သည်ဟု အဖြေထွက်သည်။
(ခ) ကလေးမွေးခြင်းဖြင့် လူမျိုးကယ်တင်ရာရောက်သည်
ချင်းပြည်နယ်တွင် စားဝတ်နေရေးပြသာနာနှင့်ဆက်စပ်ပြီး လွန်ခဲ့သည့် ဆယ်စုနှစ် နှစ်စု ခန့်ကကလေးများ များ မမွေးရေး မိသားစု စီမံကိန်းကို အကောင်အထည်ဖော်ခဲ့ကြသည်။ သို့သော် ယင်းစီမံကိန်းသည် ယနေ့တွင် ချင်းလူမျိုးမျိုးပြုတ်ပ ပျောက်ရေးအတွက်သာ ဖြစ်နေတော့သည်ဟု ဆိုချင်သည်၊နိုင်ငံရေးခေတ် ရေစီးကြောင်းအရ ယနေ့ မြန်မာပြည် အုပ်ချုပ်ရေးစနစ်သည် လူထု မဲစနစ်၊ လူဦးရေအနည်းအများဖြင့် ကိုယ့်ကြမ္မာကိုယ်ဆုံးဖြတ်ရမည့် အခြေသို့ ဆိုက်ရောက် နေ ပေပြီးဖြစ်ရာ မိမိတို့ ချင်းလူမျိုးများအနေဖြင့် မဲပေးသူ များပြားခြင်းလောက် အခရာ ကျသည့် အရာ မရှိပြီ၊
လူဦးရေ တသန်းတောင်မပြည့်ပဲနဲ့ လက်ရှိပြည်နယ်အရေးကို ထိန်းသိမ်းနိုင်ရေး၊ တခြားပြည်နယ်နှင့်တိုင်း ဒေသကြီး ဆက်ဆံရေး၊ ပြည်ထောင်စုအဆင့်တွင် ပြောဆိုလုပ်ဆောင်ရေးဟာ ရေရှည်အတွက် မလွယ်ပါ၊ ရခိုင်ပြည်နယ်မြို့တော် စစ်တွေမြို့ပေါ် လူဥိးရေ ၃ သိန်းခန့်သာသာနှင့် ညီမျှသောချင်းပြည်နယ်လူဦးရေ လက်ရှိအနေအထားရဲ့ နောင်အ နာဂါတ် ဟာ မတွေးဝ့ံစရာ မှူန်ဝါးနေသည်သာ၊
(ဂ) ချင်းလူမျိုးနှင့် ဘုံစာပေ
လက်ရှိအနေအထားအရ အဟန့်အတားအမျိုးမျိုးကြောင့် မိမိတို့ ကိုယ်စီရှိကြသောဘာသာစကားအသီး သီးကို ကိုယ့် နည်းကိုယ့်ဟန်ဖြင့် ထိန်းသိမ်းကြရအုံးမှာပါ၊ တချိန်ချိန်တွင် ချင်းစာပေတခုခု ( သို့မဟုတ်) နှစ်ခု၊ သုံးခု စသဖြင့် ပေါင်းပြီး ဘုံစာပေ ထွက်ပေါ်လာနိုင်မည့် အလားအလာရှိပါသည်၊ယင်းအလာအလာ မတိုင်မှီစပ်ကြားတွင် စင်ကာပူ၊ ဆွိဇာလန် နိုင်ငံလို ဘာသာစကား လေးငါးမျိုးကိုတရားဝင်စာပေအဖြစ်သုံးနိုင် ပါသည်။
ဆိုလိုသည်မှာ ZBC က စီစဉ်ပေးသော ချိုး၊ ဖလမ်း၊ ဟားခါး၊ မတူ၊ တီးတိန်၊ မီဇို( လူရှေ) စသည့် ဘာသာ စကား ၆ ခု သင် ကြားခြင်းအစီအစဉ်ကိုလည်း အားပေးသင့်ပါသည်၊၁၆ နောက်နောင် အစိုးရကျောင်းတွင် တရားဝင် သင်ကြားခွင့် ရှိလာသည့် တချိန်တွင် မိမိမြို့နယ်အလိုက် မိမိဘာသာစကား အပြင် နှစ်သက်ရာ တခြား ချင်းစာပေတခုခု ကို အပိုဘာ သာအဖြစ် သင်ကြားသည့် အစီအစဉ်ပေါ်လာပါလိမ့်မည်၊
ဤသို့ သင်ကြားခြင်းအားဖြင့်လာမည့် နှစ်ပေါင်း ၃၀ – ၅၀ ရောက်သည့် အခါ အဖြေကောင်းတခုတော့ ရရှိလာပါလိမ့်မည်၊ နောက်တမျိုးအနေဖြင့် ချင်းပြည်သူ ထက်ဝက်ကျော်က ပြောဆိုတတ်သောချင်းဘာသာ စကားတ ခုခုထွက်ပေါ် လာနိုင် သည်၊ ၄င်းကို ဘုံစာပေအဖြစ်သတ်မှတ်လို့လည်းရသည်၊ သို့မဟုတ် တခြားဖြစ်နိုင်ခြေတခုက ရောသမမွေ သင်ကြားခြင်း အားဖြင့် ZBC စကားခေါ် ရောသမမွေ ချင်းစကား (ဘုံ) ထွက်ပေါ်လာနိုင်သည်၊ ဘယ်နည်းဘယ် ပုံထွက်ပေါ်ထွက်ပေါ် ချင်းစာပေထဲကဖြစ်လျှင်ဝမ်းမြောက်ဝမ်းသာ စွာ ကြိုဆိုလက်ခံရမှာပဲ၊
(ဃ) အမျိုးသားရေးစိတ်ဓါတ်နှင့် လူမျိုးကြီးစိတ်ဓါတ်
လူမျိုးပျောက်ကွယ်မသွားရရေး အလို့ငှာ အရင်ဆုံးပြုပြင်ရမည်မှာ မိမိစိတ်ဓါတ်ပါပဲ၊ အရင်ဆုံး အမျိုးသားရေး စိတ်ဓါတ်အ ခြေခံရှိရမည်၊ အမျိုးသားရေး စိတ်ဓါတ်အခံမရှိပဲ ချင်းပြည်နယ်အတွင်း NGO ထူထောင်ခြင်း၊ ဘာသာရေး၊ လူမှုရေးအ သင်းထူထောင်ခြင်း၊ အစိုးရတာဝန်ထမ်းဆောင်ခြင်း၊ စီးပွားရေး၊ အနုပညာ၊ စာပေ လုပ်ဆောင်ခြင်းသည် အမျိုးသားရေး အတွက် အချိန်မရွေးအန္တရာယ်ပြုနိုင်သည်။
ယနေ့ ချင်းပြည်နယ်၏ နိုင်ငံရေးသည် လူမျိုးပျောက်ကွယ်မသွားရေးအတွက်တိုက်ပွဲဆင်နွဲ့နေရသည့် ကာလဖြစ်ကြောင့် သတိချပ်သင့်သည်။အရာရာတိုင်း ချိန်ခွင်၊ ပေတံဖြင့် တိုင်းတာအပ်ပါသည်။အမျိုးသားရေး ကို ဒီမိုကရေစီ နှင့် ဖွ့ံဖြိုးတိုး တက်ရေးတို့နှင့် မလဲအလှယ်မပြုလုပ်နိုင်ပါ၊
မိမိကိုယ်ကို မိမိ ချင်းဖြစ်သည်ကို ဂုဏ်ယူရပါမည်၊ (Proud of being a Chin National) လူမျိုးခြားကို အထင်းကြီး သည့် စိတ်ဓါတ်သည် မိမိအမျိုးကို အထင်သေးသည့် သဘောသက်ရောက်သည်။လူမျိုးကြီး ပီသအောင် လူမျိုးကြီးစိတ်ဓါတ်ကို မွေးရပါမည်၊