ကော့သောင်းမြို့တွင် ဒီမိုကရက်တစ်ပါတီရုံးဖွင့်

ကော့သောင်းမြို့တွင် ဒီမိုကရက်တစ်ပါတီရုံးဖွင့်
by -
ဆူးပန်း

ဒေသခံအာဏာပိုင်များအနှောက်အယှက်ပေးမှုကြားမှ ကော့သောင်းမြို့တွင်ဒီမိုကရက်တစ်ပါတီ(မြန်မာ) ရုံးကို ဇွန်လ(၂၃ ရက်နေ့တွင်ဖွင့်လှစ် နိုင်ခဲ့ပြီးဟု တိုင်းစည်းရုံးရေးတာဝန်ခံကိုသန်းထွန်းမှပြောပါ သည်။

ကော့သောင်းမြို့ ရွှေဇင်ယော်ရပ်ကွက်မြရည်ပုလဲလမ်းအမှတ်(၈၄)တွင် ပါတီရုံးကိုဖွင့်လှစ်ထားသည်ဟုဆို သည်။ ရုံးဖွင့်ရန်ကြန့်ကြာ ရသည်မှာ ကော့သောင်းမြို့ဒေသခံအာဏာပိုင်များအနှောက် အယှက်ပေးခြင်း ကြောင့်ဟု တိုင်းစည်းရုံးရေးတာဝန်ခံ ကိုသန်းထွန်းမှယခုလို ပြောပါသည်။

“အနှောက်အယှက်ပေးတာတော့အမျိုးမျိုးပေါ့။ ပထမဆုံးရုံးခန်းမဖွင့်နိုင်အောင်နှောက်ယှက်တယ်။ ခရိုင် ကော်မစ်ရှင်ရုံးကခွင့်ပြုပေးရမဲ့ဟာကို နှောက်နှေးကြန့်ကြာအောင်ဗဟိုကိုတင်ပါဦး။ ပြည်ထောင်စု ကော်မစ်ရှင် ကိုတင်ပါဦးဆိုပြီး အချိန်ဆွဲခိုင်းတာပေါ့။ ဇွန်လ(၃)ရက်နေ့က ကျွန်တော်တို့အရင်ယာယီရုံးဖွင့်ထားတဲ့ အိမ်ကိုလဲ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီရယ် မြို့နယ်အုပ်ချုပ်ရေးမှူးတွေက အမျိုးမျိုးဖိအားပေးပြီး နေလို့မရအောင် လုပ်တယ်။  ကျွန်တော်တို့ကတော့ဥပဒေအတိုင်းပေါ့။ ဥပဒေထဲမှာတော့ခရိုင်ကော်မစ်ရှင်ကနေခွင့်ပြုရ မဲ့ဟာကို ခရိုင်ကနေ ခွင့်မပြုဘဲ ဟိုအပေါ်တင်ခိုင်းတယ်။ ဒါကြောင့်မို့ ကြာသွားတယ်။”

ဒီမိုကရက်တစ်ပါတီရုံးကို ဖေါက်ထွင်းရန်အတွက် မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့တို့ ပူးပေါင်းပြီးကြံစည်ခဲ့သေးသည်ဟု တိုင်းစည်းရုံးရေးတာဝန်ခံ ကိုသန်းထွန်းမှ ပြောပါသည်။

“ကျွန်တော်တို့ရုံးအဖြစ်ငှါးရမ်းထားတဲ့အခန်းမှာလေ ညကိုးနာရီအချိန်မှာ ဖေါက်ထွင်း ၀င်ရောက်ပြီးတော့ ပါတီရဲ့ကျော်ညာဆိုင်းပုဒ်တွေ ပါတီဆိုင်းပုဒ်တွေကိုဝင်ခိုးသွားတယ်။ မြို့နယ်အုပ်ချုပ်ရေးမှူးကရပ်ကွက် အုပ်ချုပ် ရေးမှူးနဲ့ပေါင်းပြီး(----)ကိုဝင်ခိုးခိုင်းတယ်။ ကျွန်တော် သိသိချင်းရဲကိုအကြောင်းကြားတယ်။ အဲဒီအချိန်မှာ မြို့နယ်အုပ်ချုပ်ရေးမှူး၊ရပ်ကွက်အုပ်ချုပ်ရေးမှူး တွေကနေလာတောင်းပန်တယ်။ပါတီဆိုင်းပုဒ် တွေကို သူတို့ယူသွားတယ်လို့လဲပြောတယ်။ ကျွန်တော်ကပိုင်နက်ကျူးလွန်မှု၊ အိမ်ဖေါက်ထွင်းမှုနဲ့တရားစွဲဖို့ ဌာနချုပ်ကိုအကြောင်းကြားတယ်။

အမှုဖွင့်ဖို့ကျွန်တော်တို့ပါတီဥက္ကဌဦးသုဝေကပြောတယ်။ ဒါပေမဲ့သူတို့က လာတောင်းပန်တာကတကြောင်း ရုံးဖွင့်ဖို့လုံးပန်းနေရတော့ကျွန်တော်တို့အမှုမဖွင့်ခဲ့ရဘူး။”

ယခုရုံးခန်းဖွင့်ထားသည့်နေရာသည် ယခင်ကကျောင်းဆရာဆရာမများနေထိုင်သောကျောင်းပိုင်အဆောင် ဖြစ်ပြီး ယခင်မြို့နယ်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီမှ မြို့နယ်ရံပုံငွေအတွက်ဟု ဆိုကာရောင်းချ ထား သည်ဟုဒေသခံကျောင်းဆရာတစ်ဦးမှပြောပါသည်။

ရွေးကောက်ပွဲပြီးစီးသွားသည်မှာ(၆)လကြာခဲ့ပြီးသော်လည်း ကော့သောင်းမြို့တွင်ယခုအခါမှပါတီရုံးကိုဖွင့်လှစ် ရ သည်ဟု တိုင်းစည်းရုံးရေးမှူးကိုသန်းထွန်းမှပြောပါသည်။

ဒီမိုကရက်တစ်ပါတီ(မြန်မာ)ကို မှတ်ပုံတင်အမှတ်(၂၄)ဖြင့် (၂၀၁၀)ခုနှစ်မေလ(၂၈)ရက်တွင် မှတ်ပုံတင်ခွင့်ကျ ခဲ့ပြီး ရွေးကောက်ပွဲတွင် လွှတ်တော်ကိုယ်စားလှယ်နေရာပေါင်း(၁၆)ဦးအနိုင်ရခဲ့ပါသည်။