သိမ်းဆည်းလိုက်သော မြေကွက် ၂၇၀၀ ဧကကို လျော်ကြေးအဖြစ် တစ်ဧကလျှင် ကျပ်ငွေ ၅၀၀၀၀ ပေးမည်ဟုဆို

သိမ်းဆည်းလိုက်သော မြေကွက် ၂၇၀၀ ဧကကို လျော်ကြေးအဖြစ် တစ်ဧကလျှင် ကျပ်ငွေ ၅၀၀၀၀ ပေးမည်ဟုဆို
by -
အေးချမ်းရှေး

ကရင်နီ (ကယား)ပြည် ဖရူဆိုမြို့နယ်တွင်း ရှိသည့် ကျေးရွာများတွင် စစ်လေ့ကျင့်ကွင်းအတွက် ဒေသခံများ၏ ခြံမြေများကို အသစ်တက်လာသော ၀န်ကြီးများမှ သိမ်းဆည်းလိုက်ပြီး လျော်ကြေးအဖြစ် တစ်ဧကကို ကျပ်ငွေ ၅၀၀၀၀ ပေးမည်ဟု ဆိုသည်။

ယခုလမှ စတင်ပြီး ဆောက်လုပ်ရန်အတွက် လောဂျာ၊ ဒေါလောခူနှင့် မာခရော်ရှေး ကျေးရွာအကြားတွင် လူထုများ၏ ခြံမြေ ဧကပေါင်း ၂၇၀၀ ဧကကို ဒေသခံလူထုများ၏သဘောထားကို မရယူဘဲသိမ်းဆည်း ခဲ့သည်။
prusolandခြံမြေများ သိမ်းဆည်းခံရသည့် ဒေသခံများကို   မြေတစ်ဧကလျင် လျော်ကြေးအဖြစ် ကျပ်ငွေ ၅၀၀၀၀ ပြန်လည်ပေးဆောင်မည်ဟု ဆိုသော်လည်း ဒေသခံဘက်မှ နစ်နာမှု ရှိသည်ဟု ဆိုသည်။

“ခါတိုင်းနှစ်တွေဆို မြေကွက် တစ်ဧကကို ကျနော်တို့ မြေပဲနဲ့ စိုက်တာ အနည်းဆုံး ဝင်ငွေက တစ်သိန်း နှစ်သိန်းလောက် ရတယ်။ အဲကြောင့် အခုလို မြေတွေကို သိမ်းဆည်းသွားတာ ကျနော်တို့အတွက်နစ်နာ ပါတယ်။ ဘာဖြစ်လဲဆိုတော့ နောက်လာမဲ့ နှစ်တွေမှာ ဆက်လုပ်ကိုင်ဖို့အတွက် မြေကွက်တွေ ရှားမယ်။ အခု သူတို့ သိမ်းတဲ့ မြေတွေဆိုလည်း ကျနော်တို့ အနီးနားက ရွာတွေ အတူတကွလုပ်ကိုင်စားသောက်နေ ကြရတာ” ဟု ဒေသခံ တဦးက ပြောပါသည်။

ဒေသခံများဘက်မှ နစ်နာမှု ရှိသည့်အတွက်ကြောင့် ရပ်ရွာလူကြီးမှ ပြည်နယ်ဝန်ကြီးထံသို့ ဒေသခံများအတွက် ငဲ့ညာစဉ်းစားပေးရန် အသနားခံစာ ပေးပို့တင်ပြသော်လည်း အထက်မှ ပြန်လည်တုန့်ပြန်မှု မရှိဟု ဆိုသည်။

ခြံမြေ သိမ်းဆည်းခံရသည့် ဒေသခံတဦးက “ဒီငါးသောင်းကို လိုချင်ရင်ယူ မလိုချင်လည်း မတတ်နိုင်ဘူး။ ငါတို့ဘက်က လိုရင်တော့ နိုင်ငံပိုင် ဧရိယာ ဖြစ်တဲ့အတွက် သိမ်းယူရမှာပဲလို့ အစိုးရက ပြောတယ်” ဟု ယခုလို ပြန်လည်ပြောပြပါသည်။

ယခု သိမ်းဆည်းလိုက်သည့် မြေကွက်များမှာ မြေပြန့် ဖြစ်ပြီး သစ်တောများ မရှိသည့် နေရာကောင်း တခု ဖြစ်သည်။

“သူတို့က လုပ်အားများ လိုရင် ဒေသခံတွေကို အသုံးပြုမယ်။ အခုလက်ရှိမှာ သူတို့က စစ်လေ့ကျင့်ကွင်းပဲ ဆောက်တယ် ဆိုပေမဲ့ နောက်ကျရင် သူတို့အတွက် အရေးကြီးတဲ့ လေယာဉ်ကွင်း၊ စစ်တပ် အဆောက်အဦး၊ လုံခြံုရေးနေရာ တပ်စခန်းတို့ ထပ်တိုးချဲ့နိုင်တယ်” ဟု ပြည်တွင်း ကယ်ဆယ်ရေး တာဝန်ခံ ခူးညေးရယ်က ပြောသည်။

သိမ်းဆည်းထားသော မြေများကို အစိုးရဘက်မှ မြေရိုင်းဟု သတ်မှတ်သော်လည်း ဒေသခံများအတွက် ဤခြံမြေနှင့်ပင် လုပ်ကိုင်စားသောက်နေရသည် ဖြစ်၍ ယခုလို သိမ်းဆည်းလိုက်သည့်အတွက်လုပ်ကိုင် စားသောက်ရန်နှင့် စားဝတ်နေရေးဘက်တွင် အခက်အခဲနှင့် တွေ့ရှိရပါသည်။

စစ်လေ့ကျင့်ကွင်း ဆောက်လုပ်ရန်အတွက် ယခုလတွင် ဆောက်လုပ်ရေး ဦးစီးဌါနမှ အင်ဂျင်နီယာ ၄ ဦးနှင့် စက်ကြီး ၆ စီး ချထားပြီး စတင်လုပ်ဆောင်နေပါသည်။

ယခုနှစ် နှစ်စပိုင်းအတွင်းတွင်လည်း ခမရ ၅၇၆ မှ ဖရူဆိုမြို့နယ်တွင်းရှိ ဒေါလော်ခူ၊ လောဂျာနှင့် မာခရော်ရှေး ကျေးရွာအနီးနားတဝိုက်မှ လေးမိုင်ပတ်လည်ရှိ ပြည်သူပိုင် ခြံမြေများကို တိုင်းတာသတ်မှတ်မှုများပြုလုပ်ခဲ့ သည်။

Most read this week