PTK ဖိနပ်ရုံ လုပ်ခတိုးရေး မြန်မာ ၄၀၀ ကျော် ဆန္ဒပြ

PTK ဖိနပ်ရုံ လုပ်ခတိုးရေး မြန်မာ ၄၀၀ ကျော် ဆန္ဒပြ
by -
ကွန်းချမ်း

ချင်းမိုင် (မဇ္စျိမ) ။      ။ လုပ်ခတိုးပေးရန်တောင်း ဆိုသည်ကို အလုပ်ရှင်က မလိုက်လျောရာမှ ထိုင်း-မြန်မာနယ်စပ် ကန်ချနပူရီခရိုင် စံခလပူရီမြို့နယ် စေတီစမ်အွန်းမြို့ရှိ ပီတီကေ PTK ဖိနပ်ချုပ်အလုပ် ရုံရှိ မြန်မာ အလုပ်သမား ၄ဝဝ ကျော် ဆန္ဒပြမှုတရပ် ကြာသပတေးနေ့တွင် ဖြစ်ပွားခဲ့သည်။

လုပ်ခကို တနာရီ ၂ ဘတ်နှုန်း တိုးပေးရန် တောင်းဆိုသည်ကို အလုပ်ရှင်ဘက်က ၁ ဘတ်သာ တိုးပေးသဖြင့် မကျေနပ်သောကြောင့် အလုပ်မဆင်းဘဲ ကြာသပတေး မွန်းလွဲ ၁ နာရီမှ ၃ နာရီထိ ဆန္ဒပြခြင်း ဖြစ်သည်။

 စေတီစမ်အွန်းသည် မြန်မာ-ထိုင်းနယ်စပ် ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် ဘုရားသုံးဆူမြို့နှင့် ကပ်လျက်ရှိကာ၊ ထိုင်းဘက်ခြမ်း ဘုရားသုံးဆူအဖြစ် မြန်မာများအကြား အသိများသည်။

“ကုန်စျေးနှုန်းနဲ့ ကျမတို့ရတဲ့ လုပ်ခက ဘယ်လိုမှ အဆင်မပြေဘူး။ မဖြစ်တော့တဲ့ အခြေအနေမို့တောင်းရ တာပါ” ဟု ဆန္ဒပြ အလုပ်သမ မမော်က မဇ္စျိမကို ပြောသည်။

ဆန္ဒပြပြီး နောက်တွင် အလုပ်ရုံက အလုပ်သမားများအား ပြန်လွှတ်လိုက်ပြီး စနေနေ့ထိအလုပ်ပိတ်ထား လိုက်သည်။

 စေတီစမ်အွန်းမြို့တွင် PTK ဖိနပ်ချုပ် အလုပ်ရုံ ၅ ရုံ ရှိပြီး၊ မြန်မာ အလုပ်သမား ၂ဝဝဝ ကျော် ဝင်ရောက် လုပ်ကိုင်နေသည်။

အလုပ်သမား တဦးအတွက် အလုပ်ချိန် တနေ့ ၁ဝ နာရီ သတ်မှတ်ထားပြီး၊ တနာရီလျှင် ရ ဘတ်သာ ရရှိသည်။ လုပ်သက်တနှစ် ပြည့်ပါက တနာရီလျှင် ၈ ဘတ် ရရှိသည်။

စေတီစမ်အွန်းတွင် ဖိနပ်ချုပ်စက်ရုံ၊ အထည်ချုပ် စက်ရုံနှင့် အခြားစက်ရုံများတွင် အလုပ်လုပ်သည့် မြန်မာအလုပ်သမား ၅ဝဝဝ ကျော် ရှိပြီး၊ အလုပ်ရုံပေါင်းမှာ ၄ဝ ကျော် ရှိသည်။

ဆန္ဒပြ အလုပ်သမားများ အရေးနှင့် ပတ်သက်ပြီး ထိုင်း-မြန်မာ နယ်ခြားကော်မတီက သောကြာနေ့တွင် ဆွေးနွေး ညှိနှိုင်းလိမ့်မည်ဟု အလုပ်သမားများက ပြောသည်။ ၎င်းကော်မတီမှာ နှစ်နိုင်ငံနယ်စပ်ရှိ စီးပွားရေး၊ နယ်မြေ အေးချမ်းရေး စသည်များကို ပူးတွဲဖြေရှင်းရန် ဒေသအာဏာပိုင်များ ပူးတွဲဖွဲ့စည်းထားခြင်း ဖြစ်သည်။

Most read this week