အိန္ဒိယ နိုင်ငံအရှေ့မြောက်ဖက်မဏိပူရ်ပြည်နယ် မိုးရေးမြို့ မှစစ်လက်နက်အပြည့်တင်ဆောင်လာ သော မြန်မာစစ်တပ်သုံး စစ်ကား ၅၂ စီးသည် ပြီးခဲ့သည့် ဇူလိုင် ရ ရက်နေ့က စစ်ကိုင်းတိုင်း တမူးမြို့မှ တဆင့် မြန်မာပြည်တွင်းသို့ ထွက်ခွါသွား ကြောင်း သိရသည်။
” မြန်မာ စစ်ကားတွေဟာ ဇူလိုင်လ ၃ ရက်နေ့က မိုးရေးမြို့ကို ၀င်သွားပြီးတော့ ဇူလိုင် ရ ရက်နေ့မှာ မိုးရေးကနေ လက် နက် အပြည့်နဲ့ပြန်ထွက်လာ တယ်၊ မိုးကာအုပ်ထားပေမဲ့ လက်နက်သေတ္တာတွေ အပြည့်ပဲ” ဟု တမူးမြို့မှ အမည်မ ဖော်လို သူတဦးက ပြောသည်။
ဆက်လက်ပြီး ” မိုးရေးမြို့မှ ချင်းအမျိုးသား ကုန်သည်တဦးက မြန်မာစစ်ကားတွေ မိုးရေးမြို့ကနေ လက်နက်တင် ဆောင်လာလိမ့်မယ်လို့ ဖုန်းထဲကနေ လာပြောတယ် ၊ လက်နက်အမျိုးအစားတော့ မသိရပါ ” ဟု ပြောသည်။
အဆိုပါ စစ်ကားများသည် တမူးမြို့မှ တဆင့် ကလေးမြို့ကို ညတွင်းချင်းဝင်ပြီး တဆက်တည်း နတ်ချောင်းကနေ မကွေး တိုင်း ဂန့်ဂေါ လမ်းဖက်သို့ ထွက်သွားကြောင်း သိရသည်။
” မန္တလေးမြို့ကို ထွက်သွားပုံရတယ်၊ ကားရှေ့မှာ ကားဒရိုင်ဗာနဲ့ တခြားစစ်သားတဦးထိုင်ကြတယ်” ဟု ကလေးမြို့မှ ဒေသခံမျက်မြင် တဦးက ပြောသည်။
အဆိုပါလက်နက်များသည် ကချင်ပြည်နယ် နှင့် ရှမ်းပြည်နယ်ဖက်ကို တင်ပို့ဖို့ဖြစ်နိုင်ကြောင်း ကလေးမြို့မှ ကုန်သည် တဦးက ဆိုသည်။
ဇွန်လ ၁၄ ရက်နေ့က ကချင်ပြည်သို့ စစ်ကူပို့မည့် ချင်းပြည်နယ် မှ စစ်အစိုးရစစ် သားများသယ်ဆောင် သော ဘာစ်ကား တစီး တိမ်း မှောက်ခဲ့ပြီး စစ်သား ၄၀ ဦး ဒါဏ်ရာ ရရှိခဲ့သည်။
မြန်မာစစ်အစိုးရ နှင့် ၁၇ နှစ်ကြာမျှ ငြိမ်းချမ်းရေး ရယူခဲ့သော ကေအိုင်အို သည် စစ် အစိုးရ နှင့်ယခုနှစ် အတွင်း စစ်ရေး တင်းမာခဲ့ လာခဲ့ရာ ဇွန် ၉ ရက် နေ့က စပြီး တိုက်ပွဲများ ဆက်တိုက် ဖြစ်ပွားနေသည်။