အိန္ဒိယ နိုင်ငံခြားရေး အတွင်းဝန် ဒေါ်စုနှင့် တွေ့ဆုံဟုဆို

အိန္ဒိယ နိုင်ငံခြားရေး အတွင်းဝန် ဒေါ်စုနှင့် တွေ့ဆုံဟုဆို
by -
ကချင်သတင်းဌာန

ချင်းမိုင် (မဇ္ဈိမ) ။       ။ အိန္ဒိယ နိုင်ငံခြားရေး အတွင်းဝန် နီရူပါမာရောင်းနှင့် မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင်  ဒေါ်အောင်ဆန်းစုကြည် တို့ တနင်္လာနေ့က ဒေါ်အောင်ဆန်းစုကြည်၏နေအိမ် တွင်တွေ့ဆုံဆွေးနွေးကြသည်ဟု ရန်ကုန်မှ လာသော Indo-Asian News Serviceသတင်း တွင် ပါရှိသည်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ခေါင်းဆောင်များပါ ပါဝင်သော အစည်းအဝေးက တနာရီခန့်ကြာမြင့်ဟု IANS သတင်းတွင် ရေးသားထားသည်။ သုံးရက်ကြာ အိန္ဒိယ ကိုယ်စားလှယ်၏ ခရီးစဉ် ပထမဆုံးနေ့တွင် တွေ့ဆုံခြင်းသည် အိန္ဒိယအနေဖြင့် မြန်မာအတိုက်အခံ ခေါင်းဆောင်နှင့် ပထမဆုံး အဆင့်မြင့်တွေ့ဆုံမှု လည်း ဖြစ်သည်။

အိန္ဒိယတွင် ပညာသင်ကြားခဲ့သူ ဒေါ်အောင်ဆန်းစုကြည်နှင့် မစ္စနီရူပါမာရောင်းတို့ “ နှစ်ယောက်သား အိန္ဒိယနဲ့ မြန်မာဆက်ဆံရေး အကြောင်း ပြောကြတယ်” ဟု IANS က အိန္ဒိယအရာရှိ တဦးကို ကိုးကား၍ ရေးသားထားသည်။

ထူးခြားနေသည်မှာ အကြီးတန်း အရာရှိတဦးမှ လွဲ၍ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ခေါင်းဆောင်များက တွေ့ဆုံမှုကို မသိရှိကြခြင်း ဖြစ်သည်။

တွေ့ဆုံပါသည်ဟု ဖြေကြားသူကတော့ ဆွေးနွေးမှု အကြောင်းအရာကို ဖြေဆိုရန် ငြင်းဆိုပြီးအစောပိုင်း က အိန္ဒိယ ကိုယ်စားလှယ် အဖွဲ့အနေဖြင့် တွေ့ဆုံရန် အစီအစဉ် မရှိသော်လည်း “ ဝေဖန်မှုခံရမှာစိုးသဖြင့်” လာရောက် တွေ့ဆုံခြင်းသာ ဖြစ်သည်ဟု ဆိုသည်။

အိန္ဒိယ နိုင်ငံခြားရေး ဝန်ကြီး အက််စ်အမ် ခရစ်ရှ်နားခေါင်းဆောင်သော ကိုယ်စားလှယ် အဖွဲ့သည် အင်္ဂါနေ့က နေပြည်တော်တွင် ဒုတိယသမ္မတ တင်အောင်မြင့်ဦးနှင့် တွေ့ဆုံခဲ့ပြီး ဖြစ်သည်။

အိန္ဒိိယမှ လှူဒါန်းဆောက်လုပ်ပေးခဲ့သော တန် ၅ဝဝ ဆံ့ Food Security Shelter တခုကို စာရွက်စာတမ်းများ လွှဲပြောင်းပေးခြင်းနှင့် တာလေ မြေငလျင်ဘေးအတွက် ငွေလှူဒါန်းခြင်းများ ပြုလုပ်ခဲ့သည်ဟု မြန်မာ့အလင်း သတင်းစာတွင် ပါရှိသည်။

ထို့အပြင် မြင်းခြံမြို့တွင် စက်မှုသင်တန်းကျောင်း တကျောင်း ထူထောင်ပေးရန် အိန္ဒိယက သဘောတူညီချက် လက်မှတ် ရေးထိုးခဲ့သေးသည်ဟုလည်း ပါရှိသည်။

ခရီးစဉ်မတိုင်ခင်တွင် အိန္ဒိယနိုင်ငံခြားရေး ဝန်ကြီးက နှစ်နိုင်ငံ နယ်ခြားဒေသများကိုဆက်စပ်ပေးထား သည့် ကုလားတန် ဘက်စုံဖွ့ံဖြိုးရေး စီမံကိန်း အကြောင်းသည်လည်း ထည့်သွင်း ဆွေးနွေးမည့်အရာတခု ဟု နယူးဒေလီတွင် သတင်းထောက်များကို ပြောကြားခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် မြန်မာ့ ဒီမိုကရေစီအရေးကို ကျယ်ကျယ်လောင်လောင် ထောက်ခံခဲ့သည့် အိန္ဒိယသည် အရှေ့မျှော်ဝါဒ ကျင့်သုံးလာချိန်အတွင်း မြန်မာအစိုးရနှင့် ဆက်ဆံရေး ကောင်းရန် ဦးစားပေး လုပ်ဆောင်ခဲ့သည်။

သို့သော်လည်း မြန်မာနိုင်ငံတွင် တရုတ်၏ လွှမ်းမိုးမှုကို အမီလိုက်နိုင်ရန် ကြိုးစားနေသည့် အိန္ဒိယသည်
 နောက်ကွယ်တွင် မြန်မာ့ ဒီမိုကရေစီအရေး အတွက် နားချ ပြောဆိုမှုမျိုးရှိသည်ဟု လေ့လာသူများက ပြောသည်။

Most read this week