ချင်းမိုင်(မဇ္စျိမ) ။ ။ စစ်အစိုးရနှင့်ကချင် လွတ်မြောက်ရေး KIO အဖွဲ့အကြား အပစ်အခတ် ရပ်ဆိုင်းရေးနှင့် ပတ်သက်၍ ကချင်ပြည်သူလူ ထုထံ သဘောထားများ တောင်းခံသည့် ဆွေးနွေး မှုကို အင်္ဂါနေ့က ဗဟိုဌာနချုပ် လိုင်ဇာမြို့တွင် ကျင်းပခဲ့သည်။
KIO ဥက္ကဋ္ဌ ဦးဇောင်းဟရားနှင့် ထိပ်ပိုင်းခေါင်းဆောင်များ တက်ရောက်ကြပြီး အစိုးရဘက်မှ ကိုယ်စားလှယ်များ တင်ပြချက်များနှင့် နှစ်ဖက် တိုက်ပွဲဖြစ်ပွားမှု အခြေအနေများကို နံနက်ပိုင်းက စစ်ဦးစီးချုပ် ဗိုလ်ချုပ် ဂွမ်ထန် ဂမ်ရှောင်က ရှင်းပြခဲ့ကာ ညနေပိုင်းတွင် တက်ရောက်လာသူများ၏ သဘောထားများ တင်ပြခဲ့ကြသည်။
“အဓိကတော့ အစိုးရနဲ့ တိုက်ပွဲဖြစ်နေတဲ့ ဖြစ်ရပ်မှန်ကို ပြည်သူလူထု သိရအောင် ရည်ရွယ်တာဘဲ။ ပြီးရင် ပြည်သူလူထုရဲ့ သဘောထားအမြင်တွေကို နားထောင်တယ်။ သူတို့ဘက်က သဘောထားတွေ ယူပြီး KIO ရဲ့ လုပ်ငန်းစဉ်တွေမှာ အကျိုးရှိရှိ အသုံးပြုဖို့ ဖြစ်တယ်” ဟု ပြောသည်။
ရန်ကုန်၊ မန္တလေး၊ မေမြို့၊ မိုးညှင်း၊ မိုးကောင်း၊ မြစ်ကြီးနား၊ ဗန်းမော်၊ ရှမ်းပြည်နယ် မူဆယ်၊ လားရှိုး၊ ကွတ်ခိုင်၊ နမ့်ဖတ်ကာ စသည့်မြို့များမှ ကိုယ်စားလှယ်များ၊ မြစ်ကြီးနားမြို့ ခရစ်ယာန်ဂိုဏ်းပါင်းစုံ MCC မှ ဘာသာရေး ခေါင်းဆောင်များ၊ ကချင်အတိုင်ပင်ခံ ကောင်စီ အဖွဲ့ဝင်များ၊ တရုတ်နိုင်ငံ ယူနန်ပြည်နယ်မှ ကိုယ်စားလှယ်များ အပါအဝင် စုစုပေါင်း ၁၃၀ ခန့် တက်ရောက်ခဲ့သည်။
ယနေ့ ပထမနေ့ လူထုဆွေးနွေးပွဲကို နံနက် ၈ နာရီမှ ညနေ ၄ နာရီထိ ပြုလုပ်ကျင်းပခဲ့ပြီး မနက်ဖြန်တွင် လည်း ဆက်လက် ဆွေးနွေးသွားမည်ဖြစ်၍ ထိုမှ ဆုံးဖြတ်ချက်အတိုင်း KIO ၏ရှေ့ဆက်လုပ်ငန်းစဉ်များ ကို လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ဗဟိုကော်မတီဝင် တွဲဘက်အတွင်းရေးမှူး ဦးလနန်က ပြောသည်။
“ကျနော်တို့ ကချင်လူထုဘက်က တချို့က တိုက်ပြီးတော့မှ ယူမယ်ဆိုတာမျိုး၊ တချို့က အပစ်ရပ်ပြီးတော့ ငြိမ်းချမ်းရေးယူဖို့ ပြောဆိုတာတွေ ရှိတယ်။ ဒါပေမဲ့ အများက တိုက်မယ်ဆိုတဲ့ လူတွေ များတယ်။ ပြည်သူလူထုက KIO ကို အားကိုးနေကြတယ်ဆိုတာ တွေ့ရတယ်။ ခေါ်တာနဲ့ မခေါ်တဲ့ လူတွေအပါ တက်ရောက်လာကြတယ်။ အစိုးရကို မကြိုက်ဘူးဆိုတာ မြင်လာတယ်” ဟု သူက မဇ္စျိမကို ပြောသည်။
ပြီးခဲ့သည့် ဇွန်လ ၉ ရက်နေ့က မိုးမောက်မြို့နယ် တာပိန်ရေကာတာ စီမံကိန်းအနီးက စတင်၍ တိုက်ပွဲများ ဖြစ်ပွားနေခဲ့သည်။
၂ဝဝ၉ ခုနှစ် စက်တင်ဘာလက KIO က လူထုကိုယ်စားပြု ကိုယ်စားလှယ်များ တက်ရောက်သော အစည်းအဝေးတခု ခေါ်ယူပြီး နယ်ခြားစောင့်တပ် အသွင်ပြောင်းရေး၊ မပြောင်းရေးနှင့် ပတ်သက်၍ သဘောထား ခံယူပြီးနောက် အစိုးရ ထိန်းချုပ်မှု ခံရမည် ဖြစ်သော အသွင်ပြောင်းရေးကို ပယ်ချမှု ဖြစ်ပေါ်လာခဲ့သည်။
၁၉၆၁ မှ စတင်ကာ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ရရှိရေးအတွက် လက်နက်ကိုင် တော်လှန်ခဲ့ပြီး ၁၉၉၄ တွင် အပစ်အခတ် ရပ်စဲခဲ့သော်လည်း နယ်ခြားစောင့်တပ် အသွင်ပြောင်းရေးကြောင့် နှစ်ဖက် ဆက်ဆံရေး ပြတ်တောက်ခဲ့ပြီး နိုင်ငံပိုင် သတင်းစာက “သောင်းကျန်းသူ” ဟု သုံးစွဲ ခေါ်ဝေါ်ခဲ့သည်။