ကချင်ပြည်နယ်အတွင်း တိုက်ခိုက််မှုများ ဆက်လက်ဖြစ်ပွားနေ

ကချင်ပြည်နယ်အတွင်း တိုက်ခိုက််မှုများ ဆက်လက်ဖြစ်ပွားနေ
by -
ဇော်ကြီး

မြန်မာအစိုးရစစ်တပ်နှင့်ကချင်ပြည်လွတ်မြောက်ရေး တပ်မတော် KIA တို့ အကြား အပစ်အခတ် ရပ်စဲရေး အတွက် ညှိနှိုင်းနေသည့် တချိန်တည်း တွင် ဒေသအတွင်း ပစ်ခတ်တိုက်ခိုက်မှုများ ဆက်လက် ဖြစ်ပွားနေသည်။

ယနေ့နံနက်က ကချင်ပြည်နယ် မန်စီမြို့နယ်အတွင်းရှိ မိုင်းခေါင်ကျေးရွာ စျေးအနီး လဖက်ရည်သောက်ရန် လာသည့် အစိုးရတပ်ဖွဲ့ဝင်များအား KIA တပ်ဖွဲ့က ပစ်ခတ်ခဲ့သည်ဟု မိုင်းခေါင်သို့ စျေးရောင်းသွားသည့် ဗန်းမော်မြို့ခံ တဦးက ပြောသည်။

“ဒီမနက် (၇)နာရီခွဲလောက်မှာ စစ်တပ်က လေးငါးယောက်လောက် လက်ဖက်ရည်ဆိုင်ကို လာတဲ့အခါပေ့ါ အဲဒီ KIA က ချောင်းပစ်ပေးတယ်။ ချောင်းပစ်လိုက်တော့ နည်းနည်းပါးပါး တုန့်ပြန်ပစ်ခတ်ကြတာပေ့ါ။ ဒါပေမယ့် တယောက်မှ မထိကြဘူး။”

ယခုလို ဆန်စပါး စိုက်ပျိုးချိန်၌ ကျေးရွာအနီးတဝိုက်တွင် ပစ်ခတ်မှုများဖြစ်ပေါ်နေသည့်အတွက်ဒေသခံ များ အခက်အခဲဖြစ်ကြရသည်ဟု ၎င်းကဆက်ပြောသည်။

“ကောင်မလေးတွေ လေးငါးယောက်လောက် လယ်သွားစိုက်မယ်ဆိုပြီး အဲဒီမိုင်းခေါင်စျေးကားနဲ့လိုက်မလို့ ဟာ မသွားရဘူး ဖြစ်နေတယ်။”

ယမန်နေ့ နေ့လည်ကလည်း မိုးမောက်မြို့မှ မြစ်ကြီးနားသို့သွားရာ လမ်းကြောင်းပေါ်ရှိ (၁၇) မိုင် လမ်းခွဲအနီးတွင် အစိုးရစစ်တပ်ယာဉ်တန်းကို KIA က ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ထိခိုက်ဒဏ်ရာရသူမရှိဟု ဆက်လက်ပြောဆိုသည်။ KIO ပြောရေးဆိုခွင့်ရှိသူ ဦးလနန်က မိုးမောက်မြို့နယ်အတွင်းအစိုးရယာဉ် တန်းအား KIA မှ တိုက်ခိုက်ခြင်းဖြစ်ကြောင်း ယခုလို အတည်ပြုပြောဆိုသည်။

“အဲဒါက တိုက်ပွဲ အဆင့်တော့ မဟုတ်ပါဘူး။ သူတို့လာတဲ့ ယာဉ်တန်းကို မိုင်းနဲ့ခွဲတာပါ။ ကားကတော့ အရပ်သားကားပါ။ အဲဒီမှာ သူတို့ စစ်သားတွေ လိုက်စီးလာတာပါ။”

မိုးမောက်မြို့မှ တာပိန်ရေအား လျပ်စစ်စီမံကိန်းသို့ သွားရာ လမ်းကြောင်းပေါ်ရှိ ၁၄ မိုင်ခန့်အကွာ ကျခန်း တပ်ကျေးရွာ အနီးတွင် တိုက်ခိုက်ခဲ့ခြင်း ဖြစ်ပြီး အစိုးရ၏ စစ်ရေးလှုပ်ရှားမှုများကို တားဆီးခြင်းသာ ဖြစ်သည်ဟု ဦးလနန်က ပြောသည်။

ပြည်နယ် တည်ငြိမ်အေးချမ်းမှု ညှိနှိုင်းရေး အဖွဲ့က အစိုးရတပ်ဘက်မှ အပစ်ရပ်ထားပြီးဖြစ်သဖြင့်် KIA ဘက်မှလည်း အပစ်အခတ်ရပ်စဲပေးရန် အကြောင်းကြားစာ ပေးပို့ခဲ့ပြီး နောက်တနေ့တွင် ယင်းတိုက်ခိုက်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ယင်းအကြောင်းကြားစာ၌လည်း KIO မှ တောင်းဆိုထားသော စစ်ဘက်ရေးရာ တာဝန်ရှိသူတဦးက ၄င်းတို့ဘက်မှ အပစ်ရပ်ကြောင်း အာမခံသည့် သက်သေအထောက်အထားမပါသည့်အတွက် KIO က လက်မခံနိုင်ကြောင်း တုံ့ပြန်ထားသည်။

ယမန်နေ့ညနေ ၃ နာရီခွဲ အချိန်ခန့်က တနိုင်းမြို့ ဒေသကွပ်ကဲရေး စစ်ဗျူဟာအနီးရှိ အစိုးရ၏ဌာနဆိုင်ရာ ဂိတ်အနီး မြေမြုပ်မိုင်းတလုံးပေါက်ကွဲခဲ့ပြီး အသက် (၂၄) နှစ်အရွယ် အမျိုးသား တဦးခြေထောက်တွင် ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်ဟု ဦးလနန်ကပြောသည်။

အလားတူ ည ၈ နာရီ လေးဆယ်ခန့်တွင်လည်း အဆိုပါ ဂိတ်အနီး ပေါက်ကွဲမှု ထပ်မံ ဖြစ်ပွားခဲ့ပြီး အသက်(၂၂)အရွယ် ကချင်အမျိုးသား ဒိန်ရိန်တူးဆိုသူ ထိခိုက် ဒဏ်ရာရရှိခဲ့သည်။

ယင်းပေါက်ကွဲမှု နှင့် ပတ်သက်၍ ဦးလနန်က “အဲဒီမိုင်းက ကျနော်တို့နဲ့ လုံးဝသက်ဆိုင်မှု မရှိဘူး။ သူတို့ရဲ့ စုပေါင်းဂိတ်နားမှာ သူတို့တပ်လုံခြံုမှုအတွက် ဆိုပြီး တော့ ထောင်ထားတဲ့ မိုင်းဖြစ်တယ်။ ခလရ(၈၆)ကနေပြီးတော့ မိုင်းထောင်ထားတယ်ဆိုတာ ကျနော်တို့ စုံစမ်းသိရှိရတယ်။ အဲဒါ နောက် ပိုင်း ကျရင် သတင်းစာမှာ ထည့်လာဦးမယ်။ KIA တွေထောင်ထားတဲ့ မိုင်းကြောင့် အပြစ်မဲ့ပြည်သူတွေ ကို ထိခိုက်တယ် ဘာညာဆိုပြီး ပြောဦးမှာ” ဟု ပြောဆိုသည်။

ယခုလ (၇)ရက်နေ့ထုတ် အစိုးရပိုင်သတင်းစာ၌ ကချင်ပြည်နယ် ဟိုပင်ဘူတာရုံအနီး ဇူလိုင်လ (၅) ရက်နေ့က ဖြစ်ပွားခဲ့သည့် ရထားသံလမ်းဖောက်ခွဲမှုသည် KIA တပ်ဖွဲ့ လက်ချက်ဖြစ်သည်ဟုဖော်ပြခဲ့ သည်။ ထို့အပြင် ပြည်သူလူထု၏ အသက်အိုးအိမ်၊ စည်းစိမ်ဥစ္စာ ပျက်ပြားရေးအတွက် KIA ကလုပ်ဆောင် နေသည်ဟု ယင်းသတင်း၌ ဖော်ပြထားသည်။

အစိုးရတပ်နှင့် KIA တို့ ကချင်ပြည်နယ်အတွင်း တိုက်ပွဲဖြစ်ပွားမှုကြောင့် စစ်ပြေးဒုက္ခသည် ၁၆၀၀၀ ခန့် သည် တရုတ်မြန်မာနယ်စပ်ဒေသ KIO အခြေစိုက်ရာ လိုင်ဇာ၊ မိုင်ဂျာယန်၊ လွယ်ဂျယ်နှင့် မြစ်ကြီးနား၊ ၀ိုင်းမော်မြို့များတွင် ထွက်ပြေးခိုလှုံနေကြရသည်။

Most read this week