အစိုးရတပ်နှင့် KIA အကြား တိုက်ပွဲများ ဆက်လက်ဖြစ်ပွား

အစိုးရတပ်နှင့် KIA အကြား တိုက်ပွဲများ ဆက်လက်ဖြစ်ပွား
by -
အားမီ

ကချင်ပြည်နယ်အတွင်း မြန်မာစစ်တပ်နှင့် ကချင် ပြည်လွတ်မြောက်ရေး တပ်မတော်(KIA)  တပ်ဖွဲ့ အကြား ယနေ့နံနက်က တိုက်ပွဲငယ်များ ဆက် လက် ဖြစ်ပွားနေကြောင်း KIA ကပြောသည်။

ကချင်ပြည်မြောက်ပိုင်း ပူတာအိုခရိုင်အတွင်းရှိ KIA တပ်မဟာ(၁)နှင့် တပ်မဟာ(၂) အဆက် အသွယ် ပြုလုပ်သည့်လမ်းကြောင်းပေါ်ရှိ ရွာနှစ်ရွာကြားတွင် ယနေ့နံနက်က တိုက်ပွဲဖြစ်ပွား ခဲ့သည်ဟု KIO ဌာနချုပ်ရှိ ဗဟိုကော်မတီရုံးမှ အမည်မဖော်လိုသည့် အရာရှိ တစ်ဦးက ပြောသည်။

မြစ်ကြီးနား မြောက်ဖက်ရှိ ဆွမ်ပရာဘွမ်မြို့သို့ ကားဖြင့်သွားသည့် အစိုးရ၏ အင်အား (၅၀) ကျော် ပါ၀င်သည့် ခြေလျင်တပ်ရင်း (ခလရ) ၁၃၈ တပ်ဖွဲ့အား   KIA တပ်မဟာ(၁) လက်အောက်ခံ တပ်ရင်း (၂၂) ကတိုက်ခိုက် ခြင်းဖြစ်သည်ဟု KIO ပြောရေးဆိုခွင့်ရှိသူ ဦးလနန်က ပြောသည်။

“ဒီနေ့မနက် ၁၁ နာရီကျော်ကနေ နေ့လည် ၁ နာရီကျော်ထိ တိုက်ပွဲငယ်တခုဖြစ်တယ်။ သူတို့ဘက်ကတော့ တပ်သားတစ်ယောက်ကျတယ်၊ (၅) ယောက် ကတော့ ဒဏ်ရာရတယ်။ ကျနော်တို့ဆီကတော့  ထိခိုက်တာ၊ သေဆုံးတာ ဘာမှမရှိဘူး။” 

ယင်းကိစ္စနှင့်ပတ်သက်၍ သီးခြား အတည်ပြုချက် မရရှိသေးပါ။

အလားတူ ကချင်ပြည်နယ် မိုးမောက်မြို့နယ်ရှိ တပ်မဟာ(၃) ထိန်းချုပ်နယ်မြေအတွင်း ဆမ်ဂမ် ကျေးရွာ အနီးတွင်လည်း ယနေ့မွန်းလွဲပိုင်းက တိုက်ပွဲငယ်တစ်ခု ထပ်မံဖြစ်ပွားခဲ့ပြီး အစိုးရဖက်က (၁)ဦး ကျဆုံး သည်ဟု ဦးလနန်က ဆက်ပြောသည်။

ထို့အပြင် ယမန်နေ့ ညနေ ၄ နာရီကျော်အချိန်က ကချင်ပြည်နယ် မြောက်ပိုင်း၊ ပူတာအို ခရိုင် အတွင်းရှိ မလိခနှင့် ခရန်ခမြစ်နှစ်သွယ်ကြားတွင်  KIA တပ်မဟာ(၁) လက်အောက်ခံ တပ်ရင်း(၇) နှင့် အစိုးရတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။

(၁၇) နှစ်ကြာ အပစ်ခတ်ရပ်စဲထားသည့် အစိုးရတပ်နှင့် ကချင်ပြည်လွတ်မြောက်ရေး တပ်မတော် (KIA) အကြား ဗန်းမော်ခရိုင် မိုးမောက်မြို့နယ်အတွင်း၌ ယခုလ(၉)ရက်နေ့က စတင်၍ တိုက်ပွဲ များဖြစ်ပွားခဲ့သည်။ သို့သော် ယခုလ (၁၉) ရက်နေ့က ငြိမ်းချမ်းရေး ဆွေးနွေးနိုင်ရန် နှစ်ဖက် စကားကမ်းလှမ်းခဲ့ပြီး (၂) ရက်ခန့် ငြိမ်သက်နေရာမှ တိုက်ပွဲများ ပြန်လည် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ယခုလ ၂၁ ရက်နေ့ ည ၁၁ နာရီခန့်ကလည်း မြစ်ကြီးနားမြို့ အမှတ်(၁) ရဲစခန်းအနီး နှင့် မြို့နယ်လူဝင် မှုကြီးကြပ်ရေးရုံးတို့တွင် ဗုံးနှစ်လုံး ဆက်တိုက် ပေါက်ကွဲခဲ့သည်။