ဗုံးခြိမ်းခြောက်မူကြောင့် မောင်တောတွင် ဧည့်စာရင်း ပိုစစ်

ဗုံးခြိမ်းခြောက်မူကြောင့် မောင်တောတွင် ဧည့်စာရင်း ပိုစစ်
by -
နိရဥ္စရာ သတင်းဌာန

ရခိုင်ပြည်နယ် မောင်တောမြို့မှ အဓိက အစိုးရ အဆောက်အဦးများကို ဗုံးခွဲမည်ဟု ခြိမ်းခြောက် ခံရပြီး နောက်ပိုင်း ဧည့်စာရင်း စစ်ဆေးမူကို သက်ဆိုင်ရာမှ တိုးလုပ်နေကြောင်း သတင်း ရရှိသည်။

" အခုက ဧည့်စာရင်း စစ်တာကို အဖွဲ့ပေါင်းစုံက နေ့တိုင်း လုပ်နေပါတယ်။ အရင်နဲ့ မတူဘူး။အသေ အချာကို ရပ်ကွက် အလိုက် ၀င်ရောက် စစ်ဆေးနေပါတယ်" ဟု မောင်တောမြို့ခံ တစ်ဦးက ပြောသည်။

downtown-maungdow300တခြား အောင်ဗလ ရွာမှ အမျိုးသမီး တစ်ဦးကလည်း " အဖွဲ့ပေါင်းစုံက စစ်ဆေးနေတာ ဖြစ်ပါတယ်။ အခုရက်တွေအတွင်း နေ့တိုင်း လာစစ်နေပါတယ်။ ရဲ၊ နစက၊ လဝကနဲ့ ကျေးရွာ အုပ်ချုပ်ရေး အဖွဲ့ပါ၀င်တဲ့ အဖွဲ့ စစ်ဆေးတာပါ။ သူတို့ကတို့ ဘာမှ ပြောတာ မရှိပါဘူး။ ဧည့်စာရင်း စစ်ဆေးတာ သက်သက်ပါ။ အိမ်မှာ ဧည့်သည်ရှိလား။ ဧည့်စာရင်းတိုင်လား။ ဒါတွေကို စစ်ဆေးတာ ဖြစ်ပါတယ်" ဟု ပြောသည်။

မောင်တောမြို့မှ တရားရုံးနှင့် မြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူးရုံးကို အမည်မသိ အဖွဲ့တစ်ခုမှ ဗုံးခွဲပစ် မည်ဟု ခြိမ်းခြောက်ခဲ့ကြောင်း၊ ၎င်းနောက်ပိုင်းတွင် ယခုကဲ့သို့ ဧည့်စာရင်း စစ်ဆေးမူကို တိုးပြီး လုပ်လာခြင်း ဖြစ်ကြောင်း အစိုးရ ၀န်ထမ်း တစ်ဦးကလည်း ပြောသည်။

"အဓိက အဆောက်အဦးနှစ်ခုကို ဗုံးခွဲတိုက်ခိုက်မယ်ဆိုပြီး ခြိမ်းခြောက်တယ်လို့ သိရပါတယ်။ ဘယ်လို ခြိမ်းခြောက်တယ် ဆိုတာတော့ ကျနော်တို့လည်း မပြောနိုင်ဘူး။ စာနဲ့လား။ ဖုံးထဲကလားဆိုတာတော့ တိတိကျကျ မသိပါဘူး။ ဗုံးခွဲဖို့ ခြိမ်းခြောက်ထားတယ်လို့ အထက်အရာရှိတွေကတော့ ပြောပါတယ်" ဟု ပြောသည်။

အစိုးရ တာဝန်ရှိသူများမှ ဗုံးခွဲ ခြိမ်းခြောက်ခံရပြီးနောက် နီးစပ်ရာ အစိုးရ ၀န်ထမ်း မိသားစုများကို ညနေ ၈ နာရီကျော်လျှင် အိမ်ပြင်ထွက်ပြီး အသွားအလာများ မပြုလုပ်ကြရန် သတိပေးထားသည်ဟုလည်း လဝက ဌာနနှင့် နီးစပ်သူ လူငယ် တစ်ဦးက ပြောသည်။

" သူတိ်ု့က နီးစပ်ရာ နီးစပ်ရာကို ပြောထားတာပါ။ မြို့လူထု အကုန်လုံးကိုတော့ ပြေထားတာ မဟုတ်ပါဘူး။ ညဉ့်အချိန် သိပ်အသွားအလာ မလုပ်ကြဖို့ မှာထားတယ်လို့ အိမ်က အဖေက ပြောပါတယ်" ဟု ပြောသည်။

တခြား မောင်တောမှ စီးပွားရေး သမား တစ်ဦးကလည်း " အခြေအနေက ပုံမှန်ပါဘဲ။ ထူးထူးခြားခြားတော့ မရှိပါဘူး။ ဧည့်စာရင်း စစ်တာတော့ ခုတလော ပိုများလာတာကို တွေ့ရပါတယ်" ဟု ပြောသည်။

မောင်တောမြို့မှာ နယ်စပ်နှင့် ကပ်ရပ် တည်ရှိ သဖြင့် လုံခြံုရေးကို အဓိက အလေးထားရသော မြို့ တစ်မြို့ ဖြစ်သည်။ ၁၉၉၄ ခုနှစ်တွင် မွတ်ဆလင် အဖွဲ့ တစ်ခုမှ ဗုံး ၄ လုံး ဖေါက်ခွဲခဲ့ပြီးနောက်ပိုင်းမှ ယခုအချိန်ထိ မောင်တောတွင် ဗုံးဖေါက်ခွဲ တိုက်ခိုက်မူများ မရှိခဲ့ကြောင်း သိရသည်။

Most read this week