တရုတ်တွေ ဝင်လာတဲ့အခါမှာ စစ်တပ်တွေ ပါလာတယ်

တရုတ်တွေ ဝင်လာတဲ့အခါမှာ စစ်တပ်တွေ ပါလာတယ်
by -
ကိုဝိုင်း

ချင်းမိုင် (မဇ္စျိမ) ။     ။ ကချင်လွတ်လပ်ရေးအဖွဲ့ KIO နှင့် အစိုးရတပ်တို့ အကြား တိုက်ပွဲများ ဖြစ်ပွား မှုနှင့်  ပတ်သက်၍  KIO ပြောခွင့်ရတွဲဘက် အတွင်းရေးမှူး ဦးလနန်ကို မဇ္စျိမသတင်းထောက် ကိုဝိုင်းက မေးမြန်းထားသည်။

(ကေအိုင်အို ပြောခွင့်ရ ဦးလနန်နှင့် အင်တာဗျူး)

ချင်းမိုင် (မဇ္စျိမ) ။     ။ ကချင်လွတ်လပ်ရေးအဖွဲ့ KIO နှင့် အစိုးရတပ်တို့ အကြား တိုက်ပွဲများ ဖြစ်ပွား မှုနှင့်  ပတ်သက်၍  KIO ပြောခွင့်ရတွဲဘက် အတွင်းရေးမှူး ဦးလနန်ကို မဇ္စျိမသတင်းထောက် ကိုဝိုင်းက မေးမြန်းထားသည်။

ကချင်ပြည်နယ် လွှတ်တော်အမတ် ကြံ့ခိုင်ရေးပါတီ အတွင်းရေးမှူး-၂ ဦးသိန်းဇော်ဆီကို အပစ်ရပ်တဲ့ ကိစ္စ စာပြန်ရေးတယ် ဆိုတာကြားလို့။

“ဦးသိန်းဇော်က ကျနော်တို့ဘက်ကို စာပေးဖူးခဲ့တယ်။ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်က သူ့ရှေ့တန်းမှာ ရောက်နေတဲ့ စစ်ကြောင်းတွေကို ညွှန်ကြားပြီးပြီ၊ ၁၈ ရက်နေ့ည ၈ နာရီက စပြီး KIA တပ် တွေသာ စမပစ်ဘူးဆိုရင် သူတို့တပ်တွေ မပစ်ဖို့ ညွှန်ကြားထားပြီးပြီဆိုတဲ့ အကြောင်းပေါ့နော်။ KIA ကလည်း ရှေ့တန်းတွေကို ညွှန်ကြားပေးပါ။ ရပ်ခိုင်းဖို့ ပေါ့နော်။ ဦးသိန်းဇော်က မြစ်ကြီးနားမြို့နယ်လွှတ်တော် ကိုယ်စားလှယ် တဦးအနေနဲ့ ရေးထားတဲ့စာ ဖြစ်နေတယ်။

ကျနော်တို့ စာမှာက ဦးသိန်းဇော်က လွှတ်တော် ကိုယ်စားလှယ် တယောက်အနေနဲ့ ရေးတယ်။ ကျနော်တို့က သက်သေ အချက်အလက်ကို တောင်းဆိုတာပါ။ အမိန့်စာ မဟုတ်သည့်တိုင် အဲဒီ ပြောဆိုချက်ကို အာမခံပေးနိုင်တဲ့ စစ်ဘက်ဆိုင်ရာ တဦးဦးကနေ အာမခံပေးချက်ကို တောင်းတာ။ ဦးသိန်းဇော်က တိုင်းမှူးကို သူပြောပြီးပြီ၊ တိုင်းမှူးက အမိန့်ထုတ်ပြီးပြီ ဆိုတာပဲပါတယ်။ ဒါပေမယ့် စစ်ဘက်ဆိုင်ရာက ရေးတဲ့စာ မရောက်ဖူး ဖြစ်နေတယ်။ အဲဒါကြောင့် သူတို့ ပေးပို့နိုင်ရင် ကျနော်တို့ က ပြန်စဉ်းစားမယ်ဆိုတဲ့ အပိုင်းပေါ့နော်။ သူတို့ဆီကရတာ ၁၉ ရက်နေ့မှာပဲ ကျနော်တို့ ၁၉ ရက်နေ့ ညပဲ ပြန်ပြီးအကြာင်းပြန်လိုက်တယ်။ ရရှိကြောင်းဆိုတဲ့ ပြန်ကြားချက်တော့ ရတယ်။ ကျနော်တို့ အီးမေးနဲ့ပဲ ပို့တာပါ။

နေပြည်တော်ကိုရော စာပို့တာ၊ အကြောင်းကြားတာ တခုခု မလုပ်ဘူးလား။

“မရှိပါဘူး။ ခုလိုဖြစ်လာတာကလည်း မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူးကို ကျနော်တို့က အကြိမ်ကြိမ် ပါးစပ်နဲ့ တဖုံ၊ စာနဲ့တဖုံ ကြိုပြီးတော့ သတိပေးတဲ့ အပိုင်းတွေ အများကြီးရှိခဲ့တယ်။ အဲဒီတော့ကျနော်တို့ ဘက်ကစပြီး သက်ဆိုင်ရာ အစိုးရကို ဒါရပ်ရအောင်လုပ်မယ်လို့တော့ ကျနော်တို့အဆိုပြုချက် တော့ လုပ်မှာ မဟုတ်ဘူး။ အခုတောင် ဦးသိန်းဇော်က လွှတ်လိုက်တဲ့ ကချင်အမျိုးသားများ အတိုင်ပင်ခံ ကောင်စီက လူတွေရောက်လာလို့ စာအကြောင်းကြားတာပါ”

အစိုးရတပ်တွေက ကချင်ပြည်နယ်ထဲမှာ ဘယ်လောက်များလည်း။

“နယ်ခံတပ်တွေ တပ်ရင်းပေါင်း ၃ဝ ပတ်ဝန်းကျင်လောက် ရှိမယ်။ အဲဒီတပ်တွေအားလုံးကို တိုက်ပွဲ ဝင်နိုင်ဖို့အတွက် လုံခြံုရေးကအစပေါ့ တပ်လှန့်ထားတဲ့ အနေအထားရှိတယ်။ တိုက်ပွဲဖြစ်လာတဲ့နောက်ပိုင်း မှာ အောက်ပိုင်းက တက်လာတဲ့ တပ်တွေလည်းှ ရှိတယ်။ အားလုံးဆို ခန့်မှန်းရတော့ ခက်မယ်။ ၁၁ ရက်နေ့ တိုက်ပွဲတုန်းက သူတို့သုံးတာ တပ်ရင်း ၁၁ ရင်းရှိတယ်။ ဒါပေမယ့် အင်အားတော့ မပြည့်ဖူးပေါ့နော်။ တရင်းကို အယောက် ၄ဝ-၅ဝ-၆ဝ ပေါ့ အများဆုံး ၈ဝ ပေါ့”

အစိုးရစစ်တပ်က မုဒိန်းမှုတွေ ကျူးလွန်တယ်ဆိုတဲ့ သတင်းတွေ ထွက်နေပါတယ်။ ဒီကိစ္စကို အတည်ပြုနိုင်ပါလား။

“အဲဒီကိစ္စတော့ အမှန်တကယ်ပဲ ဖြစ်နေပါတယ်။ ဒုက္ခသည်တွေ ကျနော်တို့ဘက် ပြေးလာတာ အဲဒါပါပဲ။ အခုပြေးလာတဲ့ ဒုက္ခသည်တွေက တိုက်ပွဲ ဧရိယာထဲက မပါသေးဘူး။ သူတို့ ကျေးရွာတွေ မှာ တပ်မတော် စစ်ကြောင်းတွေ စခန်းချတော့ မသင်္ကာတဲ့ လူတွေကို ဖမ်းပြီးရိုက်တယ်။ ယောကျာင်္းတွေ ဆိုရင်ပေါ့။ အမျိုးသမီးတွေကိုတော့ အဖွားကြီးတွေပါ မကျန် ကလေးမတွေကိုပါ အဓမ္မပြုကျင့်တာမျိုး လုပ်ခဲ့တယ်။ အဲဒီ သတင်းတွေက ပြန့်သွားတော့ သူတို့အစိုးရ အုပ်ချုပ်တဲ့ ယန္တယားအောက်က ရွာထုတွေကျနော်တို့ ဘက် ပြေးလာကြတယ်”

မုဒိန်းကျင့်တာ ရှိတယ်ဆိုတော့ အဖြစ်အပျက် တခုကို ထောက်ပြလို့ရမလား။

ဥပမာဆိုရင် တပ်မဟာ ၃ ဧရိယာ လွယ်ဂျယ်မြို့နယ်ထဲမှာ ခရုန်မူးဒါန်ရွာရှိတယ်။ လီဆူးရွာပါ။ ချာတိတ်မ တယောက်ကို မုဒိန်းကျင့်ပြီးတော့ သူ့မိဘနှစ်ပါးရှေ့မှာပဲ သေနတ်နဲ့ ပစ်သတ်လိုက် ပါတယ်။ မိဘတွေ ကလည်း ကြောက်ပြီးတော့ တရုတ်ပြည်ကို ပြေးဝင်သွားတယ်။ တရုတ်ကလူတွေ ပြောပြမှတဆင့် သိရတာပါ။ ဖြစ်တဲ့ တပ်ကလည်း ဘယ်တပ်ဆိုတာ သူတို့ ကောင်းကောင်း မပြောနိုင်ဘူး။ အတိအကျ အခိုင်လုံရဖို့တော့ ကျနော်တို့ အများကြီး ကြိုးစားနေပါတယ်။ အမျိုးသမီးရေးရာတွေကလည်း စုံစမ်းနေဆဲပါ။

တာပိန် ရေအားလျှပ်စစ် စီမံကိန်းကို KIA ရဲ့နှောင့်ယှက်မှုကနေ ကာကွယ်ရပါတယ်လို့ အစိုးရက အကြောင်းပြပါတယ်။

“အဲဒီ ရေအားလျှပ်စစ် လုပ်တဲ့နေရာဟာ KIA တပ်ဖွဲ့တွေက အရင့်အရင် နှစ်ပေါင်း ၃ဝ-၄ဝ ကတည်းက တပ်စွဲထားတဲ့နေရာ။ ကျနော်တို့ နားလည်မှု ပေးပါတယ်။ နောက်ပိုင်း တရုတ် အလုပ်သမားတွေဝင်လာ တော့ စိစစ်ဖို့ဆိုပြီး လဝကတွေ ဝင်လာတယ်။ လဝကကို လုံခြံုရေးပေးဖို့ ဆိုပြီး ရဲကပြန်ဝင်လာ တယ်။ နောက်တော့ စစ်တပ်ပြန်ပါလာရော။ ကျနော်တို့ စိုးမိုးထားတဲ့ နယ်မြေ ကို နယ်ချဲ့လာတဲ့သဘောလည်းရှိ တယ်။ ဒါပေမယ့် ဗမာ့တပ်မတော် ရဲဘော်တွေနဲ့ ကချင်တပ်သားတွေ ပြဿနာမရှိကြပါ ဘူး။ တရုတ်အပေါ်မှာ ကျနော်တို့က  ပြန်ပေးဆွဲတာမျိုး၊ ခြိမ်းခြောက်တာမျိုး မလုပ်ပါဘူး။ ကျနော်တို့က နယ်စပ်တလျှောက်မှာ တရုတ်နဲ့ အမြဲတမ်း ဆက်ဆံနေရတဲ့ အပိုင်းတွေ ရှိတယ်။ အခုမှမဟုတ်ဘူး။ တကယ့် လူဆိုးသွမ်းတွေ လုပ်တဲ့ အလုပ်မျိုး မလုပ်ဘူး။ KIO ဆိုတာ ကိုယ့်သိက္ခာနဲ့ နေတဲ့အဖွဲ့ပါ။ အဲဒီမှာ အလုပ်လုပ်တဲ့ တရုတ်ကုမ္ပဏီတွေ၊ သက်ဆိုင်ရာ တရုတ် အစိုးရဘက်က ဆိုင်ရာတွေ သိပါတယ်။ သူတို့က သူတို့ရဲ့အမှားတခုကို ခြေလှမ်းကျွံသွားတဲ့ အခါမှာ တောင်းပန်တာမျိုး ပြင်ဆင်တာမျိုး မလုပ်ပဲနဲ့ ပိုပြီးမှားအောင် ပြောဆိုချက်တွေပါပဲ”

လာဆာ ရေအားလျှပ်စစ် စီမံကိန်းနဲ့ တရုတ် အလုပ်သမားတွေအကြောင်း နည်းနည်း ပြောပြပါလား။

“အခုမှ လုပ်ငန်းဆောင်ရွက်နေဆဲပါ။ ဧရာဝတီမြစ်ဆုံရဲ့ အထက်မှာ မေခနဲ့ မေလိခမြစ် ဆိုတာရှိတယ်။ မေလိခရဲ့ အထက်ဘက်၊ ဆွန်ဘရာဘွန်ရဲ့ အောက်နားမှာရှိတယ်။ ကျနော်တို့ တပ်မဟာ ၁ ဧရိယာထဲမှာ ရှိတယ်။ အဲဒီမှာလည်း အရင်တုန်းက ဗမာစစ်တပ် မရှိဘူး။ သူတို့ ရေအားလျှပ်စစ် စီမံကိန်းလုပ်မယ်ဆိုပြီး တော့ တရုတ်တွေ ဝင်လာတဲ့အခါမှာ စစ်တပ်တွေ ပါလာတယ်။ ကျနော်တို့နားလည်မှုပေး တယ်။ ဒါပေမယ့် အဲဒီမှာလုပ်တဲ့ တရုတ်တွေက ရေအားလျှပ်စစ် စီမံကိန်း လုပ်မယ် ဆိုပြီးတော့ တောင်ဖောက်မယ်ပြောပြီး တော့ ရေအားလျှပ်စစ် စီမံကိန်းခွင် အပြင်ဘက်မှာ သတ္တုရိုင်းတွေ လိုက်စမ်းသပ်ရှာတယ်။ အဲဒီဘက် မှာ ရွှေအများကြီး ထွက်တယ်။ အခြား တန်ဘိုးရှိတဲ့ သတ္တုရိုင်းတွေလည်း ရှိတယ်။ ကျနော်တို့ကအဲဒီသတ္တုရိုင်း ရှာတဲ့ အဖွဲ့ကို မောင်းထုတ်လိုက်တယ်”

ကချင်ပြည်နယ်ထဲမှာ ရေအားလျှပ်စစ် စီမံကိန်းကြီး ဘယ်နှစ်ခုလောက် ရှိလည်းခင်ဗျ။ တရုတ်နဲ့ လုပ်နေတာတွေပဲလား။

“စီမံချက်တွေ အများကြီးရှိပါတယ်။ ဧရာဝတီမြစ်ဆုံ စီမံကိန်းက အကြီးမားဆုံး။ ခုနပြောတဲ့ လာဆာ မှာ တခုဆောက်ဖို့ ရှိတယ်။ မေခမြစ်ရိုးတလျှောက်မှာလည်း ၄-၅ ခုလောက် ဆောက်ဖို့ စီမံကိန်းတွေလုပ်ထား တာရှိတယ်။ အဲဒီကထွက်တဲ့ လျှပ်စစ်တွေကို တရုတ်ပြည်ကို ပြန်ရောင်းဖို့ပဲ။ အဲဒီမှာရှိတဲ့ ဒေသခံအတွက် ဘာမှအကျိုးမရှိပါဘူး။ တရုတ်တွေနဲ့ အေးရှားဝေါလ် Asia World ပေါင်းပြီး လုပ်ကြတယ်”

တရုတ်နိုင်ငံသားတွေက အဲဒီစီမံကိန်းတွေကို ဘယ်လမ်းတွေကနေ ဝင်လာတာလည်း။ KIA/ KIO ကိုဖြတ်သေးလား။

“ဧရာဝတီမြစ်ဖျားနဲ့ မြစ်ဆုံဘက် လုပ်တာကတော့ ကန်ပိုက်တီလမ်းက ဝင်ပါတယ်။ အဲဒီလမ်းကအရင် တုန်းက NDAK ခွင်ပေါ့နော်။ နောက် တာပိန် ရေအားလျှပ်စစ်ကတော့ရင်ကျန်းဘက်၊လွယ်ကြယ် လမ်း ကလည်း ဝင်တယ်။ ကျနော်တို့ဂိတ်ကတော့ ဖြတ်စရာမရှိပါဘူး”

KIO/KIA ဝန်ထမ်းတွေ၊ တပ်ဖွဲ့ဝင်တွေကို အစိုးရတပ်က ဖမ်းထားတာ ဘယ်လောက်ရှိလည်း။

“အယောက် ၁ဝ ကျော်ရှိတယ်။ ကျနော်တို့ KIA နဲ့ ဆက်စပ်တယ် ဆိုပြီး ဖမ်းဆီးထားတာတွေလည်း ရှိသေးတယ်။ တယောက်မှ ပြန်မလွှတ်သေးဘူး။ ၂ဝ၁ဝ စက်တင်ဘာ ၃ဝ ရက် နောက်ပိုင်း ဖမ်းတာတွေပါ။ အခု မန္တလေးတိုင်း ဝန်ကြီးချုပ် အဲဒီတုန်းက စရဖ ဗိုလ်ချုပ်ရဲမြင့် တာဝန်ရှိတာပေါ့။ ဒီလ ၉ ရက်နေ့ နောက်ပိုင်းကတော့ သူတို့ဖမ်းပြီး သတ်လိုက်တဲ့ ဒုတပ်ကြပ်ချိန်းရိန်းပါပဲ”

အစိုးရကတော့ ၂ဝဝ၈ ဖွဲ့စည်းပုံကို ပြင်လို့ရတယ်။ လွှတ်တော်ကနေ တဆင့် ပြောမယ်လို့ ဆိုပါတယ်။

“ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို တကယ်တော့ မပြင်ဆင်နိုင်အောင် လုပ်ခဲ့တာပဲ။ ညီလာခံတက်တဲ့ တိုင်းရင်းသား အုပ်စုတွေ အထူးသဖြင့် လက်နက်ကိုင်အဖွဲ့ ၁၃ ခု ကနေပြီးတော့ စာတမ်းတွေတင်ခဲ့တာရှိ တယ်။ KIO ကနေပြီးတော့ စာတမ်းတွေ တင်ခဲ့တယ်။ အဲဒီအချက်တွေကို သူတို့တချက်မှလိုက်လျောပေး တာ မရှိခဲ့ဘူး။ အဲဒီတော့ တိုင်းရင်းသား အုပ်စုတွေ တောင်းဆိုထားတဲ့ တင်ပြထားတာ မပါတဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေဟာ ကျနော်တို့ဟာ သူတို့ရဲ့ ထောင်ချောက်ထဲ ပြန်ဝင်သွားတာနဲ့အတူတူ ပဲ။ ဒါကြောင့် လွှတ်တော်အတိုင်းသွားကြမယ် လွှတ်တော်ထဲကနေ ပြောဆိုကြမယ် ဒါဟာ လုံးဝမဖြစ်နိုင်တဲ့ ကိစ္စပါ”

ဒုက္ခသည်တွေက ဘယ်နေရာတွေမှာ ဘယ်နှစ်ယောက်လောက် ရှိနေလဲဗျ၊

“နယ်စပ်ဒေသတွေမှာ ကျနော်တို့ KIO ထိန်းချုပ်နယ်မြေထဲမှာ ရောက်နေတာကတော့ တသောင်းကျော် တယ်။ အစိုးရ အုပ်ချုပ်မှုအောက်ကလူတွေပါ။ တိုက်ပွဲစဖြစ်တုန်းက တရုတ်ဘက် သွားကြ တာရှိတယ်။ တရုတ်ပြည်ကလည်း အခုက တိုက်ပွဲမရှိဘူး ဒါကြောင့် ပြန်သွားကြပါဆိုတဲ့ အဓိပ္ပါယ်မျိုးနဲ့ ပညာသားပါပါ ပြောဆိုကြတယ်။ တရုတ်ဘက်က ဒုက္ခသည် စခန်းတွေကလည်း အစီအမံကောင်းကောင်း နဲ့ လုပ်ထားတာ မရှိဘူးလို့ ပြောရမှာပဲခင်ဗျာ့။ ကျနော်တို့ KIO အုပ်ချုပ်နယ်မြေထဲ မှာ KIO အဖွဲ့အစည်း ကနေပြီး တော့ဖြစ်နိုင် သလောက် ပ့ံပိုးပေးတာမျိုးတော့ လုပ်နေတယ်”