မြန်မာနိုင်ငံတွင် ရွေးကောက်ပွဲကျင်းပပြီးစီး၍ အစိုးရအသစ်တစ်ရပ်ပေါ်ထွက်လာသော်လည်း တိုင်းရင်းသားအရေးပြဿနာကိုပြေလည်အောင် မဖြေရှင်းနိုင်သည့်အပြင်အပစ်အခတ်ရပ်ဆဲပြီး ငြိမ်းချမ်းရေးရယူထားသည့် တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့များအပေါ်လည်းသဘောထားပြောင်းလဲ လာပြီးဟုတိုင်းရင်းသားခေါင်းဆောင်များမှပြော ပါသည်။
ပြောင်းလဲလာသောအခြေအနေကြောင့် မြိုင်ကြီးငူအခြေစိုက် ဒီကေဘီအေခေါ်တိုးတက်သောကရင် ဗုဒ္ဓဘာသာဒီမိုကရက် တစ်တပ်မတော်မှ တပ်ရင်း(၄)ရင်းသည် နယ်ခြားစောင့်တပ်ဖွဲ့အသွင်ကနေ မူလဒီကေဘီ အေတပ်အဖြစ်ပြန်ပြောင်းလဲသွားပြီး မြန်မာစစ်တပ်ကနေထိုးစစ်ဆင်လာမယ်ဆိုလျှင် ပြန်လည်ခုခံဖို့ပြင်ဆင်နေပြီးဟု ခေါင်းဆောင်တစ်ဦးဖြစ်သူ ဒုတိယဗိုလ်မှူးကြီးကျော်သက်ကပြောပါ သည်။
“သူတို့မြိုင်ကြီးငူဒေသမှာဘဲအခြေကုပ်ထားတယ်။ စစ်အစိုးရကတော့ ဘာမှတုန့်ပြန်မှုမရှိသေးဘူး။ သူတို့လဲဟိုမှာ ဒီလိုမျိုးဘဲ။ ကျွန်တော်တို့အချင်းချင်းပေါင်းတော့ ပေါင်းပြီးပြီး။အခြေအနေကသိပြီးသား ဘဲလေ။ နအဖ မတက်လာသေးလို့။ တက်လာ ခဲ့မယ်ဆိုရင်စောင့်ပစ်ပြီးပေါ့။နအဖတက် လာလို့မရဲတာ။ အခုတလော တိုက်ပွဲကငြိမ်နေတယ်”
မြိုင်ကြီးငူအခြေစိုက်နယ်ခြားစောင့်တပ်ရင်း(၄)ရင်းသည် ပြီးခဲ့သည့်မေလ(၂၆)ရက်နေ့တွင် အဖွဲ့အတွင်း မကြေလည် မှုတွေဖြစ်ပွါးခဲ့ပြီး နယ်ခြားစောင့်တပ်မှဒီကေဘီအေအဖြစ်ပြန်လည်ပြောင်းလဲခဲ့သည်။ တပ်ဖွဲ့ဝင်အချင်းချင်းလဲ ပြန်အလှန်ပစ်ခတ်မှုဖြစ်ပွါးခဲ့သည်ဟုဒုတိယဗိုလ်မှူးကြီးကျော်သက်မှပြော သည်။ ဒီကေဘီအေ အဖြစ်ပြန်လည်ပြောင်းလာတဲ့ တပ်ဖွဲ့များ သည်ကေအာန်ယူခေါ်ကရင်အမျိုးသား အစည်းအရုံးနှင့်၄င်း နယ်ခြားစောင့်တပ်အသွင်ပြောင်းဖို့လက်မခံသည့် ဒီကေဘိအေ အဖွဲ့နှင့်၄င်း နားလည်မှုရယူပြီး ပူးပေါင်းခဲ့သည်ဟု ဒုတိ ယဗိုလ်မှူးကြီးကျော်သက်ကပြောပါသည်။ဒီကေဘီအေ အဖြစ်ပြန်လည်ပြောင်းလာတဲ့တပ်များကို ဒေသခံမြန်မာစစ်တပ်အာဏာပိုင်မှခေါ်ယူ တွေ့ဆုံဆွေးနွေး ချင်သော်လည်း ဒီကေဘီအေဘက်မှအတွေ့မခံဟုဒီကေဘီအေတပ်မှူးတစ်ဦးမှပြောသည်။
နယ်ခြားစောင့်တပ်အသွင်ကိုပြောင်းဖို့ငြင်းဆန်ခဲ့သည့် ဗိုလ်ဌေးမောင်ဦးစီးသော KNU/KNLA ငြိမ်းချမ်းရေး ကောင်စီအဖွဲ့ကိုလဲ အရင်ကပေးနေကျအခွင့်အရေးတွေပြန်လည်ရုပ်သိမ်းခဲ့ပြီးဟုအဖွဲ့၏စီးပွါးရေး တာဝန်ခံတစ်ဦးကယခုလို ပြောပါသည်။
“ဆက်ဆံရေးကအခုကဘာမှမရှိတော့ဘူးအကို။ အရင်သူတို့က PGF တွေလုပ်ခိုင်းတာကိုလက်မခံ ဘူးလေ။ လက်မခံတော့ဒီလိုဘဲနေတယ်။ အဖွဲ့အစည်းဆိုရင်ကုန်လေးဘာလေးနဲနဲပေါ့။အဖွဲ့အစည်း အတွက် သူတို့အဲဒီမှာပေးဆင်းတာ အဲဒီလို။ အခုကမရှိတော့ဘူး။အရင်ကလိုမျိုးလုပ်စားလို့မှမရ တော့ဘဲ။”
(၁၉၉၄)ခုနှစ်ဇူလိုင်လတွင်အပစ်ခတ်ရပ်ဆဲခဲ့သည့် ကယန်းပြည်သစ်ပါတီသည်လည်း အစိုးရတိုက်တွန်း ထားသည့် နယ်ခြားစောင့်တပ်အသွင်ကိုပြောင်းဖို့ငြင်းဆန်ခဲ့သည့်အတွက် ယခင်ကပေးထားသည့် စက်ပစ္စည်း ယာဉ်ယန္တာယားများကို ပြန်လည်သိမ်းဆည်းခဲ့သည်ဟုတပ်ဖွဲ့ဝင်တစ်ဦးမှပြောပါသည်။ ယခုလိုသိမ်းဆည်းရာတွင် ပြည်နယ်အစိုးရကနေသိမ်းခြင်း မဟုတ်ဘဲဒေသခံတပ်ကနေတောင်းခံပြီး သိမ်းဆည်းခဲ့သည်ဟုဆိုသည်။
အလားတူ အပစ်ခတ်ရပ်ဆဲထားသည့် မွန်ပြည်သစ်ပါတီသည်လည်း နယ်ခြားစောင့်တပ်အသွင်ပြောင်း လဲရေးကို လက်မခံခဲ့သဖြင့် မြို့တွင်း၌ရှိသောရုံးတွေကိုပိတ်ထားခဲ့ရပါသည်။ ပါတီရဲ့အခြေခံဒေသကို မြန်မာစစ်တပ်ကနေ ကျူးကျော် ၀င်ရောက်လာလျှင် ပြန်လည်ခုခံတိုက်ခိုက်ဖို့အသင့်အနေအထား မှာပြင်ဆင်ထားသည်ဟု ပါတီခေါင်းဆောင်တစ်ဦးမှ ပြောပါသည်။
မြန်မာစစ်တပ်အနေနှင့် နယ်ခြားစောင့်တပ်အသွင်ကိုပြောင်းဖို့ငြင်းဆန်ခဲ့သည့် ကေအိုင်အိုခေါ် ကချင်လွတ်လပ်ရေး အဖွဲ့အပေါ်ကို၄င်း အက်စ်အက်စ်အေခေါ် ရှမ်းပြည်တပ်မတော်အပေါ်မှာပါ စစ်ရေးအရထိုးစစ်ဆင်တိုက်ခိုက် နေလျှက်ရှိ သည်။။ယခုလိုထိုးစစ်ကြောင့်အပစ်မဲ့သည့်သောင်း နဲ့ချီသော ဒေသခံရွာသားမှာ နေရပ်ဒေသတွေကိုစွန်ခွါရပြီး စစ်ဘေးလွတ် ရာကို တိမ်းရှောင်နေရသည်ဟု ကချင်သတင်းဌာနတွင်ရေးသား ဖေါ်ပြထားသည်။
ပြည်တွင်းငြိမ်းချမ်းရေးတည်ဆောက်ရေးနှင့် အမျိုးသားရင်ကြားစေ့ရေးလုပ်ဆောင်ရန်အတွက်တိုင်းရင်း သား ဒေသများတွင် ထိုးစစ်ဆင်မှုကိုရပ်ဆဲပြီး တွေ့ဆုံဆွေးနွေးရေးလုပ်ဆောင်ဖို့ ပြည်တွင်းပြည်ပမှ နိုင်ငံရေးပါတီအဖွဲ့များက ယခုတက်လာတဲ့အစိုးရသစ်ကိုတိုက်တွန်းထားသော်လည်းအစိုးရအနေနှင့် လက်တွေ့ အကောင်အထည်ဖေါ်ဆောင်ခြင်း မပြုဟု တိုင်းရင်းသားခေါင်းဆောင်များမှ ပြောပါသည်။