‘‘ဗိုလ်ချုပ်အောင်ဆန်း၏ စာစုစာရင်း’’ စာအုပ်ထွက်

‘‘ဗိုလ်ချုပ်အောင်ဆန်း၏ စာစုစာရင်း’’ စာအုပ်ထွက်
by -
ထွန်းထွန်း

နယူးဒေလီ (မဇ္စျိမ) ။    ။ မြန်မာ့လွတ်လပ်ရေးဖခင်  ဗိုလ်ချုပ်အောင်ဆန်း၏ ဆောင်းပါးများ၊ မိန့်ခွန်း များနှင့် အတ္ထုပ္ပတ္တိ စာတမ်းများ စုစည်းဖော်ပြ ထားသည့် “ဗိုလ်ချုပ်အောင်ဆန်း၏ စာစုစာရင်း” အမည်ရ စာအုပ်ကို ဇူလိုင်လဆန်းတွင် ရန်ကုန်၌ စတင်ဖြန့်ချိလိုက်သည်။

စာရေးဆရာစိုးရှိန် ခေါ် ဦးမောင်မောင် (ကွယ်လွန်)  ရှာဖွေပြုစုထားကာ ဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင်  ရေးသားခဲ့သည့် ဆောင်းပါး၊ စာအုပ်နှင့် ပြောကြားခဲ့သည့် မိန့်ခွန်းများအား ခုနှစ်သက္ကရာဇ်၊ ရေးသားခဲ့့သည့် စာအုပ်စာစောင်၊ စာအမှတ်များအလိုက် တင်ပြထားသည်။ ထို့အပြင် မည်သည့်အတွက်ကြောင့် ထိုစာ ရေးခဲ့ကြောင်းနှင့် ထိုမိန့်ခွန်း ပြောခဲ့ကြောင်းကိုပါ ထည့်သွင်းဖော်ပြထားသည်။

စာအုပ်တွင် ဗိုလ်ချုပ်၏သမီး ဒေါ်အောင်ဆန်းစုကြည်နှင့်ပတ်သက်၍ မိသားစုဝင်အမည်၊ ငယ်စဉ်က ဗိုလ်ချုပ်တို့ မိသားစုလိုက် ရိုက်တဲ့ ဓာတ်ပုံမျိုးသာပါတာကိုလည်း တွေ့ရသည်။

‘‘ အခုက လူတွေကလည်း ဗိုလ်ချုပ်ကိစ္စကို ပိုဖတ်လာကြသလို၊ နည်းနည်းလည်း လွတ်လပ်လာလို့ ထုတ်ဖြစ်တာပါ’’ ဟု ၎င်းစာအုပ် ထုတ်ဝေသူ ဦးမိုးဝေးက မဇ္စျိမကို ပြောသည်။

သူက ဆက်ပြီး ‘‘ထူးခြားချက်က ဗိုလ်ချုပ်ကိုယ်တိုင် ပြောခဲ့တဲ့၊ ရေးခဲ့တဲ့ မြန်မာလို စာတွေ၊ မိိန့်ခွန်းတွေကို အပြည့်စုံဆုံး ထည့်သွင်းထားတာပါပဲ။ တချို့မိန့်ခွန်းတွေဆို အတိုချုပ်လေးတွေပါ ပါတယ်။ ဒါတွေကို ဖတ်ပြီး တစုံတရာတော့ အကျိုးရှိမယ်လို့ ကျနော်တို့ မျှော်လင့်တယ်လေ’’ ဟု ဆိုသည်။

စာအုပ်တွင် စာမျက်နှာ ၁၈ဝ ခန့် ပါရှိကာ အပိုင်းနှစ်ပိုင်း ခွဲထားသည်။ ပထမပိုင်းတွင် ဗိုလ်ချုပ်ကိုယ်တိုင်
 ရေးသားခဲ့သည့် ကဏ္ဍ၌ မိန့်ခွန်း၊ စာတမ်းနှင့် ဆောင်းပါး အပုဒ်ပေါင်း ၁၃ဝ ခန့် ပါရှိသည်။  ဒုတိယပိုင်းတွင် မူ အခြားစာရေးဆရာများ ရေးသားခဲ့သည့် ဗိုလ်ချုပ်အကြောင်း ပုဒ်ရေ ၁၄ဝ ခန့် ပါဝင်သည်။

လူငယ်များအတွက် လိုအပ်သည့် စာအုပ်မျိုးဖြစ်ကြောင်း မကြာသေးခင်ကမှ “စာရေးဆရာ ကိုအောင်ဆန်း” အမည်ဖြင့် ဗိုလ်ချုပ်အောင်ဆန်းအကြောင်း စာအုပ်ထုတ်ဝေခဲ့သူ စာရေးဆရာ မောင်စိမ်းနီက မဇ္စျိမကို ပြောဆိုသည်။

“တခြားဟာတွေ ပျံ့နှံ့မယ့်အစား ကိုအောင်ဆန်း၊ ကျနော်တို့ရဲ့ အမျိုးသားခေါင်းဆောင်ကြီးရဲ့ အတ္ထုပ္ပတ္တိတွေ၊ အသံတွေ၊ အရိပ်တွေ၊ အရောင်တွေ မြန်မာတပြည်လုံးမှာ အမြဲပျံ့နေရင် ကောင်းတာပေါ့။ နောင် အနာဂတ် အတွက် ဒါတွေက ကောင်းတာပေါ့” ဟု သူက ပြောသည်။

၂ဝ၁ဝ-၂ဝ၁၁ ခုနှစ်အတွင်း ဗိုလ်ချုပ်အောင်ဆန်းနှင့် ပတ်သက်သည့် စာအုပ်ပေါင်း ၁ဝ အုပ်ကျော် ထွက်ရှိခဲ့ပြီး အများစုကို စာပေစိစစ်ရေးက ခွင့်ပြုခဲ့သည်ဟု ဆရာမောင်စိမ်းနီက ဆိုသည်။

“ဒါ အချိန်အခါတခုကို ရောက်လာတာပေါ့ဗျာ။ အရွေ့တခုကို ရောက်တာပေါ့။ ရောက်တဲ့အရွေ့မှာ ပွင့်လင်းတဲ့ ကိစ္စတရပ်ကို မဖြစ်မနေ ပေးကို ပေးရတော့မယ့် ကာလတွေ ဖြစ်လာတယ်။ အချိန်ရောက်လာတဲ့အခါကျ တော့ ဒီဥစ္စာကို ပေးကို ပေးရမှာ။ ပေးတဲ့အတွက် ဒါဟာ ကောင်းတဲ့လက္ခဏာလို့ ကျနော် ယူဆတယ်” ဟု သူက ပြောဆိုသည်။

‘‘ရန်ကုန် စာအုပ်စျေးကွက်တွင် ရရှိနိုင်သည့် ဗိုလ်ချုပ်အောင်ဆန်းနှင့် သက်ဆိုင်သည့် စာအုပ်များစာရင်း’’
(၂ဝ၁၁ ဇွန်လ ၂ ရက်နေ့ထုတ် ပြည်သူ့ခေတ်ဂျာနယ်၊ အတွဲ ၁၊ အမှတ် ၄၅ မှ -)

as