ရိုင်မရော့ - မြန်မာနိုင်ငံအထက်ပိုင်းကချင်ပြည် နယ်နှင့် ရှမ်းပြည်နယ်ဒေသများတွင် အစိုးရတပ် တို့၏ ထိုးစစ်ဆင်နေမှုအပေါ် ဒေသခံတိုင်းရင်း သားပြည်သူတွေကသာအတိဒုက္ခပိုမိုရင်ဆိုင်ကြံု တွေ့ နေရသည်ဟု မွန်နိုင်ငံရေးခေါင်းဆောင် များက သုံးသပ်သည်။
“တိုက်ခိုက်မှုတွေ ဖြစ်လာပြီးဆိုရင် စစ်တိုက်ရတဲ့ခေါင်းဆောင်တွေသာမဟုတ်ဘူး အဲဒီ စစ်ပွဲဖြစ်နေတဲ့ နယ်မြေထဲမှာ အပြစ်မဲ့စွာ နေထိုင်နေကြတဲ့ ပြည်သူတွေက အဓိက စစ်ဘေးဒုက္ခနဲ့ ပိုရင်ဆိုင်ရတယ်၊ ဒုက္ခပေါင်းစုံနဲ့ ရင်ဆိုင်ရမယ် ငတ်ဘေး၊ လူ့အခွင့်ရေးချိုးဖောက်မှုဘေး မျိုးစုံ ရင်ဆိုင်ရမှာပဲ” ဟု ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီ (UNFC) အထွေအထွေအတွင်းရေးမှူး နိုင်ဟံသာက ပြောသည်။
လက်နက်ကိုင်တိုင်းရင်းသားအဖွဲ့တွေဖြစ်တဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP)၊ ကချင်လွတ်မြောက်ရေး အဖွဲ့ (KIO)၊ ကရင်အမျိုးသားအစည်းအရုံး (KNU) အစရှိသည့် တိုင်းရင်းသား လက်နက်ကိုင်များအား အစိုးရတပ်တို့မှ တစ်ဖွဲ့ပြီး တစ်ဖွဲ့ ထိုးစစ်ဆင်နေလေသည်။
“လောလောဆယ်ဖြစ်နေတဲ့ စစ်ပွဲတွေကြောင့် ခုဆို ဒေသခံ ပြည်သူတွေ ထောင် သောင်းနဲ့ချီပြီးတော့ အိမ်စွန့် နယ်စွန့်ပြီးတော့ ထွက်ပြေးနေရတယ်၊ အဲဒီမှာ တကယ်လို့ ဗမာစစ်တပ်နဲ့ တွေ့ရင် သူတို့က သတ်မယ် ဖြတ်မယ်၊ အခွင့်အရေးချိုးဖောက်မှုတွေရှိမယ်၊ မုဒိမ်မှုတွေကအစ ရှိလာမယ်၊ငတ်မွတ်မှုတွေ လည်း ကြံုတွေ့ရမယ်၊ အမျိုးမျိုးသောဒုက္ခတွေတော့ ကြံုတွေ့ရမှာပဲ” ဟု နိုင်ဟံသာက ဆက်ပြောသည်။
နယ်စပ်ဒေသရှိ တိုင်းရင်းသားဒေသအတွင်းမှာ ဖြစ်ပွားနေသည့် ထိုးစစ်ဆင်မှုတွေကြောင့် ဒေသခံ တိုင်းရင်းသား သောင်းဂဏန်ချီ နီးစပ်ရာ နယ်စပ်အတွင်းသို့ ထွက်ပြေးတိမ်းရှောင်နေရသည်။
ယခုလို တိုင်းရင်းသားဒေသအတွင်းမှာ ထိုးစစ်နေမှုအပေါ် ရွေးကောက်ပွဲဝင်ထားသည့်တိုင်းရင်းသား နိုင်ငံရေးပါတီတွေကလည်း မလိုလားကြောင်း မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ နိုင်ငွေသိန်းက ပြောသည်။
“ကျနော်တို့ ပါတီအနေနဲ့ရော ညီနောင်တိုင်းရင်းသားပါတီအနေနဲ့ရော ကြေငြာချက်ထုတ်ပြန်ထားပြီးသားပါ ကျနော်တို့က ငြိမ်းချမ်းမှုကိုပဲ လိုလားတယ်၊ ငြိမ်းချမ်းမှုကိုပဲ တည်ဆောက်ပေးပါလို့တောင်းဆိုထားပြီး သားပဲ အခုလို စစ်တွေ တိုက်နေတဲ့အပေါ်မှာတော့ ကျနော်တို့အနေနဲ့လည်း စိတ်မကောင်းဖြစ်မိတယ်၊ ပြည်သူတွေပဲ နစ်နာမယ်၊ ပြည်သူတွေကပဲ ထိခိုက်မယ်” ဟု နိုင်ငွေသိန်းက ပြောသည်။
လက်ရှိ ဖြစ်ပျက်နေသည့် ကချင်၊ ရှမ်း၊ ကရင်ဒေသဘက်က တိုက်ပွဲများကဲ့သို့ မကြာခင်ကာလတွင် မွန်ဒေသဘက်သို့ ကူးလာဖွယ်ရှိသည်။ အင်အားကြီးသော တိုင်းရင်းသားလက်နက်ကိုင်အင်အားစုများကို တိုက်ခိုက်ပြီးနောက် အခြားအင်အားမများလှသည့် လက်နက်ကိုင်အဖွဲ့များကို တိုက်ခိုက်လာနိုင်ကြောင်း နိုင်ငွေသိန်းက ဆက်ပြောသည်။
တိုင်းရင်းသားဒေသတွင်ဖြစ်ပွားနေသော မြန်မာ့တပ်မတော်၏ ထိုးစစ်ဆင်မှုကြောင့် ထောင်နှင့်ချီသော တိုင်းရင်းသားဒုက္ခသည်များ သက်ဆိုင်ရာ အိမ်နားနီးချင်း တရုတ်နှင့် ထိုင်းနိုင်ငံဘက်သို့ ထွက်ပြေး လျှက်ရှိသည်။ ထိုဒုက္ခသည်များကို နိုင်ငံတကာမှ ကူညီစောင့်ရှောက်ပေးရန် UNFC အထွေထွေ အတွင်းရေးမှူး နိုင်ဟံသာမှ ပန်ကြားထားသည်။