နယူးဒေလီ (မဇ္စျိမ) ။ ။ Hot News ဂျာနယ်နှင့် အယ်ဒီတာချုပ် ဒေါ်မမ (ခ) ဒေါ်ဟေမာအားတရားစွဲ ထားသော ရန်ကုန်ရှိ နာမည်ကြီး ပုဂ္ဂလိကဆေးရုံ SSC ခေါ် Shwe Gon Dine Specialist Centre မှ
နယူးဒေလီ (မဇ္စျိမ) ။ ။ Hot News ဂျာနယ်နှင့် အယ်ဒီတာချုပ် ဒေါ်မမ (ခ) ဒေါ်ဟေမာအားတရားစွဲ ထားသော ရန်ကုန်ရှိ နာမည်ကြီး ပုဂ္ဂလိကဆေးရုံ SSC ခေါ် Shwe Gon Dine Specialist Centre မှ တာဝန်ရှိသူများအကြား ဆွေးနွေးမှုများ ရှိခဲ့သော်လည်း အမှုကို ပြန်ရုပ်သိမ်းရန် အကြောင်းကြားခြင်းမရှိသေး ကြောင်း တရားလို SSC အမှုအတွက် လိုက်ပါဆောင်ရွက်ပေးမည့် ရှေ့နေတဦးဖြစ်သူ ရှေ့နေဦးရဲမြင့်က ပြောသည်။
“တွေ့တယ်ဆိုတာကိုတော့ သိတယ်။ ဘာတွေဆွေးနွေးတယ်ဆိုတာ ကျနော် မသိပါဘူး။ အမှုကြေအေးဖို့ကို ကျနော့်ဘက်ကို ဘာမှညွှန်ကြားမလာသေးလို့ ဒီအတိုင်းပဲ ဆက်သွားနေပါတယ်။ အမှုရုပ်သိမ်းဖို့က အကယ်၍ သူတို့တောင်းပန်တယ်ဆိုရင် ကျနော်တို့ စဉ်းစားသွားရမယ့် ကိစ္စပါ” ဟု ရှေ့နေဦးရဲမြင့်က ပြောသည်။
တရားစွဲဆိုမှုနှင့် ပတ်သက်၍ Hot News ဂျာနယ်က ဇူလိုင် ၈ ရက် သတင်းစာ ရှင်းလင်းပွဲတွင်တရားဆိုင်သွာ းမည်ဟု ပြောဆိုခဲ့ပြီး နောက်ပိုင်းတွင် သွားရောက် တွေ့ဆုံမှုမှု ဖြစ်ခဲ့ခြင်းဟု ယုံကြည်ရသည်။
SSC က ရှေ့နေ နှစ်ဦး ငှားရမ်းထးာပြီး ဦးရဲမြင့်သည် ယခုအမှုအတွက် ပြောရေးဆိုခွင့်ရှိသူ ဖြစ်သလို၊ SSC ဥပဒေအကြံပေး ပုဂ္ဂိုလ်လည်း ဖြစ်သည်။
ဗဟန်းတရားရုံးသို့ ရဲအစီရင်ခံစာ ရောက်လာပါက အမှုကြားနာမှု စတင်မည့် ရက်ကို လာမည့် သောကြာနေ့တွင် သိရမည်ဟု ဆိုသည်။
ဇွန်လ ပထမပတ်ထုတ် Hot News ဂျာနယ်တွင် ရွှေဂုံတိုင် SSC ပုဂ္ဂလိက ဆေးရုံ၏ ဝန်ဆောင်မှုနှင့် ပတ်သက်၍ သတင်းဆောင်းပါး တပုဒ် ဖော်ပြခဲ့ရာ၊ ဆောင်းပါးပါ အကြောင်းအရာ မမှန်ကန်သဖြင့် ဇွန်လ ၃ဝ ရက် နောက်ဆုံး ထားကာ တောင်းပန်ရန်နှင့် မတောင်းပန်ပါက ဥပဒေကြောင်းအရ အရေးယူသွားမည်ဟု စာတိုက်မှ
တဆင့် Hot News ထံ သတိပေးစာ ပို့ခဲ့သည်။ သို့သော် Hot News က သတင်းစာ ရှင်းလင်းပွဲလုပ်ကာအမှုဆိုင် သွားမည်ဟု ပြောဆိုခဲ့ခြင်း ဖြစ်သည်။
ထို့နောက် အသရေဖျက်မှုနှင့် ရန်ကုန်တိုင်း တရားလွှတ်တော်နှင့် ဗဟန်းမြို့နယ်၌ ဇွန် ၆ ရက်တွင် SSC က Hot News ကို တရားစွဲခဲ့သည်။ နစ်နာကြေးအဖြစ် ကျပ်သိန်းပေါင်း ၂ သောင်းရလိုကြောင်း တောင်းဆိုခဲ့သည်။
“ အဓိကကတော့ တောင်းပန်ဖို့ပေါ့။ သူတို့တောင်းပန်တာကို SSC အုပ်ချုပ်ရေးအဖွဲ့က လက်ခံတယ်ဆိုရင် ဒါက ပြီးသွားပြီပေါ့။ တရားစွဲပေမယ့် တောင်းပန်မယ်ဆိုရင် လက်ခံမယ့် အခြေအနေ ရှိပါတယ်။ နဂိုကတည်းကလည်း တောင်းပန်ဖို့ပဲ ပြောခဲ့တာကိုး၊ မတောင်းပန်လို့သာ အမှုဖြစ်ရတာကိုး” ဟု ရှေ့နေ ဦးရဲမြင့်က ဆိုသည်။
ဂျာနယ်နှင့် အမှုဖြစ်နေသော်လည်း ဆေးရုံ၏ လုပ်ငန်းများ ကျဆင်းသွားခြင်း မရှိဟု ဦးရဲမြင့်က ဆိုသည်။
Hot News ဂျာနယ်၏ ရှေ့နေ ဦးသိန်းညွန့်ကလည်း “ သူတို့တွေ တွေ့ကြပြောကြတာတော့ သိတယ်။ ဘာတွေ ဆုံးဖြတ်ချက် ချတယ်ဆိုတာတော့ မသိဘူး။ ကျနော့်ဆီက တရားရုံးက ဆင့်ခေါ်စာလည်း အခုထိတော့မရောက် လာသေးဘူး” ဟု ပြောသည်။ အမှုရင်ဆိုင်ရပါက Hot News ဘက်က ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေပါ လွတ်လပ်စွာ ရေးသားခွင့်၊ ထုတ်ဖော်ပြောဆိုခွင့်ကို ကိုင်စွဲသွားမည်ဟု ဆိုသည်။
ထို့အပြင် SSC နှင့် Hot News ပြဿနာသည် သတင်းမီဒီယာ လွတ်လပ်ခွင့်နှင့် လုပ်ငန်းရှင် သူဋ္ဌေးကြီးများ၏ ပြဿနာဟု လွှတ်တော်အမတ်လည်းဖြစ်သူ ဦးသိန်းညွန့်က ရှုမြင်သည်။
“ဒီပြဿနာဟာ အခုမှ အညှောက်ထွက်ခါစ သတင်းမီဒီယာ လွတ်လပ်ခွင့်နဲ့ နိုင်ငံတော် သူဋ္ဌေးကြီးတချို့ ဖြစ်တဲ့ပွဲလို့ ယူဆတယ်။ နိုင်ငံတော် သူဋ္ဌေးကြီးတချို့ရဲ့ လုပ်ပုံက အင်တမန်မှ သွေးလေခြောက်ခြားစရာ ကောင်းပါတယ်။ သူတို့ ဆေးရုံမှာ လူတယောက် အသက်ဆုံးရှုံးတာကို သိန်း ၁၀၀၀ သာ တောင်းပေမယ့် သူ့ကို (Hot News) သိန်း ၂ သောင်းတောင် တောင်းထားတယ်လေ’’ ဟု သူက ဆိုသည်။
နှစ်ဦးနှစ်ဖက်အကြား တွေ့ဆုံဆွေးနွေးခဲ့သည့် အကြောင်းအရာများကို သိရှိနိုင်ရန်အတွက် Hot News အယ်ဒီတာချုပ် ဒေါ်မမကို ဆက်သွယ်မရနိုင်ဘဲ ဖြစ်နေသည်။
Hot News ဂျာနယ် အယ်ဒီတာချုပ် ဒေါ်မမ ခေါ် ဒေါ်ဟေမာသည် ဒုဗိုလ်ချုပ်ကြီးဟောင်း ဦးခင်မောင်သန်း၏ သမီးဖြစ်ပြီး၊ ပေဖူးလွှာ မဂ္ဂဇင်းတွင်လည်း အမှုဆောင် အယ်ဒီတာချုပ်လည်း ဖြစ်သည်။
မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်း ဘုတ်အဖွဲ့ကလည်း ခရီးသွားလုပ်ငန်းနှင့် ပတ်သက်သည့် ဆောင်းပါးတပုဒ် Hot News တွင် ဖော်ပြခဲ့သည်ကို တောင်းပန်ရန် အစိုးရသတင်းစာများ၊ သတင်းဂျာနယ်များမှနေ၍ Hot News ကို သတိပေးစာ ထုတ်ပြန်ခဲ့သည်။ ဇွန် ၁၄ ရက်တွင်မူ တရားစွဲဆိုကြောင်း ပြောဆိုခဲ့သဖြင့် ထိုကိစ္စအတွက် ဘုတ်အဖွဲ့ထံ ရှင်းလင်းစာ ပြန်ပို့ထားခဲ့ရာ၊ ယခုအထိ ထူးခြားမှု မရှိသေးကြောင်း ဦးသိန်းညွန့်က ပြောပြသည်။
၎င်းတို့ဂျာနယ်တွင် ဖော်ပြခဲ့သော ပြင်ပဆောင်းပါးရှင် မောင်လင်းသူ (စိန်ဂျွန်း) ၏ “တိုးတက်အောင် လုပ်ဖို့လား အမြတ်ထုတ်ဖို့လား” ဆောင်းပါးမှာ ပြည်မြန်မာနှင့် ဆဲဗင်းဒေးတွင် ပါရှိသော မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်း ဘုတ်အဖွဲ့နှင့် ပတ်သက်သည့် သတင်းအချက်အလက်ကို အခြေခံကာ ရေးသားခဲ့ကြောင်း Hot News ဘက်က သတင်းစာ ရှင်းလင်းပွဲတွင် ရှင်းပြခဲ့သည်။
မြန်မာစာနယ်ဇင်း လောကတွင် လေ့လာစောင့်ကြည့်နေခဲ့သည့် ဥပဒေကြောင်းဆိုင်ရာ နောက်ထပ် အမှုအခင်းတရပ်မှာ မြန်မာတိုင်းမ်ဂျာနယ် အကြီးအကဲတဦးဖြစ်သူ သြစတြေးလျနိုင်ငံသား မစ္စတာ ရောစ့်ဒန်ကလေ၏ အမှုဖြစ်သည်။
မခိုင်ဇာလင်းအား သာမန် နာကျင်စေမှု ပြုသည်ဟူသော စွဲဆိုချက်ဖြင့် ထောင်ဒဏ်တလ ကျခံရန်ကမာရွတ်မြို့ နယ် တရားရုံးက သူ့ကို ဇွန်လ ၃ဝ ရက်နေ့တွင် စီရင်ချက်ချခဲ့သည်။
ချုပ်ရက်ဖြင့် ထောင်ဒဏ် လွတ်မြောက်ခဲ့သော မစ္စတာဒန်ကလေက အမှုမကျူးလွန်ကြောင်းအယူခံဝင်ထား သည်။ ထိုအမှု၏ တရားလို ကိုယ်ဝန်ဆောင် မခိုင်ဇာလင်းမှာ မကြာသေးခင်က မီးဖွားခဲ့သည်။