သျှမ်းပြည်မြောက်ပိုင်း မိုင်းရယ်မြို့ မြန်မာစစ်တပ် အရာရှိတဦး၏ အသုဘအားသျှမ်းပြည်တပ်မတော် က ချုံခိုတိုက်ခိုက်ရာမိုင်းရယ်ဆေးရုံ၌ သေကြေဒဏ်ရာရသူဖြင့်ပြည့်နှက်နေကြောင်း သျှမ်းပြည် တပ်မတော် SSPP/SSA သတင်းရပ်ကွက်ကပြော သည်။
ဂျူလိုင် ၁၉ ရက် အာဇာနည်နေ့က မိုင်းရယ်မြို့အနောက်ဖက် သုသာန်သို့ မြန်မာစစ်တပ်အရာရှိတဦး၏ အလောင်းအား အသုဘချရန်သွားကြစဉ် သျှမ်းပြည်တပ်မတော် SSPP/SSA က လျှပ်တပြက်တိုက်ခိုက်သဖြင့် သေကြေဒဏ်ရာရသူ များပြားကြောင်း SSPP/SSA အရာရှိတဦးကပြောသည်။
“မိုင်းရယ်ကိုဝင်တိုက်တဲ့သတင်း မှန်ပါတယ်။ မြို့ထဲတော့ မဟုတ်ဘူး ပေါ့။ ဗမာစစ်တပ်တွေ သူတို့အရာရှိကို သင်္ဂြိုဟ်ဖို့ သင်္ချိုင်းကိုအသွားလမ်းမှာ ကျနော်တို့ဖက်ကဝင်ပြီး တိုက်တာပါ။ အသေအကျရှိတယ်။ ဒါပေမယ့် စာရင်းတော့ မသိသေးဘူး။ မွန်းလွှဲ ၁ နာရီခွဲမှာဖြစ်တယ်” ဟု ဝမ့်ဟိုင်းမှ အဆိုပါအရာရှိက သျှမ်းသံတော်ဆင့် အား ပြောသည်။
လားရှိုးစစ်တိုင်းရုံးနှင့်နီးစပ်သူတဦးကလည်း- “ မနေ့က မိုင်းရယ်ဆေးရုံမှာဒဏ်ရာရတဲ့လူပြည့်နေတယ်လို့ပြော တယ်။ သေကြေဒဏ်ရာရတော့ အတိအကျမသိရဘူး။ အသုဘအခမ်းအနားဆိုတော့သေကြေဒဏ်ရာရ တာများမှာဘဲ ” ဟု ပြော၏။
အလားတူ SSPP/SSA ဌာနချုပ် ဝမ့်ဟိုင်းနှင့် ကျိန်းလိန် မြောက်ဖက်ရှိ ဝမ့်မိတ်ရွာအနီးစခန်းချမြန်မာစစ် တပ်ကို လည်း သျှမ်းပြည်တပ်မတော်က ချုံခိုတိုက်ခိုက်သည့်ဖြစ်ရပ် ယမန်နေ့က ဖြစ်ပွါးခဲ့သေးသည်။ အဆိုပါ ချုံခိုတိုက်ခိုက်ခံရမှုကြောင့် ဝမ့်မိတ် ရွာအနီးကောင်းမူးမတ်ကျိန်တောက်ဂမူရှိ မြန်မာစစ်တပ်က (အရှေ့ တောင်ဖက်ရှိ) ကျိန်းလိန်ရွာဖက် လက်နက်ကြီးများပစ်ခတ်ရာ လယ်ထဲသို့ကျသွားပြီး ၄ လုံးမှာပေါက်ကွဲမှုမရှိ ကြောင်း အဆိုပါ အရာရှိက ဆိုပါသည်။
ဝမ့်မိတ်သည် ကျိန်းလိန်ရွာအနောက်မြောက်ဖက် ၃ မိုင်ခန့်အကွာ၊ SSPP/SSA ဌာနချုပ် ဝမ့်ဟိုင်း၏ မြောက်ဖက် ၈ မိုင် ကျော်အကွာ၊ နမ့်ကိုင်ဖိတ် လုံခြုံရေးတပ်အရှေ့တောင်ဖက်တွင်ရှိပြီး ကျိန်းလိန်သည် ဝမ့်ဟိုင်းအနောက်မြောက်ဖက် ၅ မိုင်ခန့်အကွာတွင်တည်ရှိသည်။
ယနေ့မနက် ၀၇:ဝဝ နာရီတွင်လည်း မိုင်းရယ်မြို့နယ် လွယ်ငင်းကျေးရွာအုပ်စု နားဟီးရွာတွင်ထမင်းစား နေသည့် မြန်မာ စစ်ကြောင်းတကြောင်းအား သျှမ်းပြည်တပ်မတော်မှ တပ်ဖွဲ့တဖွဲ့က M 79 ဖြင့်ပစ်ချရာ မြန်မာစစ်သား ၃ ယောက် သေ ဆုံးကြောင်း၊ မိုင်းရယ်မြို့နယ် မန်စန့်အနီးနောင်ခိုက်ရွာတွင် လည်းယနေ့ မနက်ပိုင်း ပစ်ခတ်မှုရှိကြောင်း အသေးစိတ်ကိုမူ မသိရသေးကြောင်း SSPP/SSA မှပြန်ကြားရေးတာဝန်ခံ တဦးက သျှမ်းသံတော်ဆင့်သို့ပြောပြသည်။