ပူပြင်းရာသီ အယ်လ်နီညို တကျော့ပြန်လာနိုင်

ပူပြင်းရာသီ အယ်လ်နီညို တကျော့ပြန်လာနိုင်
by -
ထွန်းထွန်း

နယူးဒေလီ (မဇ္စျိမ) ။       ။ မြန်မာပြည်တွင် ၂ဝ၁ဝ ခုနှစ်အတွင်း ပူပြင်းခြောက်သွေ့ကာရေခန်းခြောက် မှုများ ဖြစ်ပေါ်စေခဲ့သည့် အယ်လ်နီညို ရာသီဥတု လာမည့်သြဂုတ်လအတွင်း တကျော့ပြန်လာရန် ၅ဝ ရာခိုင်နှုန်းကျော် ရှိနေကြောင်း မိုး/ဇလ ပညာရှင် ဒေါက်တာထွန်းလွင်က ပြောသည်။

အယ်လ်နီညို ရာသီဥတု စောင့်ကြည့်ရေး ကမ္ဘာ့မိုးလေဝသ တိုင်းတာရေးစခန်း ၂၅ ခု တိုင်းထွာချက်များအရ  မြန်မာပြည်အတွက် ကြိုတင်ခန့်မှန်းကာ သြဂုတ်လတွင် အယ်လ်နီညိုရာသီဥတု ဖြစ်ပေါ်ရန် ၅ဝရာခိုင်နှုန်း ကျော်နှင့် နိုဝင်ဘာလတွင်မူ ရဝ ရာခိုင်နှုန်းအထိပင် ရှိလာနိုင်သည်။ သို့သော်မည်မျှအတိုင်း အတာအထိ အားကောင်းခြင်း ရှိမရှိအပေါ် မူတည်သည်ဟု ဒေါက်တာထွန်းလွင်က ဆိုသည်။

“အယ်လ်နီညိုက အားကောင်းတဲ့ အယ်လ်နီညိုဖြစ်မှ သူ့ရဲ့ဂယက်က ကျနော်တို့ဆီကို ရောက်တယ်။ ဘာလို့လဲဆိုတော့ သူဖြစ်ပေါ်ရာဒေသက အဝေးကြီးကိုဗျ။ အယ်လ်နီညိုရဲ့ ဖြစ်ပေါ်ရာကတောင်အမေရိ ကတိုက် အနောက်ဘက်ဒေသက ပီရူးအီကွေဒေါဗျ။ မြန်မာပြည်နဲ့ အဝေးကြီးပဲ။ အားကောင်းတဲ့ အယ်လ်နီညိုမှ ကျနော်တို့ဘက်ကို အကျိုးသက်ရောက်မှု ရှိပါတယ်” ဟု သူက မဇ္စျိမကို ပြောသည်။

အယ်လ်နီညို ရာသီဥတုမှာ မုတ်သုန်မိုးနည်းခြင်း၊ သာမန်ထက် အပူချိန်လွန်ကဲခြင်း၊ ရေခန်းခြောက်ခြင်းများ
 ဖြစ်ပေါ်နိုင်သည်။ လာနီညာရာသီဥတုဖြစ်သည့် မိုးများခြင်း၊ ရေကြီးခြင်း၊ မြေပြိုခြင်း၊ မုန်တိုင်းများဝင်ရောက် ခြင်းနှင့်  ဆန့်ကျင်ဘက်ဖြစ်သည်။

အယ်လ်နီညိုရာသီဥတု ဖြစ်ပေါ်မှုကို ပင်လယ်ပြင် ရေမျက်နှာပြင်ပေါ်ရှိ အပူချိန်မှတဆင့်တိုင်းတာတွက်ချက်ရ ကာ ပုံမှန်ထက် ဝ.၅ ဒီဂရီစင်တီဂရိတ် ပိုပါက အယ်လ်နီညို ဖြစ်ပေါ်လာနိုင်ပြီး ဝ.၉ ဆိုပါက အားကောင်းသည့် အဆင့်သို့
 ရောက်ရှိနိုင်သည်။

“မုတ်သုန်မှာ အများကြီး ထိခိုက်တတ်ပါတယ်။ မုတ်သုန်မိုးတွေကို သေချာပေါက်လျော့နည်းသွားစေတဲ့ အတွက် မုတ်သုန်အား မကောင်းဘူးဆိုရင် ကျနော်တို့ တပြည်လုံး ထိခိုက်တာပါပဲ။ မြန်မာပြည်အလယ်ပိုင်း မှာ ပိုထိခိုက်နိုင်တယ် လို့တော့ ကျနော် မပြောလိုဘူးပေါ့၊ အားလုံးပါပဲ။ မြန်မာပြည်အလယ်ပိုင်းဆိုတာက တော့ နည်းနည်းလေး မိုးလျော့လာရင်ကို ပြဿနာတက်တဲ့ ဒေသပဲ။ အဲဒီတော့ အဲဒီဒေသတွေမှာ ပိုပြီးတော့ ထိခိုက်နိုင်တယ်လို့ ခင်ဗျားပြောချင်ရင်လည်း ပြောလို့ရတာပေါ့” ဟု ဒေါက်တာထွန်းလွင်က ပြောသည်။

မြန်မာနိုင်ငံတွင် လာနီညာ၊ အယ်လ်နီညိုကဲ့သို့သော ပြင်းထန်သည့်ရာသီဥတု သက်ရောက်မှုများမှာ ၁၉၇၈ ခုနှစ်နောက်ပိုင်း ပိုဖြစ်လာသည်ဟုလည်း သူက ဆိုသည်။

၂ဝဝ၈ ခုနှစ် မေလဆန်း၌ တိုက်ခတ်ခဲ့သည့် နာဂစ်မုန်တိုင်းကြောင့် သစ်ပင်ပေါင်း သိန်းနဲ့ချီပြုန်းတီးခဲ့ပြီး နောက်ပိုင်း သဘာဝပတ်ဝန်းကျင် ပြောင်းလဲမှု ပိုမိုဖြစ်ပေါ်လာက ၂ဝ၁ဝ ခုနှစ်များတွင်ပူပြင်းခြောက်သွေ့သည့် အယ်လ်နီညိုဒဏ်ကို ဆိုးဝါးစွာ ခံစားခဲ့ရသည်။

အယ်လ်နီညိုရာသီဥတု ဖြစ်တည်မှု သက်တမ်းမှာ ၁ နှစ်ခန့်ဖြစ်ပြီး၊ မြန်မာပြည်တွင် ဖြစ်ပေါ်ပါကလည်း လူသေဆုံးမှုထိ  ဖြစ်လာနိုင်သော်လည်း သက်ဆိုင်ရာ အစိုးရဌာနများအနေဖြင့် ကြိုတင်ပြင်ဆင်မှုများ လုပ်ထားသင့်ကြောင်း မိုး/ဇလ ပညာရှင်က ရှုမြင်သည်။

“မြန်မာပြည် အတိုင်းအတာနဲ့တော့ လူတွေဘာတွေ မသေနိုင်လောက်ပါဘူး။ စိုက်ပျိုးရေးဆိုရင် စိုက်ပျိုးရေးပေါ့၊ ကျန်းမာရေးဆိုရင်လည်း ကျန်းမာရေးပေါ့ အသိပေးကြမှာပါ။ ဖြစ်လာမယ်ဆိုရင်လည်း သောက်သုံးရေ ပြဿနာတို့၊ ကျန်းမာရေးပြဿနာတို့ ဒါတွေကတော့ ကြိုတင်ပြင်ဆင်မှုလုပ်ရမှာပေါ့။ ကျနော်တို့ မိုးလေဝသဌာနကတော့ ဒါပဲပြောနိုင်ပါတယ်” ဟု ဒေါက်တာထွန်းလွင်က ဆိုသည်။

၂ဝ၁ဝ ခုနှစ်တွင် အယ်လ်နီညိုကြောင့် မွန်၊ ရခိုင်နှင့် ရှမ်းပြည်နယ်၊ ရန်ကုန်၊ ပဲခူး၊ ဧရာဝတီ၊ စစ်ကိုင်း၊ မန္တလေး၊ မကွေးနှင့် စစ်ကိုင်းတိုင်းတို့တွင် စံချိန်တင် ရေခန်းခြောက်မှု ဖြစ်ပေါ်ခဲ့သည်။ စစ်ကိုင်းတိုင်း မြင်းမူတွင် ၄၇ ဒီဂရီစင်တီဂရိတ်၊ မန္တလေးတိုင်း မြင်းခြံတွင် ၄၆.၅၊ မုံရွာနှင့် မကွေးတွင် ၄၅ နှင့် ညောင်ဦးတွင် ၄၄.၈ အထိပင် ရှိခဲ့သည်။

အပူချိန်မြင့့်တက်မှုကြောင့် ဖျားနာ၊ မူးဝေမှုများဖြစ်ပြီး မကွေးတိုင်း တောင်တွင်းကြီးမြို့ ဆေးရုံ၌တက်ရောက် ကုသခဲ့သူ ရ ဦး သေဆုံးခဲ့ပြီး၊ မန္တလေးတိုင်း ညောင်ဦးမြို့တွင် လူနာ ၁၄ ဦး ကုသမှု ခံယူနေကြောင်း ၂ဝ၁ဝ မေလ ၁၄ ရက်ထုတ် အစိုးရသတင်းစာများတွင် ဖော်ပြခဲ့သည်။

အလယ်ပိုင်းဒေသ မြင်းမူ၊ မြင်းခြံ၊ မုံရွာ၊ မကွေး၊ မန္တလေး၊ မိတ္ထီလာ၊ ရန်ကုန် (ကမ္ဘာအေး)၊ ကော့သောင်း၊ မိုးကုတ်၊ သိမ်ဇရပ်၊ မင်းဘူး၊ နေပြည်တော် (ရေဆင်း)၊ ပြင်ဦးလွင်၊ နေပြည်တော် (ပျဉ်းမနား)၊ ရမည်းသင်း၊ ခရမ်း စသည့်မြို့များတွင် ၂၁ ကြိမ်တိတိ စံချိန်တင် အပူလွန်ကဲမှုများဖြစ်ခဲ့ကြောင်း ပြည်တွင်းထုတ် Weekly Eleven ဂျာနယ်တွင်လည်း ဖော်ပြခဲ့သည်။