ရန်ကုန် (မဇ္စျိမ) ။ ။ အစိုးရသစ်က ပို့ကုန်အခွန် ၃ ရာခိုင်နှုန်း လျှော့ပေးခဲ့သော်လည်း ထိုထက်မက ပိုမိုလျှော့ချပေးရန်အတွက် ရန်ကုန်မြို့ရှိ ကုန်သည်ကြီး များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်း UMFCCI နှင့် နာမည်ရ စီးပွားရေး လုပ်ငန်းရှင်များက အခွန်ဦးစီးဌာနကို ပြီးခဲ့သည့် တပတ်အတွင်းတင်ပြခဲ့ ကြောင်း စုံစမ်းသိရှိရသည်။
အခွန်စနစ်ဟောင်းကြောင့် ပို့ကုန်သွင်းကုန်လုပ်ငန်းများ လုပ်သာကိုင်သာမရှိဘဲ အရှေ့တောင်အာရှနိုင်ငံများ နှင့်ပင် စျေးကွက်မယှဉ်နိုင်ခြင်းနှင့် လက်ရှိပို့ကုန်နှုန်းထား ကျဆင်းနေသဖြင့် ပို့ကုန်ထုတ်လုပ်သည့်လုပ်ငန်း အများ ရပ်နားရခြင်းကို ပြည်တွင်းအခွန်ဦးစီးဌာန တာဝန်ရှိသူများထံ တင်ပြခဲ့ခြင်း ဖြစ်သည်။
“ပို့ကုန်မှာ အခွန်ကောက်တဲ့အခါ ကုန်ကြမ်းနဲ့ ကုန်ချောကောက်တာumfcciရှိတယ်။ ဥပမာ ကျောက်စိမ်း၊ ဒါက သဘာဝ သယံဇာတပစ္စည်းလေ၊ နောင်မှာ ပြန်ထုတ်လို့ မရဘူး၊ အတုံးလိုက် ပို့တယ်။ သစ်ဆိုလည်း ကျွန်းဆိုပါ တော့၊ နိုင်ငံတကာက ကျွန်းဆိုတာ ဘာလဲ သိတယ်။ သူ့အရည်အချင်းတွေကို သိတယ်။ ကုန်ချောလုပ်လိုက်လို့ ကျွန်းကို မသိတော့တာ မဟုတ်ဘူး။ သဘာဝက ရတာတွေ ဒါမျိုးတွေကို ပိုပြီး မကောက်သင့်ဘူးလား၊ ကုန်ချောကို ပိုကောက်နေမယ်ဆိုရင် ဘယ်သူက ထုတ်ချင်တော့မှာလဲ။ အမှန်က အစိုးရက ကုန်ချောများများ ထုတ်ပြီး ပြည်ပ ပို့တာကို အားပေးရမှာ” ဟု စီးပွားရေး လုပ်ငန်းရှင်ကြီး တဦးက ပြောသည်။
သို့သော် ၎င်းတို့ ပြောဆိုအကြံပြုချက်များကို အခွန်ဌာနဘက်က နားထောင်ခဲ့ပြီး၊ မည်သည့်မှတ်ချက်နှင့် တုံ့ပြန်ချက်ကိုမျှ မပြုလုပ်ခဲ့ပေ။
မကြာသေးခင်က ပို့ကုန်အခွန်ကို ၁ဝ ရာခိုင်နှုန်းမှ ရ ရာခိုင်နှုန်းသို့ လျှော့ချလိုက်သဖြင့်ပို့ကုန်သမားများအနေ နှင့် ယခင်ထက် အနည်းငယ် အခွင့်သာမှု ရှိလာနိင်သည်ဟု ယူဆရသော်လည်း အများစုမှာ နိုင်ငံခြားငွေရှာဖွေ မှုတွင် ပိုမို အရေးပါသော ပို့ကုန်ကဏ္ဍများတွင် ယခုထက်ပို၍ ဖြေလျှော့ပေးပါက ပိုမို၍ လုပ်သာကိုင်သာ ရှိလာမည်ဟု စီးပွားရေးလုပ်ငန်း အသိုင်းအဝိုင်းအကြား သုံးသပ်နေကြသည်။
ယခင်က ပို့ကုန်ခွန် ၁ဝ ရာခိုင်နှုန်းရှိသည့်အနက် ဝင်ငွေခွန်အဖြစ် ၂ ရာခိုင်နှုန်း၊ ကုန်သွယ်ခွန်အဖြစ် ၈ရာခိုင် နှုန်း ပေးဆောင်ခဲ့ရာမှ ယခုအခါ ဝင်ငွေခွန်နှုန်း မပြောင်းလဲသော်လည်း ကုန်သွယ်ခွန်ကိုမူ ၃ ရာခိုင်နှုန်း လျှော့ချသဖြင့် ၅ ရာခိုင်နှုန်းသာ ပေးဆောင်ရမည်ဖြစ်သည်။
သို့ရာတွင် ပို့ကုန်လုပ်ငန်းရှင် အသိုင်းအဝိုင်းကမူ ထိုသို့လျှော့ပေးလိုက်ခြင်းမှာ ကနဦး ခြေလှမ်းသာဖြစ်သဖြင့် ထပ်မံလျှော့ပေါ့ရေးကို လိုလားနေခြင်း ဖြစ်သည်။
“အမှန်က တခြားနိုင်ငံတွေမှာဆိုရင် သွင်းကုန်ကိုပဲ အခွန်ကောက်တာ။ ပို့ကုန်ပိုင်းကို အခွန်လွှတ်ပေးတယ်။
ဒီမှာက ပို့ကုန်ပို့တဲ့ သူတွေကလည်း သွင်းကုန်ပြန်သွင်းတော့ ဟိုဘက်က ကုန်ကြမ်းသွင်းကုန်ပြန်သွင်းလာတဲ့ အခါ အစိုးရကို နှစ်ခါအခွန်ဆောင်ရသလို ဖြစ်နေတယ်။ ဒိတော့ ကုန်ပစ္စည်းတခုရဲ့ တန်ဖိုးက သူများနဲ့ ယှဉ်ရင် စျေးပိုများနေပြီ။ နိုင်ငံတကာမှာ ကိုယ့်အစိုးရက အခွန်နဲ့ပတ်သက်ပြီး ကောင်းကောင်းကိုင်တွယ်ပေး မယ်ဆိုရင် မျက်နှာပန်းလည်း လှတယ်။ ယှဉ်ပြီးလည်း ရောင်းနိုင်မယ်“ ဟု ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်တဦး က ဆိုသည်။
ဇွန်လဆန်းပိုင်းမှစ၍ အမေရိကန်ဒေါ်လာ ငွေလဲလှယ်နှုန်းမှာ တယူနစ်ကို ကျပ် ၈ဝဝ အောက် ထိုးကျလာခြင်း၊ ပို့ကုန်ရငွေ တန်ဖိုးမှာ တယူနစ်ကို ယခင် ကျပ် ၈၅ဝ နှင့် အထက်မှ ၈ဝဝ ဝန်းကျင်သာ ရတော့ခြင်းသည် ပို့ကုန်လုပ်ငန်းရှင်များအတွက် အခက်အခဲကြံုရပြီး ပို့ကုန်လုပ်ငန်းအများအပြား အထူးသဖြင့် ရေ၊သစ်အချော ထည်၊ အထည်ချုပ် စသည့် လုပ်ငန်းများ ရပ်နားထားရာ အလုပ်သမားများ အလုပ်အကိုင် ရရှိရေးမသေချာမှု များ ကြုံတွေ့နေရကြောင်း ရန်ကုန် စက်မှုဇုန်လုပ်ငန်းရှင်များက ပြောသည်။