ချင်းမိုင် (မဇ္စျိမ) ။ ။ သေနတ်သမားများက မြို့ပေါ် တွင် နေ့ခင်းကြောင်တောင် တိုက်ခိုက်ပြီး နောက် ကရင်ပြည်နယ် ဘုရားသုံးဆူမြို့ရှိစာသင် ကျောင်းအားလုံးကို ပိတ်ထားခဲ့ရာမှတနင်္လာနေ့ တွင် ပြန်လည် ဖွင့်လှစ်နိုင်သော်လည်းကျောင်းသား ဦးရေ ထက်ဝက်မျှပင် တက်ရောက်ခြင်းမရှိသည် ကို တွေ့ရသည်။
နယ်စပ်မြို့ သုံးဆူတွင် ကျောင်းသား ၅ ထောင်ကျော်မှာ အထက်တန်းကျောင်း ၁ ကျောင်း၊ အလယ်တန်း ကျောင်း ၁ ကျောင်းနှင့် မူလတန်းကျောင်း ၄ ကျောင်းတွင် သင်ကြားနေသည့်အနက် ရဝဝ ကျော်သာ ကျောင်းတက်သည်ကို တွေ့ရသည်ဟု ကျောင်းဆရာ ဆရာမများထံမှ စာရင်းကောက်ယူ သိရှိရသည်။
ထို့အပြင် ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် KNLA စစ်ကြောင်း ၅ ကြောင်း ဘုရားသုံးဆူသို့ တက်လာသည် ဟူသော ကောလာဟလများ ပျံ့နှံ့နေသဖြင့် စိုးရိမ်စိတ်များကို မီးထိုးပေးနေသည်။
“ကလေး ကျောင်းတနှစ် နောက်ကျသွားတာ ဘာမှမဖြစ်ဘူး။ ကျမ ကလေးတွေ ကျိုးကန်းသွားတာ၊ သေသွားတာကို ကျမ မမြင်လိုဘူး” ဟု ရပ်ကွက် ၃ မှ ကျောင်းသား မိခင်တဦးက မဇ္စျိမကို ပြောသည်။
အစိုးရတပ် ခလရ ၂၈၄ နှင့် ခမရ ၅၆၆ တို့က တပ်ဖြန့်ထားကြပြီး မြို့စွန်နေသူများကိုလည်း မြို့တွင်းသို့ ပြောင်းရွှေ့ရန် ကြာသပတေးနေ့ကတည်းက အမိန့်ပေးထားသည်။
ဥဒေါင်းကန် ဝန်းကျင်ရှိ နေအိမ် ၃၀၀ ခန့်မှ ဦးရေ ၁၅၀၀ ကျော်လည်း ထိုနေ့မှစ၍ မြို့တွင်းရပ်ကွက်များသို့ ရွှေ့လာခဲ့ပြီး၊ အချို့မှာ မြန်မာပြည် အတွင်းဘက်ရှိ ၎င်းတို့၏ ဇာတိများဆီ ပြန်သွားပြီဟု မြို့ခံများက ပြောသည်။
မြို့တွင်း အစိုးရရုံးများနှင့် အခြားနေရာ အများအပြားတွင်လည်း စစ်သားများက သဲအိတ်များဖြင့် ကတုတ်ကျင်းများ လုပ်နေပြီး လမ်းကြားအချို့တွင် မော်တော်ကား အဝင်အထွက်ကို ပိတ်ထားကြသည်။
ကရင်အမျိုးသား အစည်းအရုံး KNU၊ တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော် DKBA နှင့် မွန်ပြည်သစ်ပါတီ NMSP အဖွဲ့များ လှုပ်ရှားရာ ဒေသတခုဖြစ်သော ဘုရားသုံးဆူတွင် ဇွန်လ ၁၄ ရက်နေ့က မြို့လယ်ရှိ လူသိများသော လုပ်ငန်းရှင် ဦးအောင်တင်ဝင်း၏ နေအိမ်၊ ရွှေဆိုင်နှင့် ကုန်စုံဆိုင်အား လက်နက်ကြီးငယ်များဖြင့် အမည်မသိ လူတစုက ပစ်ခတ် ဖျက်ဆီးခဲ့သည်။
အလားတူ ဇွန်လ ၅ ရက်နေ့တွင်လည်း မျက်နှာဖုံးစွပ် လက်နက်ကိုင် ၄ ဦးက စရဖ ရုံးနှင့် ဓမ္မာရုံကိုအလစ် ဝင်၍ ပစ်ခတ် ဖောက်ခွဲခဲ့သေးသည်။
ထို့အပြင် ရွေးကောက်ပွဲအပြီး ၂ဝ၁ဝ နိုဝင်ဘာ ၈ ရက်နေ့တွင် အစိုးရတပ်နှင့် DKBA တပ်ရင်း ၉ဝ၇ တို့ ဘုရားသုံးဆူတွင် တိုက်ပွဲဖြစ်ခဲ့သေးသည်။