သံတွဲတွင်ရေကြီး၍ ကယ်ဆယ်ရေး စခန်းဖွင့်ခဲ့ရသည် အထိ အခြေအနေ ဆိုးရွားခဲ့

သံတွဲတွင်ရေကြီး၍ ကယ်ဆယ်ရေး စခန်းဖွင့်ခဲ့ရသည် အထိ အခြေအနေ ဆိုးရွားခဲ့
by -
နိရဥ္စရာ သတင်းဌာန

ရခိုင်ပြည်နယ် သံတွဲမြို့တွင် မိုးဆက်တိုက်ရွာပြီး ရေကြီးခဲ့သဖြင့် မြေနိမ့်ပိုင်းမှ လူများကိုကယ််ဆယ် ရေး စခန်းဖွင့်၍ ဘေးလွှတ်ရာသို့ ပြောင်းရွှေ့ခဲ့ရ သည်ဟု သတင်း ရရှိသည်။

Water-flood“မိုးက တပတ်ကျော်လောက် အဆက်မပြတ်ရွာနေတဲ့ အတွက် လွန်ခဲ့တဲ့ သောကြာနေ့က စပြီး ချောင်းရေ တက်လာပြီး မြေနိမ့်ပိုင်းမှာ တည်ရှိတဲ့ အိမ်တွေ အကုန်လုံးရေမြုပ်ကုန်ပါတယ်။ ဒါကြောင့် လူတွေကိုစက်လှေ တွေနဲ့့ ကယ်ထုတ်ပြီး ကယ်ဆယ်ရေး စခန်းကို ပို့ခဲ့ရပါတယ်။ မနေ့ညနေပိုင်းကတော့ရေပြန်ကျ သွားခဲ့ပြီ ဖြစ်တဲ့ အတွက် တချို့လည်း အိမ်ပြန်သွားကြပြီး တစ်ချို့လည်း ကယ်ဆယ် စခန်းမှာ ရှိနေပါသေးတယ်” ဟု သံတွဲမြို့ခံ တစ်ဦးက ပြောသည်။

ဇွန်လ ၁၇ ရက်နေ့က ရေတက်လာပြီး ဇွန်လ ၁၈ ရက်နေ့က မြေနိမ့်ပိုင်း နေရာ အတော်များများကိုရေမြုပ် ခဲ့သည်။ ရေမြုပ်ခဲ့သော နေရာများမှာ သံတွဲချောင်းကမ်းနဘေးတွင် တည်ရှိသော နေရာများနှင့် အမှတ် (၄) ရပ်ကွက် ဖြစ်ကြောင်း သိရသည်။

“ အနည်းဆုံး လူပေါင်း ၅၀၀ ခန့်ကို ကယ်ဆယ်ရေး စခန်းလုပ်ထားတဲ့ ဆံတော်တောင် ခြေရင်းမှာ ရှိတဲ့ ဓမ္မာရုံကို ပို့ပေးခဲ့ရပါတယ်။ ချောင်းရေ ချက်ချင်း မြင့်တက်လာတော့ အခြေအနေ စိုးရိမ်ရတဲ့ အတွက် အရေးပေါ် ကယ်ဆယ်ခဲ့ရတာ ဖြစ်ပါတယ်။ သံတွဲအထက်တန်းကျောင်း အပါအဝင် စက်မူလက်မူကျောင်း ကိုလည်း ပိတ်ထားခဲ့ရပါတယ်။ ကျောင်းတွေ ဒီနေ့ ဖွင့်မလားတော့ မပြောတတ်သေးပါဘူး” ဟု သူက ဆက်ပြောသည်။

သံတွဲတွင် ယမန်နှစ်ကလည်း ရေကြီးခဲ့ပြီး ယခု ရေကြီးမူက ယခင်နှစ်ကလောက် ဆိုးဝါးခြင်း မရှိကြောင်း သူက ပြောသည်။

“ ရေကြီးတဲ့ အခြေအနေက ယခင်နှစ်လောက်တော့ မဆိုးရွားဘူး။ ဒါပေမယ့် အခက်အခဲကတော့ အရင် နှစ်ကထက် ပိုများတယ်။ လူတွေက ရေကြီးတော့ အလုပ်အကိုင် ဆင်းမလုပ်နိုင်ကြဘူး။ လွန်ခဲ့တဲ့နှစ်တွေ ကတော့ လူတွေမှာ စုဆောင်းထားတဲ့ စားစရာ သောက်စရာ ရှိတယ်။ ဒီနှစ်မှာတော့စုဆောင်း ထားတာလည်း မရှိတော့ လက်လုပ် လက်စားတွေက အထူး ဒုက္ခရောက်နေကြပါတယ်။ သူတို့အတွက် အကူအညီတွေ လိုအပ်နေပါတယ်။ သူတို့အတွက်တော့ တစ်ချို့ ချမ်းသာတဲ့ ရွာတွေက ကူညီနေတာတွေတော့တွေ့ရ ပါတယ်။”

သံတွဲတွင် ၂၀၀၄ ခုနှစ်က အဆိုးရွားဆုံးရေကြီးခဲ့ပြီး ယခုနှစ်တွင်လည်း မိုးရွာသည်နှင့် စတင်ရေကြီးလာသဖြင့် ၂၀၀၄ ခုနှစ်ကလို ရေကြီးမည်ကို မြို့သူ မြို့သားများက စိုးရိမ်နေကြသည်ဟု သူက ပြောသည်။

ယခုကဲ့သို့ သံတွဲတွင် နှစ်စဉ်လိုလို ရေကြီးပြီး မြေနိ်မ့်ပိုင်း ဒေသများကို ရေမြုပ်နေခြင်းမှာချောင်းများတိမ် ကောလာပြီး သစ်တောများ ပြုန်းတီးခြင်းကြောင့် ဖြစ်သည်ဟု တစ်ခြား မြို့လူကြီး တစ်ဦးက ပြောသည်။

“ သံတွဲချောင်းက အခု တိမ်ကောလာပြီ။ တောင်ပေါ် ချောင်းဖျားက ရေကျများရင် သံတွေချောင်းရေက တက်လာပြီး နစ်တော့တာပါဘဲ။ ပီးရင် သံတွေ အနီးအနားမှာ အခုဆိုရင် သစ်တောတွေ မရှိတော့ဘူး။ စီးပွားရေး သမားတွေ သစ်တွေကို မဆင်မခြင် ထုတ်တဲ့ အတွက် သစ်တောတွေ ပြုန်းတီးကုန်ပြီ။ ဒါကလည်း သံတွဲမှာ ရေကြီးရတဲ့ အကြောင်းအရင်း ဖြစ်ပါတယ်။

သံတွဲတွင် မိုးတွင်း ရေကြီးလျှင် အနည်းဆုံး တစ်ကြိမ်မှ သုံးကြိမ်ထိ ရေကြီးတတ်သဖြင့် ဆက်လက် မိုးရွာပြီး နောက်ထပ် ရေကြီးမည်ကို မြို့သူ မြို့သားများက စိုးရိမ်နေကြသည်ဟု သိရသည်။

Most read this week