တိုက်ပွဲများ ဆက်လက်ဖြစ်ပွါး - ရတနာမြေမှ အမျိုးသမီးများ မုဒိန်းကျင့်သတ်ဖြတ်ခံရ

တိုက်ပွဲများ ဆက်လက်ဖြစ်ပွါး - ရတနာမြေမှ အမျိုးသမီးများ မုဒိန်းကျင့်သတ်ဖြတ်ခံရ
by -
သျှမ်းသံတော်ဆင့်

ဂျူလိုင်လ ပထမပတ်အတွင်း သျှမ်းပြည်တပ်မတော် SSPP/SSA ထိန်းချုပ်နယ်မြေများ၌ ရင်ဆိုင် တိုက်ပွဲ၊ ချုံခိုတိုက်ပွဲများ ဆက်လက်ဖြစ်ပွါးနေပြီး ကျေးလက် ဒေသခံ အမျိုးသမီးများလည်း မုဒိန်းကျင့် သတ်ဖြတ် ခံနေရကြောင်း သျှမ်းပြည်အလယ်ပိုင်းမှ လာသော သတင်းများအရသိရသည်။

“ တိုက်ပွဲ Update ကတော့ ရ ရက်နေ့ပေါ့။ မိုင်းရယ်နဲ့ သီပေါ ကြားက ဆောင်ကဲမှာအခြေစိုက်တဲ့ ခမရ ၃၂၅ တပ်ကို ကျနော်တို့ တပ်မဟာ ၁ လက်အောက်ခံ တပ်ဖွဲ့တဖွဲ့က ချုံခိုတိုက်တယ်။ သူတို့ ရေချိုးဆင်းချိန်ပေါ့။ တပ်သား ၁ ယောက် တပ်ကြပ် ၁ ယောက် သေတယ်။ သူတို့ရဲ့ MA  ၁ လက် M 79 ပါတဲ့ MA တလက် စုစုပေါင်း ၂ လက် သိမ်းယူနိုင်ခဲ့တယ်” ဟု မိုင်းရယ်ရှိ SSPP/SSA အရာရှိတဦးက သျှမ်းသံတော်ဆင့်အား ပြောပြသည်။

တိုက်ပွဲကာလ ယခုလ ၅ ရက်နေ့ကလည်း ပင်လုံအခြေစိုက် ခမရ ၅၁၃ နှင့် လဲချားအခြေစိုက် ခလရ ၆၄ ပူးပေါင်းသည့် တပ်ဖွဲ့တဖွဲ့ မိုင်းရှူးမြို့နယ် ကုန်းနင်ရွာသို့ဝင်ရောက်ကာ ဒေသခံများ၏ အိမ်ပေါ်တက် မွှေနှောက်ရှာဖွေယူငင်သည့်အပြင် ရွာသူအမျိုးသမီးများကိုပါ မုဒိန်းကျင့်ခဲ့သည်ဟု မိုင်းရှူးရောက်ထွက်ပြေး တိမ်းရှောင်သူ ရွာသားတဦးကပြောသည်။

“ ဗမာစစ်သားတွေဗျာ ရွာထဲရောက်တာနဲ့ အိမ်တွေပေါ်တက် အိမ်ရှင်ကိုရိုက်နှက် လိုတာရှာယူတော့တာ။ ယောက်ကျား တွေလဲ ပေါ်တာလိုက်ထမ်းရမှာစိုးလို့ ထွက်ပြေးကြတယ်။ ကျနော်တို့ရွာက မိန်းကလေး ၄ ယောက် မုဒိန်းကျင့်ခံရ တယ် လေ။   နန်းဖုန်း (အသက် ၃၀ )၊ အေးလွတ် ( အသက် ၁၂ နှစ်)၊ ဒေါ်နန်းစံ (အသက် ၅၀- သားသမီး ၃ ယောက်ရှိ) ၊ နန်းမွန်း (အသက် ၁၂ နှစ်) ။ ဒီ ၄ ယောက်လဲ မုဒိန်းကျင့်ခံရပြီး ရွာမှာ မနေရဲတော့ဘူး။ ထွက်ပြေးကုန်ပြီလို့ ကြားရတယ်။ တချို့လဲ အသတ်ခံရတယ်လို့ ပြောတယ်။ ကျနော်တို့ရွာမှာ အခု တယောက်မှ မနေရဲတော့ဘူး။ တချို့လဲ ဝမ့်ဆော့ဘက် ထွက်ပြေးတယ်။ တချို့လဲ နမ့်ပန်ချောင်းဟိုးဖက် ကမ်းအထိ ထွက်ပြေးတယ်။ တချို့လဲ တောထဲမှာ စု ဖွဲ့ပြီးနေကြတယ်” ဟု အသက် ၅၀ ဝန်းကျင် အဆိုပါ အမျိုးသားကပြောသည်။

အဆိုပါ တပ်ဖွဲ့မှာ ကုန်းနင်ရွာအား ဝင်ရောက် မွှေနှောက်ပြီး ကုန်းနင်ရွာအနီး ဟွေ့မုန့်(လိဆော)ရွာသို့ ဆက်သွားကာ ရွာသား ၁၆ ယောက်အား ပေါ်တာဖမ်းဆီးခေါ်ဆောင်သွားကြောင်း၊ မိမိတို့ချောင်းပစ်ခံရပါက   ၎င်းတို့ ၁၆ ဦးအား ပစ်သတ်မည်ဖြစ်ကြောင်းလည်း ခြိမ်းခြောက်ပြောဆိုထားသည်ဟုပြန်လည်လွတ်မြောက် လာသူ ရွာသားတဦး ကပြောသည်။

သျှမ်းပြည်အလယ်ပိုင်း SSPP/SSA ထိန်းချုပ်နယ်မြေ မိုင်းရှူး၊မိုင်းရယ်၊ မိုင်းနောင်၊ ဝမ့်ဟိုင်းဖက်မွှေနှောက် လှည့် လည် နေသော အဆိုပါ ပင်လုံအခြေစိုက် ခမရ ၅၁၃ မှာယခုလ ၂ ရက်နေ့ကမိုင်းရှူးမြို့ နယ်ဝမ့်ဟိုင်း-ဖတ်ကီးအကြား ဟွေ့ဟုတ် ရွာတွင် လည်းကောင်း၊ ၄ ရက်နေ့က တာ့ဆမ်ပူး (ဝမ့်ဟိုင်းမှ ကာလိ၊မိုင်းဇန်သို့ အသွား နမ့်ပန်ချောင်းကူး တို့ဆိပ်) အနီး နမ့်ဟူးမောက်ဆန့်တွင်လည်းကောင်း၊ ၅ ရက်နေ့က တာ့ဆမ်ပူးမှ ဟိုင်းပါအုပ်စုအသွားလမ်း ကုန်းမတ်န တွင်လည်း ကောင်း သျှမ်းပြည်တပ်မတော် တပ်ရင်း ၈၀၁ ၊ တပ်ရင်း ၂၄ တို့နှင့် ရင်ဆိုင်တိုက်ပွဲများ ဖြစ်ပွါးခဲ့သည်ဟုလည်း SSPP/ SSA  အရာရှိတဦးက ပြောသည်။

အဆိုပါတိုက်ပွဲများမှ မြန်မာစစ်သား ၅ ယောက်ထက်မနည်းသေဆုံးကာ ၅ ယောက် ထက်မနဲဒဏ်ရာရသွား ကြောင်း သျှမ်းပြည်တပ်မတော်ဖက်မှ အနည်းအကျဉ်းဒဏ်ရာရရှိကြောင်း လည်းအဆိုပါအရာရှိကဆက် လက် ပြောပြသည်။