ပူးပေါင်းဆောင်ရွက်မှု ဒေါ်စု ကျေးဇူးတင်

ပူးပေါင်းဆောင်ရွက်မှု ဒေါ်စု ကျေးဇူးတင်
by -
ကိုပေါက်

နယူးဒေလီ (မဇ္စျိမ) ။      ။ ၆၄ နှစ်မြောက် အာဇာနည်နေ့ အစီအစဉ်များ အစအဆုံးချောမွေ့ စွာ ဆောင်ရွက် နိုင် ခဲ့သဖြင့် အာဏာပိုင်များကို ဒေါ်အောင်ဆန်းစုကြည်က ကျေးဇူးတင်ကြောင်း ပါတီပြောခွင့်ရ ဦးဉာဏ်ဝင်း က ပြောသည်။

အင်္ဂါနေ့နေ့လည် ၁ နာရီခန့်တွင် အာဇာနည်ဗိမာန်သို့ လူပရိသတ် ၃ ထောင်ကျော်ကို ဦးဆောင်ကာ ဒုတိယအကြိမ် သွားရောက်ဂါရဝပြုပြီးအပြန် ပါတီခေါင်းဆောင်အချို့နှင့် နေအိမ်အတွင်း ပြန်လည်တွေ့ဆုံရာ၌
 ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့ခြင်း ဖြစ်သည်။

“သက်ဆိုင်ရာ တာဝန်ရှိတဲ့သူတွေနဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က တွေ့ဆုံညှိနှိုင်းပြီးတော့ဆောင်ရွက်တဲ့ အတွက် တဖက်မှာလည်း တာဝန်ရှိတဲ့သူတွေက မိမိတာဝန်ကို ကျေပွန်စွာ ထမ်းဆောင်နိုင်သလိုအဖွဲ့ချုပ်ဘက် ကလည်း အာဇာနည်ကုန်းမှာ ငြိမ်းချမ်းစွာ သွားရောက် ဂါရဝပြုနိုင်တဲ့အတွက် နှစ်ဦးနှစ်ဖက် အကျိုးရှိတယ်။ ဒီအတွက် ကျေးဇူးတင်ကြောင်းနဲ့ ဝမ်းသာကျေနပ်ကြောင်း ပြောကြားပါတယ်” ဟုဦးဉာဏ်ဝင်း က မဇ္စျိမကို ပြောသည်။

rzn1မည်သည့်ကိစ္စမဆို လိုအပ်သော တွေ့ဆုံညှိနှိုင်းဆောင်ရွက်ခြင်းဖြင့် လုပ်ငန်းအောင်မြင်နိုင်ပြီး ယနေ့ကိစ္စမှာ နမူနာကောင်း တခုအဖြစ် ဒေါ်အောင်ဆန်းစုကြည်က မှတ်ယူသည်ဟု ဆိုသည်။

အစိုးရသစ်က အာဇာနည်နေ့ အခမ်းအနားသို့ ဗိုလ်ချုပ်အောင်ဆန်း၏ သမီးအဖြစ် ဒေါ်အောင်ဆန်းစုကြည်ကို အင်္ဂါမနက် ၈ နာရီခွဲတွင် အကြိုအပို့အစီအစဉ်ဖြင့် တက်ရောက်စေခဲ့ခြင်း ဖြစ်သည်။

နေ့လည် ၁၁ နာရီတွင် ဗဟန်းမြို့နယ် NLD ရုံးချုပ်၌ ကျင်းပသည့် အခမ်းအနားတွင် အထွေထွေ အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည် တက်ရောက်၍ အမှာစကားပြောရာ၌ အာဇာနည်ဟူသည့် အဓိပ္ပာယ်ကိုဖွင့်ဆိုရှင်းပြ ခဲ့သည်။

“အာဇာနည်ဆိုတဲ့ စကားလုံးရဲ့ အဓိပ္ပာယ်တွေ ပြောသွားတာပေါ့။ အာဇာနည်ဆိုတာ ကွယ်လွန်သွားရုံ ပြောတာ မဟုတ်ဘူး။ မြင့်မြတ်တဲ့ လုပ်ငန်း၊ မြင့်မြတ်တဲ့ စိတ်ထားနဲ့ ဆောင်ရွက်နိုင်မှုကို ဆိုလိုတာ။ အဲဒီတော့မြင့်မြတ် တဲ့ စိတ်ထားရှိတဲ့သူတွေ၊ အာဇာနည်တွေ အများကြီးရှိဖို့ လိုအပ်တယ်လို့ ပြောသွားပါတယ်” ဟု ဦးဉာဏ်ဝင်းက
 ပြန်ပြောပြသည်။

တနာရီကြာ ကျင်းပသည့် အဆိုပါ အခမ်းအနားတွင် အာဇာနည်နေ့ အထိမ်းအမှတ် နံရံကပ် စာစောင်ပြပွဲနှင့် ကဗျာရွတ်ဖတ်ပွဲများလည်း ထည့်သွင်း ကျင်းပခဲ့သည်။

ဧည့်ပရိသတ် ၄ ထောင်ခန့် တက်ရောက်ကြသည့် အဆိုပါအခမ်းအနားသို့ ရန်ကုန်မြို့ရှိ နိုင်ငံခြားသံရုံးများမှ သံအရာရှိများလည်း တက်ရောက်ကြောင်း လုံခြံုရေး တာဝန်ယူပေးခဲ့သည့် တာဝန်ခံ ကိုစိုးထွန်းက မဇ္စျိမကို ပြောသည်။

“ ရုံးခန်းထဲတင် မကတော့ဘူးလေ။ ရုံးပြင်မှာကလည်း ထောင်ကျော်ရှိနေတယ်။ ဒါ ကျနော်တို့ဘက်ခြမ်းနော်။ မျက်နှာချင်းဆိုင်ဘက် အခြမ်းမှာလည်း လူတွေက အများကြီးပဲဗျ။ ဒီအခမ်းအနားပြီးရင် အန်တီတို့ကကားနဲ့ ထွက်မှာ။ အဲဒီမှာ သတင်းထောက်တွေရော လူအုပ်ကြီးက အဲဒီဘက်ကို ပြေးလိုက်သွားမှာ။အဲလောက်ဖြစ် နေတော့ ကျနော်တို့လည်း စိုးရိမ်တာပေါ့” ဟု သူက ပြောသည်။
rzn4
အခမ်းအနား ကျင်းပနေစဉ် လူ ရဝ ကျော်ရှိ လူအုပ်တအုပ် လမ်းတလျှောက် ချီတက်လာသည်ကို တွေ့ရ၍ စိုးရိမ်မိသော်လည်း ၎င်းတို့မှာ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ တစည မှဖြစ်ပြီး နှုတ်ဆက်လက်ပြ၍ အာဇာနည်ကုန်းဘက် ချီတက်သွားတော့မှ စိတ်အေးရသည်ဟုလည်း ကိုစိုးထွန်းက ပြောသည်။

သူက ဆက်ပြီး “ကျနော်တို့ ဘယ်လောက်စိုးရိမ်ရသလဲဆိုတာ နားလည်လားဗျ။ အန်တီတို့ကား ထွက်လည်း ထွက်ရော ဟိုဘက်ဒီဘက် ကားလမ်းတွေက ပြံုဆင်းလာတော့ မနည်းကို မေတ္တာရပ်ခံရတာ။ အဲဒီတော့မှ အန်တီတို့ကား ထွက်သွားနိုင်ပြီး လူထုက ကျန်ခဲ့တာ။ အဲဒီတော့မှ ၄ ယောက်တတွဲ တန်းပြီးတော့ချီတက် ကြတာ” ဟု ဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်မှာ ပါတီလူကြီးများ၊ လွှတ်တော်ကိုယ်စားပြုကော်မတီမှ ခေါင်းဆောင်များ၊ ဝါရင့်နိုင်ငံရေး သမားကြီးများနှင့်အတူ အာဇာနည်ဗိမာန်သို့ ဒုတိယအကြိမ် သွားရောက်ဂါရဝပြုပြီး နေအိမ်သို့
 ပြန်ရောက်ခဲ့သည်။

ကျန်ရှိနေသော လူထုပရိသတ်မှာ ညနေအထိ အစီအစဉ်အတိုင်း ၄ ယောက်တတွဲ တန်းစီကာ ဝင်ရောက် အလေးပြုခဲ့ကြသည်။

“တာဝန်ရှိတဲ့သူတွေနဲ့ ပူးပေါင်းဆောင်ရွက်နေပါတယ်။ ဘာမှ အနှောင့်အယှက်၊ အတားအဆီး မရှိပါဘူး။ အာဏာပိုင်တွေက သတ်မှတ်ထားတဲ့ စည်းကမ်းအတိုင်း ရှာတာဖွေတာတော့ ရှိတာပေါ့၊ လုံခြံုရေးအရ။ အားလုံးကို ဝင်ခွင့်ပေးနေပါတယ်။ လူက ၄ ထောင်၊ ၅ ထောင် ကျော်တယ်” ဟု လုံခြံုရေးတာဝန်ကျ လူငယ်တဦးက ပြောသည်။

လူထုချီတက် အလေးပြုပွဲအား လူငယ်ကွန်ယက်အဖွဲ့ဝင်များက ပူးပေါင်းစီစဉ်ခဲ့ခြင်း ဖြစ်သည်။

မနက်ပိုင်းတွင် လာရောက်သည့် လူငယ်အချို့အား ခြောက်ထပ်ကြီး ဘုရားအနီး တာဝန်ကျ လုံခြံုရေးများက ရပ်တန့် စစ်ဆေးမှုများသာ ပြုလုပ်ခဲ့သည်။

၁၉၈၈ တွင် မြန်မာနိုင်ငံသို့ ပြန်ရောက်လာသော ဒေါ်အောင်ဆန်းစုကြည်မှာ အာဇာနည်နေ့ အခမ်းအနားသို့ တက်ရောက် ဂါရဝပြုခွင့်မှာ ၂၀၀၂ ခုနှစ်အထိ ၈ ကြိမ်သာ ရရှိခဲ့သည်။

၂ဝ၁၁ တွင် သားဖြစ်သူ ကိုထိန်လင်းနှင့်အတူ ဇူလိုင်လ ၁၂ ရက်နေ့တွင် အာဇာနည်ဗိမာန်သို့ သွားရောက် ဂါရဝပြုခွင့် ရရှိခဲ့သေးသည်။

မြစ်ကြီးနား အာဇာနည်နေ့ အခမ်းအနား

ကချင်ပြည်နယ် အုပ်ချုပ်ရေးမှူးက အာဇာနည်နေ့ အခမ်းအနား မလုပ်ရန် တားမြစ်ခဲ့သော်လည်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD က မြစ်ကြီးနားရှိ ပြည်နယ်ပါတီရုံး၌ အင်္ဂါနေ့တွင် ကျင်းပခဲ့ကြောင်းမြို့နယ်စည်းရုံး ရေးမှူး ဦးဝင်းဗိုလ်က ပြောသည်။

ပြည်နယ်အုပ်ချုပ်ရေးမှူး ဦးလဂျွန်ငန်ဆိုင်းက NLD ကချင်ပြည်နယ် ဥက္ကဋ္ဌ ဦးလှဆိုင်းနှင့် ပါတီခေါင်းဆောင် တဦးဖြစ်သူ ဦးတင်ဝေတို့ကို အင်္ဂါမနက်ပိုင်းတွင် ခေါ်ယူ တားမြစ်ခဲ့သော်လည်း နေ့လည်ပိုင်းတွင် ၆၄ နှစ် မြောက် အာဇာနည်နေ့ အခမ်းအနားကို မြို့တော်မြစ်ကြီးနား အေးစေတီကုန်းအဆင်းရှိ ပါတီရုံး၌ ကျင်းပခဲ့ခြင်း ဖြစ်သည်။

“ဒီနေ့မနက်ကတော့ ပြည်နယ် အုပ်ချုပ်ရေးမှူး ဦးလဂျွန်ငန်ဆိုင်းက ခေါ်ပြီးတော့ ပြောတယ်။ ကျနော်တို့ဆီမှာ အားလုံး စီစဉ်ထားပြီးဖြစ်လို့ မလုပ်ရင် မရဘူးဆိုပြီး လုပ်တာပဲလေ” ဟု ဦးဝင်းဗိုလ်က မဇ္စျိမကို ပြောသည်။ အခမ်းအနား ကျင်းပနေစဉ် အနှောင့်အယှက် တစုံတရာ မရှိဟု ဆိုသည်။

အခမ်းအနားသို့ ကချင်ပြည်နယ် မိုးညှင်း၊ မိုးကောင်း၊ တနိုင်း၊ ဝိုင်းမော်၊ ဖားကန့်နှင့် မြစ်ကြီးနားမြို့မှ ပါတီဝင် ၈၄ ဦး တက်ရောက်ခဲ့သည်။ ၎င်းတို့က နိုင်ငံရေး အကျဉ်းသားများ ပြန်လွှတ်ရန်၊ တိုင်းရင်းသားများနှင့် အပစ်အခတ် ရပ်စဲရန် အစိုးရသစ်ကို တောင်းဆိုကာ၊ မြစ်ဆုံရေကာတာ စီမံကိန်းကို ကန့်ကွက်ခဲ့သည်။

အဆိုပါ တောင်းဆိုချက်ပါ ကြေညာချက်ကို သမ္မတ ဦးသိန်းစိန်ထံ ပေးပို့သွားမည်ဟု ဆိုသည်။

ရွှေဘို အခမ်းအနား

စစ်ကိုင်းတိုင်း ရွှေဘိုမြို့တွင်လည်း အာဏာပိုင်များ တားမြစ်သည့်ကြားက အာဇာနည်နေ့ အခမ်းအနားကျင်းပ ခဲ့သည်။ ဇူလိုင် ၁၇ ရက်တွင် ပါတီဥက္ကဋ္ဌ ဦးတင်ဝင်းနှင့် တွဲဘက်အတွင်းရေးမှူး ကိုအောင်မျိုးတို့အား ခေါ်ယူ တွေ့ဆုံ တားမြစ်ခဲ့သေးသည်ဟု ဦးတင်ဝင်းက မဇ္စျိမကို ပြောသည်။

“နှစ်စဉ်လုပ်နေကျမို့ ကျနော်တို့ အေးအေးချမ်းချမ်း လုပ်မယ်ဆိုတာ သိပါတယ်တဲ့။ သို့သော် အဖျက် အမှောက်တွေ ပေါနေတဲ့အတွက် မလုပ်ဘဲနေရင် ကောင်းမယ်ပေါ့။ ကျနော်တို့က ဖိတ်ထားပြီး ဖြစ်တဲ့အတွက် စီစဉ်ထားတဲ့ အတိုင်း ကျင်းပသွားမှာလို့ ဆွေးနွေးပြီး လုပ်ကြတာပါ” ဟု သူက ပြောသည်။

ပါတီဝင် ၅ဝ ခန့် တက်ရောက်သည့် အခမ်းအနားသို့ လွတ်လပ်ရေးမော်ကွန်းဝင် အသက် ၉ဝ အရွယ် ဦးသန်းညွန့် လာရောက် ဟောပြောခဲ့သည်။

အခမ်းအနား ကျင်းပသည့် ပါတီရုံးအနီးတွင် ရဲများနှင့် အရပ်ဝတ် လုံခြံုရေးများ စောင့်ကြပ်ခဲ့သော်လည်း အနှောင့်အယှက် မရှိခဲ့ပေ။

အခြားသော ပြည်နယ်နှင့် တိုင်းများတွင်လည်း ၆၄ နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် ဆွမ်းကျွေးနှင့် အခမ်းအနားများ ကျင်းပခဲ့ကြရာ စစ်ကိုင်း၊ မတ္တရာ၊ ရေနံချောင်း၊ ရေတာရှည်၊ ကော့သောင်းမြို့များလည်း ပါရှိသည်။