ဆိုင်ကယ်တိုက်ခံရသည့် တရုတ်ကျောင်းသား အရေးယူခံရ

ဆိုင်ကယ်တိုက်ခံရသည့် တရုတ်ကျောင်းသား အရေးယူခံရ
by -
မွေခေါဝ်

သျှမ်းပြည်မြောက်ပိုင်းနမ့်ခမ်း၌မြို့နယ်လက် ထောက် ဦးစီးမှူးက တရုတ်ကျောင်းသား၏ ဆိုင်ကယ်ကို နောက် မှ ဝင်တိုက်မိကာသေဆုံး သွားသဖြင့် ထိုကျောင်းသား အားအရေးယူထား ကြောင်း သိရှိရပါသည်။

“လက်ထောက်ဦးစီးမှူးက တရုတ်ကျောင်းသားကို ဝင်တိုက်တာ။ သူသေသွားတော့ အဲဒီကျောင်းသားကို သူ့ရဲ့ အသိုင်းအဝိုင်းက အရေးယူထားတယ်။ အခုနမ့်ခမ်းအချုပ်ခန်းထဲမှာ” ဟု နမ့်ခမ်းဒေသခံတစ်ဦးက ပြောပါ သည်။

ဂျွန် ၃၀ ရက် နံနက် ၈:ဝဝ နာရီ(တရုတ်ကျောင်းဆင်းချိန်) မယက လက်ထောက်ဦးစီးမှူး ဦးကျော်ခိုင်(၄၃ နှစ်)သည် ဟိုနမ့်သို့ ဦးတည်လျက် ဆိုင်ကယ်ကို လျင်မြန်စွာ မောင်းနှင်လာကြောင်း၊စလေးတန်းရပ်ကွက် လဝကရုံးအနီးသို့ ရောက်သော် ဖြည်းဖြည်းမှန်မှန် မောင်းနှင်လာသော တရုတ်ကျောင်းသား မောင်ချစ်ဆွေ (၁၅ နှစ်)၏ ဆိုင်ကယ်ကို နောက်မှ ဝင်တိုက်ကြောင်း မျက်မြင်တစ်ဦးက ပြောပြပါသည်။

“ကျောင်းသားရဲ့ဆိုင်ကယ်ကို နောက်ကနေ ဝင်တိုက်မိတော့ ဦးစီးမှူး လဲကျသွားတယ်။ လမ်းဘေး ပလက် ဖောင်ကို ဘယ်ဘက်နားထင်နဲ့ စောင့်မိလို့ နားထင်ချိုင့်သွားပြီး မျက်လုံးကြီး ပြူးထွက်လာတယ်။ အဲဒီ ကျောင်းသား တော့ ခါးမှာဒဏ်ရာရသွားတယ်”

ဦးကျော်ခိုင် အား ၎င်း၏အသိုင်းအဝိုင်းများက နမ့်ခမ်းဆေးရုံ၊ မူဆယ်ဆေးရုံသို့ ပို့ဆောင်ပေးသော်လည်း ဆရာဝန်များက လက်လွှတ်သဖြင့် တရုတ်ဘက်သို့ ယူဆောင်သွားခဲ့ကြောင်း၊ တရုတ်ဆရာဝန်များကလည်း လက်လွှတ် သဖြင့် မိသားစုဝင်က လက်လျှော့ကာ နမ့်ခမ်းသို့ ပြန်လည်ယူဆောင်လာစဉ် လမ်းခရီး၌သေဆုံး သွားကြောင်း၊ ဂျူလိုင် ၁ ရက် နေ့လည် မွန်းတည့်ချိန်တွင် သဂြိုလ်ခဲ့ကြောင်း သိရပါသည်။

“ဦးကျော်ခိုင်ရဲ့ စျာပနကုန်ကျစရိတ်အားလုံး ကျောင်းသားမိဘကို တာဝန်ယူခိုင်းတယ်။ သူတို့က ပိုက်ဆံမရှိ လို့ ၂ သိန်းဘဲ ပေးထားနိုင်တယ်။ ကျောင်းသား အပြစ်မရှိတာ ဘယ်သူမှ သက်သေမလုပ်ရဲဘူး။ တချို့လဲ တရုတ်ဆို တော့ ပိုက်ဆံရှိတယ်ထင်ပြီး ခြူစားချင်လို့ဘဲဖြစ်မယ်လို့ ပြောနေကြတယ်။ သူတို့တောင်ပေါ် ကနေမြို့ထဲပြောင်း လာတာ သိပ်မကြာသေးဘူး” ဟု အဆိုပါ နမ့်ခမ်းဒေသခံက ပြောပါသည်။

လက်ထောက်ဦးစီးမှူး ဦးကျော်ခိုင် သည် နေပြည်တော်မှ နမ့်ခမ်းသို့ ပြောင်းရွှေ့လာသည်မှာ ၁၀ လခန့်သာ ရှိသေးကြောင်း၊ ၎င်းသည် မူးယစ်ဆေးဝါး သုံးစွဲနေသူတစ်ဦးဖြစ်ကြောင်း ဒေသခံများ ပြောပြချက်အရ သိရ ပါသည်။