ဖမ်းဆီး မှောင်ခိုသစ်များကို မြန်မာ ရေတပ်မှ မှောင်ခို သမားများသို့ ပြန်ရောင်းချ

ဖမ်းဆီး မှောင်ခိုသစ်များကို မြန်မာ ရေတပ်မှ မှောင်ခို သမားများသို့ ပြန်ရောင်းချ
by -
ခိုင်သိန်း

ရခိုင်ပြည်နယ် ကျောက်ဖြူ အခြေစိုက် သစ်ပုတ်တောင် ရေတပ်စခန်းမှ များမကြာမှီက ဖမ်းဆီး ရမိသော မှောင်ခို သစ်များကို ရေတပ် အကြီးအကဲများက ၎င်းတို့၏ ကိုယ်ကျိုးအတွက် မှောင်ခို သမာများသို့ ပြန်လည် ရောင်းချ လိုက်သည်ဟု သတင်းရရှိသည်။

မြန်မာမှ သစ်လုပ်ငန်း လုပ်ကိုင်နေသူ တစ်ဦးက ယခုကဲ့သို့ ပြောသည်။

MyanmarNavy300" ဒီလ ၉ရက်နေ့က အမ်းကနေ မလေးရှားကို သစ်မှောင်ခို ပို့တဲ့ စက်လှေ သုံးစီးကို ရေတပ် သင်္ဘော တစ်စီးက ဖမ်းပြီး သစ်တွေကို သစ်ပုတ်တောင် ရေတပ်မှာ သိမ်းယူထားလိုက်ပါတယ်။ အဲဒီသိမ်းထားတဲ့ မှောင်ခို သစ်တွေကို ရေတပ် အရာရှိတွေက ဘင်္ဂလာဒေ့ချ်ကို သစ်မှောင်ခို ထုတ်တဲ့ သူတွေကို ရောင်းချ လိုက်ပါတယ် "ဟု သူက ပြောသည်။

ဇူလိုင်လ ၉ ရက်နေ့က အမ်းမြို့နယ် ဒလက်တောင်စခန်းမှ သစ်တန်ချိန် ၂၅၀ တင်ဆောင်လာသော သစ်ဘုတ် (၃) စီးကို မလေးရှားသို့အသွား မာန်အောင်မြို့နယ် ဘီးကန် မီးပြနှင့် ၁၅ မိုင်အကွာ ရခိုင် ပင်လယ်ပြင်တွင် ရန်ကုန်မှ ရခိုင်ကမ်းရိုးတန်းသို့ ကင်းလှည့်လာသော အမှတ် ရ၇၁ ရေတပ်သင်္ဘောမှ ဖမ်းဆီးခဲ့သည်။ဖမ်းဆီး ပြီးနောက် အဆိုပါ သစ်များကို သစ်ပုတ်တောင် ရေတပ်စခန်းတွင် သိမ်းဆည်းထားခဲ့ကြောင်းသိရ သည်။

"အဲဒီ သစ်တွေကို သစ်ပုတ်တောင် ရေတပ်စခန်းကနေပြီးတော့ ကာလပေါက်စျေး သစ်တတန်ကို မြန်မာ ကျပ်ငွေ ၅ သိန်းနဲ့ ဘင်္ဂလာဒေ့ချ် ကို မှောင်ခို တင်ပို့နေတဲ့ သစ်ကုန်သည်တွေကို ရောင်းချ လိုက်ပါတယ်။ သစ်တန်ချိန်က ၂၅၀ ဖြစ်ဆိုတော့ သိန်းပေါင်း ရ၅၀ ခန့် ရရှိသွား ပါတယ်" သူကပြောသည်။

ထိုကဲ့သို့ သစ်များကို ရောင်းချလိုက်သဖြင့် ရရှိလာသောငွေများမှာ နိုင်ငံတော်အတွက် မဟုတ်ဘဲ ရေတပ် အရာရှိကြီးများ၏ ကိုယ်ကျိုးအတွက် ဖြစ်ကြောင်း သူက ပြောသည်။

ယခု ဖမ်းဆီးရမိသော သစ်အမျိုးအစားများမှာ ကျွန်းသစ်၊ စကားဝါနှင့် ကညင်တို့ ဖြစ်သည်။ ဖမ်းဆီး ခံရသော သစ်ဘုတ် သုံးစီးမှာ မွန်ပြည်နယ် ကျိုက္ခမီ နှင့် မော်လမြိုင်မှ ဖြစ်ကာ သစ်အငှားတင်ပြီး ရခိုင်မှ မလေရှားသို့ သွားနေစဉ် ဖမ်းဆီး ခံရခြင်း ဖြစ်သည်။

ယခုအခါ ဖမ်းဆီးထားသော စက်လှေ သုံးစီးကို သစ်ပုတ်တောင် ရေတပ်စခန်းတွင် သိမ်းဆည်း ထားပြီးစက် လှေ ပေါ်တွင် ပါလာသူ ၃၆ ယောက်ကို ရေတပ်စခန်းမှ ထိန်းသိမ်းထားခဲ့သည်။ ယခုအခါ သူတို့အားလုံး ကို ခရီးစရိတ် ကျပ်ငွေ ၅သိန်းပေးကာ မွန်ပြည်နယ်သို့ ပြန်လွှတ်လိုက်ကြောင်း သိရသည်။