ဖောက်ခွဲရေးသမားများ မွေးထုတ်ဟု ဆိုပြီး လုံခြံုရေးများ တင်းကြပ်

ဖောက်ခွဲရေးသမားများ မွေးထုတ်ဟု ဆိုပြီး လုံခြံုရေးများ တင်းကြပ်
by -
အေးချမ်း

ကရင်နီ (ကယား) ပြည်နယ် လွိုင်ကော်မြို့တွင် သောင်းကျန်းသူများမှ ဖောက်ခွဲရေးသမားများ မွေးထုတ်သည်ဟု အစိုးရစစ်တပ်မှ ပြောဆိုပြီး လုံခြံုရေးနှင့် စစ်ဆေးမှုများ ယခင်ကထက် ပိုမိုတင်းကြပ်လာပါသည်။

“ကျနော်ကို စစ်ဆေးတယ်။ စစ်ပြီး ဘာမှ မတွေ့တော့ စစ်ဆေးတဲ့သူ တယောက်က ကျနော့်ကို တမျိုးမထင်ပါနဲ့ အခုသောင်းကျန်းသူတွေ ဖောက်ခွဲရေး မွေးထုတ်တာ ကြားလို့ အထက်က တာဝန်ပေးမှုအရ စစ်ဆေးရတာပါလို့ ပြောတယ်” ဟု စစ်ဆေးခံရသူဒေသခံ စီးပွားရေးသမား တဦးက ပြောသည်။

မန္တလေး၊ နေပြည်တော်၊ ပြင်ဦးလွင်နှင့် ကချင်ပြည်နယ်တွင် ဗုံးပေါက်ကွဲမှုများ ရှိသောကြောင့် လွိုင်ကော်မြို့လေဆိပ်၊ အစိုးရ အဆောက်အဦးနှင့် လောပိတ စက်ရုံများကိုလည်း ကရင်နီအမျိုးသား တိုးတက်ရေးပါတီ (KNPP) တပ်ဖွဲ့မှ လာရောက် ဗုံးခွဲမှာကို စိုးရိမ်ပြီး ယခုလို လုံခြံုရေုး တိုးချဲ့တင်းကြပ်ချထားလာခြင်း ဖြစ်သည်ဟုလည်း စစ်တပ်နှင့် ရင်းနှီးသူ တဦးက ပြောသည်။

ဇွန်လ ၂၉ ရက်နေ့မှ စပြီး ယခုချိန်ထိ ယခင်ကလို မော်တော်ပီကယ် (ယာဉ်ထိန်းရဲ) သာမကဘဲ ရဲများနှင့် စစ်တပ်များလည်း ပါ၀င်ပြီး လိုင်စင်များနှင့် ဆိုင်ကယ် ဓာတ်ဆီထည့်သည့် အပေါက်ကိုလည်း ဓာတ်မီးနှင့် ထိုးပြီးစစ်ဆေးမှု ပြုလုပ်ပါသည်။
par_ka
လွိုင်ကော်ဒေသခံလူငယ် တဦးက “လွိုင်ကော်မှာဆို နာရီစင်အောက်က တစ်ဖွဲ့၊ နောက်ပြီး ပန်ကန်းဂိတ်မှာဆို ရဲတွေကလည်း စစ်တယ်။ ဒီမောဆိုမှာရော။ လူတွေမထင်တဲ့ နေရာ လမ်းခွ၊ လမ်းကြားတွေမှာပါ စစ်ဆေးတယ်။ တဖွဲ့ကို ၅ ယောက် ၆ ယောက်ထိ ရှိတယ်” ဟု ပြောသည်။

ယခုလိုလုံခြံုရေး တင်းကြပ်မှုတွေကြောင့် စီးပွားရေးသမားတွေအတွက် သွားလာရေးမှာ ယခင်ကလို လွတ်လပ်မှု မရှိတော့ဟု လွိုင်ကော်ဒေသခံ စီးပွားရေးသမား တဦးက ပြောသည်။

“ပစ္စည်းတွေ သွားဝယ်ရင် ပစ္စည်းတွေကို ကားပေါ်ကနေ အားလုံးအောက်မှာ ချပြီး စစ်ဆေးတယ်။ ပြီးရင် ပြန်တင်ရတယ်။ နောက်အခုကလည်း မိုးရာသီ ဆိုတော့ ပစ္စည်းတချို့ ပျက်စီးသွားတယ်။ စစ်တပ်တွေလည်း များတော့ သွားလာရင်လည်း မလွတ်လပ်ဘူး။ ကိုယ့်ကို မသင်္ကာလို့ စစ်ဆေးတဲ့ အခါမှာ ပြန်ပြောမှားခဲ့မယ် ဆိုရင်လည်း သူတို့ တစ်ခုခု လုပ်မှာကို စိုးရိမ်ရတယ်” ဟု ပြောပါသည်။

ပြီးခဲ့သည့် မတ်လကလည်း ကရင်နီပြည်နယ်တွင် ဖောက်ခွဲရေးသမားများ ရှိပြီး နေပြည်တော်ကို ဖောက်ခွဲရန် ၀င်လာသူ ရှိသည်ဟု ဆိုပြီး လွိုင်ကော်မြို့မှ အခြားမြို့များနှင့် ပြည်နယ်သို့ သွားလာသည့် ခရီးသည်များအား အစိုးရစစ်တပ်မှ တင်းတင်းကြပ်ကြပ် စစ်ဆေးမှုများ ပြုလုပ်ခြင်းများ ရှိပါသည်။

Most read this week