မော်ချီးမြို့ တောင်ပေါ်ရွာရဲ့ စနေနေ့ညနေခင်း လေးမှာ နှစ်ခြင်းဘုရားကျောင်းဝင်းအတွင်း ဘာသာဝင် လူငယ်တစ်စုက ရှင်းလင်းရမယ့် မြက်ပင်တွေကို ပေါက်ပြားနဲ့ ပေါက်တဲ့သူကပေါက်၊ လက်နဲ့ နှုတ်တဲ့လူက နှုတ်၊ တစ်ယောက်နဲ့တစ် ယောက် စကားပြော၊ နောက်ပြောင်ကြရင်း ‘ဝုန်း’ ဆိုတဲ့ ပေါက်ကွဲသံ တစ်ခုက ရုတ်တရက်ဖုံးလွှမ်း သွားပါတယ်။
ပေါက်ကွဲသံနဲ့အတူ အသက် ၂၆ နှစ်အရွယ် စိုးမိုး ဆိုတဲ့ ဆူသူအရပ်သား လူငယ်တစ်ယောက်ဟာ ညာခြေထောက် တစ်ဖက် ပြတ်နေတာကို မြင်တွေ့လိုက်ရတယ်လို့ မော်ချီးတောင်ပေါ်ရွာ ဒေသခံ ထူးရယ်က ပြောပါတယ်။
“တနင်္ဂနွေနေ့ ဘုရားရှိခိုးတော့မယ်ဆိုတော့ သူတို့ အဲဒီမှာ စနေနေ့ဆို သူတို့အမြဲတမ်း သန့်ရှင်းရေး လုပ်တယ်လေ။ ခြံဝင်းထဲမှာ ရှည်နေတဲ့ မြက်တွေကို သူတို့ ရှင်းလင်းတာတွေ၊ ဘာတွေ လုပ်ရင်း ခါတိုင်းဆိုတော့ သူတို့ လုပ်တာ မထိဘူး” လို့ ပြောသွားပါတယ်။
ပြီးခဲ့တဲ့ မတ်လ ၃ ရက်နေ့က မော်ချီးမှာ လုံခြံုရေး ယူထားတဲ့ ထင်းရူးတောင်စခန်း၊ တာဝတိသာစခန်း၊ ကျောက်တောင်စခန်း၊ ရှေ့တန်း (တပ်ရင်းရုံး)စခန်း၊ ၂ မိုင် (အမှတ် ၂) စခန်းနဲ့ ၉၄ မိုင် စခန်းအသီးသီးရဲ့ ကိုက် (၃ဝ) အကွာ ဝန်းကျင်အားလုံးကို မြေမြုပ်မိုင်းတွေ ချထားတယ်လို့ ဗိုလ်မှူးကိုကိုဦး ဦးစီးကွပ်ကဲတဲ့ ခလရ ၁၃၄ တပ်ရင်းက တရားဝင်အမိန့် ထုတ်ပြန်ထားပါတယ်။
မော်ချီးရှေ့တန်းရုံးနဲ့ ခြံခြင်းကပ်လျက်လည်းဖြစ်၊ ဘုရားကျောင်းဝင်း အတွင်းမှာလည်း မိုင်းကို လာရောက် ထောင်ထားတဲ့အတွက် မတ်လ ၂၄ ရက်နေ့မှာ အခုလို ဖြစ်ပွားခဲ့တာလို့ ထူးရယ်က ပြောပါတယ်။
“ထိတဲ့အချိန်၊ ပြီးတဲ့အချိန်မှာ သူ့ကို သွားဆွဲမလို့ ဒါပေမယ့် ဟို့စခန်းထဲမှာက သူလှမ်းအော်တယ်။ မသွားကြနဲ့ အများကြီး ရှိသေးတယ်။ သူတို့က အဲလိုမျိုး နအဖတပ်တွေက လှမ်းအော်လို့ တစ်ယောက်မှ မသွားရဲကြတော့ဘူး” လို့ ပြောပါတယ်။
မြေမြုပ်မိုင်း နင်းမိတဲ့ ကိုစိုးမိုးကို မိုင်းထိတဲ့ တစ်ရက်မှာတော့ မော်ချီးပြည်သူ့ဆေးရုံမှာ ထားရှိပြီး နောက်တစ်ရက်မှာ ဖာဆောင်းဘက်ကို ပို့သွားတယ်လို့ သူကပဲ ဆက်လက်ပြောသွားပါတယ်။
“အမှန်ဆိုတော့ အဲဒီနေရာက ထောင်စရာ အကြောင်း မရှိဘူးလေ။ ကရင်နီရဲဘော်တွေ တခါမှ မရောက်ဖူးတဲ့နေရာ၊ သွားလို့ မရတဲ့နေရာ၊ အတွင်းထဲမှာလည်း ဖြစ်တယ်။ ပတ်ပတ်လည်မှာက ကျနော်တို့ ဒေသခံတွေ ဝိုင်းရံထားတယ်လေ” လို့လည်း ပြောပါတယ်။
ထိုင်းမြန်မာနယ်စပ်မှာ အခြေစိုက်တဲ့ မိုင်းအန္တရာယ် ပညာပေး (MRE - Mine Risk Education) အဖွဲ့ရဲ့ ၁၉၇၈ ကနေ ၂ဝ၁၁ ခုနှစ်ထိ စာရင်း ပြုစုထားချက်အရ မြေမြုပ်မိုင်းကြောင့် ကရင်နီပြည်နယ်မှာ ရှိနေတဲ့ ဒေသခံတွေနဲ့ ထိုင်း-ကရင်နီနယ်စပ်မှာ နေထိုင်ကြတဲ့ ပြည်သူ ၅၅ ယောက်ကျော်ဟာ သေဆုံးကြတာရှိသလို၊ ဒုက္ခိတ ဖြစ်သွားကြတဲ့ သူတွေလည်း ရှိပါတယ်။
“အချက်အလက် ပိုပြည့်စုံတယ်လို့ ပြောရမှာပေါ့။ ကျနော်တို့ ဒုက္ခိတ ဖြစ်တဲ့ လူနဲ့ သေဆုံးသွားပေမယ့် ကျန်ခဲ့တဲ့ သူ့ရဲ့ ဆွေးမျိုးတွေကို အင်တာဗျူး မေးထားတယ်။ အချက်အလက် မပြည့်စုံရင် ကျနော်တို့ မယူဘူး။ စာရင်း မပြုနိုင်တာတွေလည်း ရှိပါသေးတယ်။ ကျနော်တို့ လက်လှမ်းမမှီတဲ့ နေရာတွေလည်း ရှိသေးတယ်” လို့ MRE ဝန်ထမ်းတစ်ယောက် ဖြစ်တဲ့ လေးရယ်စိုးက ပြောသွားပါတယ်။
အများအားဖြင့် အမ် ၁၄ နင်းမိုင်းနဲ့ တိုက်မိုင်းတွေကြောင့် ဖြစ်ပြီး အမှတ် ၂ ခရိုင် မော်ချီးဒေသနဲ့နယ်စပ် ဒေသ က ပိုမိုဖြစ်ပွားတာပါ။
လူတွေတင် မကပါဘူး မကြာသေးမှီက ထောင်ထားတဲ့ မြေမြုပ်မိုင်းကြောင့် အခုအချိန်မှာ ထင်းရူးတောင် စခန်းအနီးတဝိုက်က ရွာသားတွေရဲ့ ကျွဲ၊ နွားတွေ နေ့စဉ် မိုင်းထိမှန်နေကြတယ်လို့ မော်ချီးဒေသခံ တစ်ယောက်က ပြောပြပါတယ်။
“မော်ချီးနဲ့ အနီးအနားမှာ ရှိတဲ့ ကော်ဒူဒိုး၊ ဘူးလော်ပယ်၊ လယ်လော်ထိ၊ လိုခါးလိုနဲ့ မောဆာခီး ရွာက ရွာသားပိုင် ကျွဲ၊ နွားတွေဟာ (၂) ရက်တစ်ခါ၊ (၃) ရက်တစ်ခါ မြုပ်ထားတဲ့ မိုင်းတွေ တောက်လျှောက် ထိတယ်။ ကျနော်တို့ ဒေသခံလည်း ဘာမှ ပြောလို့ မရဘူး၊ ဘာမှ မတတ်နိုင်ကြပါဘူး” လို့ ပြောပါတယ်။
မြေမြုပ်မိုင်းတွေကို စစ်အစိုးရတပ်က အထူးသဖြင့် သူတို့ရဲ့ တပ်အခြေစိုက်ရာ စခန်းတိုင်းရဲ့ အနီးတဝိုက်၊ လျှပ်စစ်သွယ်တန်းသွားတဲ့ တာဝါတိုင်အောက်ခြေ အနီးတဝိုက်၊ အနက်ရောင် နယ်မြေလို့သတ်မှတ်ခံထားရ တဲ့ အိုင်ဒီပီတွေ ပုန်းအောင်းနေတဲ့ နေရာဒေသ အနီးတဝိုက်နဲ့ ကရင်နီတပ်မတော်တွေ လှုပ်ရှားနေတဲ့ နယ်မြေဒေသမှာ ထောင်လေ့ရှိပါတယ်။
ကရင်နီတပ်မတော် တပ်ရင်း ၁ က ပြောရေးဆိုခွင့် ရှိတဲ့ စောထီးထာစွေ့ကတော့ “အမှန်တကယ်ပြောရ မယ်ဆိုရင်တော့ မိုင်းကို အသုံးပြုတဲ့ နေရာမှာ ကိုယ့်ကိုယ်ကို အကာကွယ်မပေးနိုင်တဲ့ နေရာမှာထောင်လေ့ ရှိတယ်။ အခုက ဘုရားကျောင်းထဲမှာ ထောင်တယ်။ အဲဒါ နအဖ အဖွဲ့တွေက တမင်သက်သက် လူထုနဲ့ ကျနော်တို့ အဖွဲ့အစည်းကို အမြင်လွဲချော်မှုအတွက် သူတို့ အဖွဲ့အစည်းကပဲ လာထောင်တယ်” ပြောပါတယ်။
လွိုင်ကော်မြို့နယ်အတွင်းရှိ လောပိတ ရေအားလျှပ်စစ်စက်ရုံ အနီးတဝိုက်မှာပင် စစ်အစိုးရမှ မြေမြုပ်မိုင်း ပေါင်း ၁၈ဝဝဝ ခန့်ထောင်ထားပြီး ထိုင်း-ကရင်နီ နယ်စပ်တလျှောက်မှာမူ မြေမြုပ်မိုင်းပေါင်း ၂ဝဝဝ ကျော် တယ်လို့ ကရင်နီဖွံ့ဖြိုးရေး သုတေသနအဖွဲ့ (KDRG) အဖွဲ့မှ ပြုစုထားချက်အရ သိရပါတယ်။
ကရင်နီတပ်မတော် ရှေ့တန်းစခန်း တစ်နေရာမှာ ထွက်ပြေးလာခဲ့ကြတဲ့ စစ်အစိုးရ တပ်သားတွေရဲ့ပြောပြ ချက်အရ တပ်ချိန်းတဲ့ အချိန်မှာ တစ်ဖွဲ့နဲ့တစ်ဖွဲ့ မိုင်းထောင်ထားတဲ့့ နေရာကို အကုန်မပြနိုင်တာက တကြောင်း၊ ပြနိုင်ခဲ့ပေမယ့် လိုက်လံထိန်းသိမ်းတာတွေ မလုပ်နိုင်တဲ့အတွက် စွန့်လွတ်မိုင်း အမြောက်အများရှိနေသေး တယ်လို့ ပြောပါတယ်။
KDRG အဖွဲ့တွေရဲ့ ခန့်မှန်းထားချက်အရ ကရင်နီပြည်မှာ မြေမြုပ်မိုင်း အလုံးပေါင်း (၁) သိန်းကျော် ရှိတယ်လို့ ဆိုပါတယ်။ အဲဒီအရေအတွက်ဟာ ကရင်နီမှာ ရှိနေတဲ့ လူဦးရေ (၃) သိန်းရဲ့ ထက်ဝက်မှာ ရှိနေတဲ့အတွက် လူတွေရဲ့ သွားလာလုပ်ကိုင်စားသောက်ရေးမှာ လွန်စွာမှ ဒုက္ခရောက်နေကြရပါတယ်။
မော်ချီးဒေသက ပြည်သူတွေဟာ တောင်ယာလုပ်ငန်း၊ ဖလာစိုက်ပျိုးရေးလုပ်ငန်း၊ ခဲတူးဖော်ရေး လုပ်ငန်းနဲ့ ဝမ်းစာရေးအတွက် အလုပ်လုပ်ကြရပါတယ်။
အခုလို ကျေးရွာအပြင်မှာသာမကပဲ အတွင်းထဲမှာပါ မိုင်းလာထောင်ထားတော့ ကျနော်တို့ အသက်ရှင်ဖို့ ဘယ်လိုလုပ်ကိုင်စားသောက်ရမလဲဆိုတာ ကျနော်တို့လည်း မစဉ်းစားတတ်တော့ဘူးလို့ မော်ချီးတောင်ပေါ်ရွာ ဒေသခံ တစ်ယောက်ဖြစ်တဲ့ ထူးရယ်က ဘာကိုမှ မစဉ်းစားတတ်တော့တဲ့ လေသံနဲ့ ပြောသွားပါတယ်။