မြန်မာစစ်တပ် ပစ်ခတ်ခြင်းခံရသော ဒေသခံ ရွာသား အား မြို့အဝင်ဂိတ်စောင့် စစ်သားများက မြို့ဆေးရုံ ပို့ခွင့်မပေးကြောင်း သိရသည်။
ပစ်ခတ်ခံရသူ စိုင်းပန့်(အသက် ၃၃ နှစ်)သည် မိုင်းရယ်မြို့နယ် ဝမ့်ပုံရွာသားဖြစ်ပြီး ဂျွန် ၂၁ ရက် နံနက် ၂:ဝဝ နာရီ လက်ဖက်ခြောက်စက်ရုံမှ အိမ်အပြန်လမ်း၌ ပစ်ခတ်ခံရခြင်းဖြစ်ကြောင်း၊ ဆွေမျိုးတော်စပ်သူ တစ်ဦးက ပြောပါသည်။
“မိုင်းရယ်တောင်ဖက် မိုင်းရှုးကားလမ်းနားက ဝမ့်ပုံရွာမှာ စခန်းချတဲ့ ခလရ ၃၂၅ က သူ့ကိုပစ်တာ။ အချိန်က လဲ မနက် ၂ နာရီဆိုတော့ မမေးမမြန်းဘဲ ပစ်ထဲ့လိုက်တာ နေမှာ။ ကံကောင်းလို့ မသေတာ” ဟု ဆို၏။
ခလရ ၃၂၅ ၏ ဝမ့်ပုံတပ်စခန်းတွင် တပ်ခွဲမှူး ဗိုလ်ကြီး နိုင်ဝင်းဦးက ဦးဆောင်သည်ဟု မိုင်းရယ်ဒေသခံ တစ်ဦးကလည်း ပြောပါသည်။
“ဘယ်ပါးမှာ တစ်ချက်၊ ညာဘက်လည်ပင်းမှာ တစ်ချက်နဲ့ ညာလက်မောင်းမှာ ရှပ်မှန်တယ်။ ညာလက်မောင်း ရိုးထိသွားလားမသိဘူး။ ကျိုးသွားတယ်လို့ အတွေ့အကြုံရှိသူတွေပြောတယ်” ဟု အဆိုပါ အမျိုးက ဆက် လက်ရှင်းပြသည်။
ပစ်ခတ်ခံရပြီးနောက် မိဘဆွေမျိုးများက ဆေးကုသရန် မိုင်းရယ်ဆေးရုံသို့ ခေါ်ဆောင်သွားစဉ် မြို့အဝင် ဂိတ်စောင့် မြန်မာစစ်သားများက တားဆီးခဲ့ကြောင်း ၎င်းက ဆက်ပြောပြသည်။
“မိုင်းရယ်ဆေးရုံမှာ ဆေးကုဖို့သွားတော့ မြို့အဝင်ဂိတ်စောင့် ဗမာစစ်သားတွေက မပေးဝင်ဘူး။ ဘယ်လို တောင်းပန် ပြောပြော ပေးမသွားဘူး။ ဒါကြောင့် လှည့်ပြန်ခဲ့ရတယ်”
ပစ်ခတ်ခံရသူ စိုင်းပန့်သည် မိုင်းရယ်မြို့နယ် ဝမ့်ပုံကျေးရွာမှ လုံးအောနှင့် ပါ့သန်းလူ တို့၏ သားဖြစ်သည်။