ကချင်ပဋိပက္ခ ပြေလည်ပြီဟု ဦးရွှေမန်းပြော

ကချင်ပဋိပက္ခ ပြေလည်ပြီဟု ဦးရွှေမန်းပြော
by -
မျိုးသန့်

ချင်းမိုင် (မဇ္ဈိမ) ။        ။ လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းမှ ကချင်ပြည်နယ်အတွင်းကချင် လွတ်လပ်ရေး တပ်မတော် KIA နှင့် အစိုးရတပ် တို့ကြား ဖြစ်ပွားနေသည့် ပဋိပက္ခများ ပြေလည်မှု ရရှိသွားပြီ ဖြစ်ကြောင်း ရန်ကုန်တိုင်းအတွင်းရှိ လွှတ်တော် ကိုယ်စားလှယ်များနှင့် သောကြာနေ့ တွေ့ဆုံမှုတွင် ပြောကြားခဲ့သည်။

ကချင်ပြည်နယ်တွင် ယခုလ ၉ ရက်နေ့မှ စတင်ဖြစ်ပွားသည့် KIA နှင့် အစိုးရတပ်တို့အကြား တိုက်ပွဲများကို ကချင်ပြည်နယ် မြစ်ကြီးနားမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းဇော်၏ ကြားဝင် ဖြေရှင်းမှုကြောင့် ပြေလည်မှု ရရှိသွားပြီဖြစ်ကြောင်း လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းက ပြောဆိုခြင်း ဖြစ်သည်ဟု သောကြာနေ့တွင် ပြုလုပ်သည့် လွှတ်တော်ဥက္ကဋ္ဌနှင့် ရန်ကုန်လွှတ်တော်အမတ်များ တွေ့ဆုံပွဲသို့ တက်ရောက်ခဲ့သည့် လွှတ်တော်အမတ် ဦးဖုန်းမြင့်အောင်က ပြောသည်။

shwemann“ဦးသိန်းဇော်ရဲ့ ဆောင်ရွက်မှု ကြောင့်တဲ့ KIA နဲ့ အစိုးရဟာ မူလ အနေအထားထိအောင် ပြန်လည် ရောက်ရှိနေပါပြီတဲ့ အဲဒီလိုပြောတယ်ဗျ ညှိနှိုင်းဆောင်ရွက်တယ် ပြည်သူ့ ကိုယ်စားလှယ် တယောက်အနေနဲ့ တာဝန်သိသိ KIA နဲ့ အစိုးရကြားမှာ ကြားဝင် ဆောင်ရွက်ပေးတယ် ပေါ့ဗျာ ပဋိပက္ခ ပြေလည်သွားပြီပေါ့ဗျာ”

ဆက်သွယ်ရေး စာတိုက်နှင့် ကြေးနန်းဝန်ကြီးဟောင်း ဦးသိန်းဇော်က အစိုးရပ်တပ်များကို အပစ်အခတ် ရပ်စဲရန် ညွှန်ကြားထားပြီး ဖြစ်ကြောင်း KIA သို့ ယခုလ ၁၉ ရက်နေ့တွင် စာရေးသား ပေးပို့ခဲ့သော်လည်း ပစ်ခတ်မှုများ ရှိနေသေးကြောင်း KIA ပြောခွင့်ရ ဦးလနန်က ပြောသည်။

“ဖြစ်တာကတော့ ၉ ရက်နေ့ကနေ စပြီးဖြစ်တာ နေ့တိုင်းလိုလို ဖြစ်တယ် ၁၃ ရက်နေ့မှာ ပစ်တာခတ်တာ နည်းနည်း လျော့သွားတယ်၊ နေ့တိုင်းလိုလိုတော့ ရှေ့တန်းတွေမှာ ပစ်ခတ်မှုတွေ နည်းနည်းစီ ဖြစ်ပါတယ်
ဒီနေ့ကတော့ ဘယ်မှာ ဖြစ်တယ်ဆိုတာ REPORT က ထွက်မလာသေးဘူး” ဟုဆိုသည်။

KIA သည် ၁၉၉၄ ခုနှစ် ဖေဖေါ်ဝါရီလအတွင်းက အစိုးရနှင့် အပစ်အခတ် ရပ်စဲခဲ့သော်လည်း KIO တပ်ဖွဲ့ဝင်များ ကို ရှမ်းပြည်နယ် မြောက်ပိုင်း ကွတ်ခိုင်ခရိုင်အတွင်း အစိုးရတပ်မှ ပစ်ခတ်မှုကြောင့် တပ်ဖွဲ့ဝင် ၁ဝ သေဆုံးခဲ့ရ သည်ဟု ဦးလနန်က ပြောသည်။

ယခုကဲ့သို့ စာချုပ်ချုပ်ဆိုပြီး အပစ်အခတ် ရပ်စဲခဲ့သည်များ ရှိခဲ့သော်လည်း အာမခံချက် မရှိခြင်းကြောင့် ယခု ဦးသိန်းဇော်၏ ကမ်းလှမ်းချက်သည်လည်း အာမခံချက် မရှိဘဲ အစိုးရအဖွဲ့ဝင် သို့မဟုတ် စစ်တပ်ဘက်မှ အရာရှိများ၏ အပစ်အခတ်ရပ်ရေး အာမခံချက်ကို တောင်းဆိုထားကြောင်း ဦးလနန်က ဆိုသည်။

“စာရွက်စာတမ်းနဲ့ လက်မှတ်ထိုးပြီး လုပ်ထားတာတောင်မှ အဲဒီလိုမျိုး ဒီပါးစပ်နဲ့ပဲ သူက အစိုးရ အဖွဲ့ဝင်လည်း မဟုတ်ဘူး လွှတ်တော် ကိုယ်စားလှယ် တဦးသာ ဖြစ်တယ် သူ့လုပ်ဆောင်ချက်ကို အစိုးရဘက်ကနေ ဒါမှမဟုတ်ရင်လည်း စစ်ဘက်ဆိုင်ရာကနေ အာမခံချက်ရှိရှိ ကျနော်တို့ လိုချင်ပါတယ် ဒါပေမယ့် အခုထိတော့ အစိုးရတာဝန်ရှိသူတွေ စစ်ဘက်ဆိုင်ရာက အမှန်တကယ် တိုက်နေကြတဲ့ စစ်ဘက်ဆိုင်ရာတွေက အပစ်အခတ် ရပ်စဲလိုက်ပြီဆိုတဲ့ အထောက်အထားမျိုး ရောက်မလာသေးဘူး” ဟု ဆိုသည်။

သောကြာနေ့ တွေ့ဆုံပွဲတွင် သူရဦးရွှေမန်းမှ လွှတ်တော်အမတ်များကို ဦးသိန်းဇော်ကဲ့သို့ တာဝန်သိတတ်ကြ ရန်လည်း တိုက်တွန်းသွားခဲ့သည်။ သို့သော် ကချင်ပြည်နယ်အတွင်း ဖြစ်ပွားနေသည့် တိုက်ပွဲများနှင့် ပတ်သက်၍ သတင်း အချက်အလက် ရရှိမှု နည်းပါးသည်ဟု ရန်ကုန်တိုင်း လွှတ်တော်အမတ် ဦးကျော်က ဆိုသည်။

“ ဦးတို့ဘက်က မသိနိုင်ဘူး မီဒီယာတွေမှာ ပြောတာလောက်ပဲ ဦးတို့ကြားနေရတာပဲ မီဒီယာကလည်း သူ့အကန့်အသတ်နဲ့ သူပဲ သိရတာ”

ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းနှင့် ရန်ကုန်တိုင်း လွှတ်တော် ကိုယ်စားလှယ်များ တွေ့ဆုံပွဲတွင် ဦးရွှေမန်းမှ ပြီးခဲ့သည့် မတ်လ လွှတ်တော်တွင် ပြည်ထောင်စု အစိုးရနှင့် ပြည်နယ်တိုင်း အုပ်ချုပ်ရေးအတွက် တာဝန်ယူမည့် သူများကို ရွေးချယ်ပေးနိုင်ခဲ့သည်ဟု ပြောဆိုသွားသည်။

ယခုလက်ရှိ အခြေအနေတွင် လွှတ်တော်အမတ်များ အနေအဖြင့် မြန်မာနိုင်ငံတွင် ပြဋ္ဌာန်းထားသည့် ဥပဒေများကို လေ့လာပြီး ပြင်ဆင်သင့်သည်များကို ပြန်လည် ပြင်ဆင်ရန် လေ့လာထားရန်လည်း မှာကြားခဲ့သည်။

သို့သော် နောက်တကြိမ် ကျင်းပမည့် လွှတ်တော် အစည်းအဝေးများ ကျင်းပရန်ရှိပါက ကြိုတင်အကြောင်း ကြားမည် ဖြစ်သည်ဟု ပြောဆိုသွားခဲ့သည်။

ယနေ့ပြုလုပ်သည့် တွေ့ဆုံပွဲသို့ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးရွှေမန်းအပြင်၊ ဒုဥက္ကဋ္ဌ ဦးနန္ဒကျော်စွာ၊ ရန်ကုန်တိုင်း အစိုးရ အဖွဲ့ဝင်များ၊ ရန်ကုန်မြို့တော်ဝန် ဦးလှမြင့်၊ ကုန်သည်နှင့် စက်မှုလုပ်ငန်းရှင်များ အသင်းတို့မှ တာဝန်ရှိသူများနှင့် ရန်ကုန်တိုင်းအတွင်းရှိ လွှတ်တော်ကိုယ်စားလှယ် ၁၆ဝ ကျော် တက်ရောက်ခဲ့ကြသည်။

ထို့အပြင် ပြည်တွင်း ဂျာနယ်တိုက်များမှ အယ်ဒီတာချုပ် အဆင့်ရှိသူများ တက်ရောက်ခဲ့ကြသည်။ တွေ့ဆုံပွဲ အပြီးတွင် ဦးရွှေမန်းမှ မေးခွန်းများရှိက မေးမြန်းနိုင်ကြောင်း ပြောဆိုသော်လည်း တက်ရောက်လာသူများမှ မေးမြန်းခြင်း မရှိဟု ဆိုသည်။

မေးမြန်းခြင်းမပြုရန် ဖိတ်ကြားသူများက ဇာတ်တိုက်ထားခဲ့သည်ဟု အယ်ဒီတာတဦးက ပြောသည်။ သီးခြား အတည်ပြုချက် မရနိုင်ပါ။

တွေ့ဆုံပွဲကို ရန်ကုန်မြို့ ပြည်လမ်းရှိ လွှတ်တော် အဆောက်အဦးတွင် နေ့လည် ၁၂ နာရီမှ ၂ နာရီထိ ကျင်းပ ခြင်း ဖြစ်သည်။

Most read this week