နယူးဒေလီ (မဇ္စျိမ) ။ ။ စီးပွားရေး လုပ်ငန်းရှင် ဦးတေဇပိုင် ရဟတ်ယာဉ် ပျက်ကျခဲ့သော ကချင် ပြည်နယ် ပူတာအိုမြို့နယ် ဖုန်ကန်ရာဇီတောင်ပေါ်သို့ တက်ရောက်ခွင့်ကို အာဏာပိုင်များက ကန့်သတ် ထားဆဲ ဖြစ်သည်ဟု ဒေသခံများကပြောသည်။
ပူတာအိုမြို့နယ်ကောင်စီ၏ မတ်လ ရ ရက်နေ့ထုတ် အမိန့်ကို ဌာနဆိုင်ရာများနှင့် ဘုရားရှိခိုးကျောင်းများ၌ ဖတ်ပြခဲ့ပြီး၊ ဖုန်ကန်ရာဇီ တောင်ခြေရှိ ခါးလမ်ကျေးရွာတွင် ‘တောင်ပေါ်မတက်ရ၊ ကန့်သတ်နယ်မြေ’ ဟု ဆိုင်းဘုတ်ထောင်ထားသည်။
တောင်ပေါ်တက်ပါက ထိရောက်စွာ အရေးယူမည်ဖြစ်ပြီး၊ ကယ်ဆယ်ရေး ပစ္စည်းများ တွေ့ရှိလျှင် ထိုက်တန်စွာ ဆုချမည်ဟု အမိန့်တွင် ပါရှိသေးသည်။
ဖေဖော်ဝါရီ ၂၂ ရက်တွင် ရေခဲပြင်ပေါ် အဆင်း ရဟတ်ယာဉ် ကျွံကျခဲ့ပြီးနောက် ရေခဲတောင် လေ့လာရေး ခရီး သွားရောက်ခဲ့သော ဦးတေဇတို့ အဖွဲ့ကို ကယ်ဆယ်ရေး ရဟတ်ယာဉ်က ဝေဟင်မှ ပစ်ချပေးခဲ့သည့် ရိက္ခာထုပ် များနှင့် ဆက်သွယ်ရေး ဂြိုဟ်တုဖုန်းများမှာ ယနေ့ထိတိုင် ရှာမတွေ့သေးသလို၊ ရဟတ်ယာဉ်ကိုလည်း ပြန်မသယ်ရသေးဘဲ ဖြစ်နေသည်။
“အတိအကျတော့ ဘယ်နှထုပ်လဲဆိုတာ မသိကြဘူး။ အဲဒီမှာ အစားအသောက်တွေ၊ အဝတ်အစားတွေ၊ ဆေးဝါးတွေနဲ့ ဂြိုလ်တုဖုန်းတွေ ပါတယ်လို့ ပြောကြတယ်။ အဲဒါတွေ ကောက်ရကြရင် ပြင်ပနဲ့ဆက်သွယ်ကြ မှာကို သူတို့က မလိုလားဘူးပေါ့။ အဲဒါကြောင့် ဒီတောင်ပေါ်ကို ဘယ်သူမှ မတက်ရဘူးလို့ အမိန့်ချထားတာ” ဟု ပူတာအိုမှ ဘာသာရေးခေါင်းဆောင် တဦးက မဇ္စျိမကို ပြောပြသည်။
အစိုးရ၏ လက်ရင်းလူယုံ လုပ်ငန်းရှင်တဦး ဖြစ်သော ဦးတေဇသည် ရေခဲတောင်တက်ရန် လမ်းကြောင်း သွားကြည့်ခဲ့ရာ ပူတာအိုမှ ထွက်ခွာလာခဲ့ပြီး ဖုန်ကန်ရာဇီ ရေခဲတောင်ပေါ်အဆင်း ရဟတ်ယာဉ်မှာ ကျွံကျခဲ့ခြင်း ဖြစ်သည်။ သူအပါအဝင် လူ ၆ ဦးမှာ တောင်ပေါ်တွင် ၃ ရက်ကြာ သောင်တင်နေခဲ့ပြီး ပူတာအို စစ်ဗျူဟာနှင့် မိတ္ထိလာ လေတပ်က ကယ်ဆယ်ရေး လုပ်ငန်းများအတွက် လုပ်ဆောင်ခဲ့ကာ၊ ထိုင်းနိုင်ငံမှ ငှားရမ်းသော ရဟတ်ယာဉ်ဖြင့် ကြိုးချ၍ ကယ်ဆယ်ခဲ့သည်။
မိုးသည်းထန်စွာ ရွာသွန်း၍ လမ်းပြိုမှုများ ရှိနေကာ၊ နှင်းထုမှာလည်း ပိုမိုသိပ်သည်းစွာ ကျနေသဖြင့် အဆိုပါ ရဟတ်ယာဉ်နှင့် ကယ်ဆယ်ရေးအထုပ်များအား ပြန်လည်ရှာဖွေရန် ခက်ခဲနေဆဲဖြစ်သည်။
အမြင့်ပေ ၁၂ဝဝဝ ခန့်ရှိ ဖုန်ကန်ရာဇီ တောင်အနီးရှိ ဒါကူရှီဇား၊ မာမူးလဲ့၊ ဖန်ခိုင်၊ မန်ဇယ်၊ လူမူဒမ်း၊ အောက်ရှန် ဂေါင်၊ အထက်ရှန်ဂေါင်၊ ဝဟန်ဒမ်း၊ ဇီယာဒမ်း၊ ခါးလမ် စသည့် ရွာများမှာ တောင်ယာလုပ်ငန်း အနည်းငယ် လုပ်ကိုင်ပြီး၊ အဓိက ဝင်ငွေအတွက် ဤတောင်ကို အမှီပြုကာ ရပ်တည်နေကြသည်။
“အဲဒီဘက်က ဝါးတွေက ထူးခြားတယ်။ အဲဒီဝါးတွေနဲ့ လက်ဖက်ရည်ကြမ်းသောက်တဲ့ ခွက်တွေ လုပ်တယ်။ မချိဥတို့၊ ခန်းတောက်မြစ်တို့၊ ဆေးမြစ်၊ ဆေးဥတွေ ယူလို့မရတော့ဘူး။ တချို့ကျ အမဲလိုက်တာတွေ ရှိတယ်လေ။ အဲဒါတွေ လုပ်လို့မရတော့ ခက်ခဲကုန်တာပေါ့” ဟု ရဝမ်လူမျိုး ဒေသခံက မဇ္စျိမကို ပြောသည်။
ထူးကုမ္ပဏီမှ ရေခဲလျှောစီးလုပ်ငန်းအတွက် လေ့လာပြင်ဆင်နေပြီး၊ ဤလုပ်ငန်းအတွက် တာဝန်ယူထားသည့် လုံခြံုရေးများက တောင်ခြေတဝိုက် စောင့်ကြပ်နေကြသည်။
“အဓိကက ဒေသခံ ကျေးရွာအုပ်ချုပ်ရေးမှူးတွေကို တောင်ပေါ်ကို ဘယ်သူတက်တယ်ဆိုတာ ကြည့်ထားခိုင်း တာပေါ့။ လမ်းဖောက်တာကတော့ တောင်ပေါ်ထိ မရောက်သေးဘူး။ တောင်ခြေထိတော့ ရောက်နေပြီ” ဟု ဒေသခံက ဆိုသည်။