ထောင်သားများကို အရေးပေါ် ခေါ်ထုတ်

ထောင်သားများကို အရေးပေါ် ခေါ်ထုတ်
by -
ကျော်ခ

ချင်းမိုင် (မဇ္ဈိမ) ။  ။ကချင် အမျိုးသားလွတ် မြောက် ရေး အဖွဲ့နှင့် ဖြစ်ပွားနေသောစစ်ပွဲများ တွင် အသုံးပြုရန်ဟု သံသယရှိဖွယ်ဖြစ်သော ရန်ကုန် အင်းစိန်ထောင်တွင်းမှ အကျဉ်းသား ၁၅ဝ ကျော်ကို အာဏာပိုင်များက အလျင်စလိုခေါ်ယူ သွားမှု ကြာသပတေးနေ့ နံနက်ကဖြစ်ခဲ့ သည်။

နံနက်ပိုင်း တန်းစီချိန်တွင် လူရွေးခေါ်သွားခြင်း ဖြစ်ပြီး နှစ်ရှည်ပြစ်ဒဏ်ကျ အကျဉ်းသား အများစု ပါဝင်သည်။

လက်နက်ကိုင်ရဲများ စောင့်ကြပ်လိုက်ပါသော ကုန်တင်ကားကြီး နှစ်စီးဖြင့် ထောင်သားများကိုခေါ်ထုတ်သွားခြင်း ဖြစ်ကာ မည်သည့်နေရာသို့ ခေါ်ဆောင်မည်ကို အကျဉ်းဦးစီး အရာရှိများက ထုတ်ဖော်ပြောဆိုခြင်း မပြုပေ။

“အင်းစိန်ရဲ့ အရှေ့ဘက်ကို မောင်းသွားတယ်။ ထောင်တာဝန်ကျ ဝန်ထမ်းတွေ မပါဘူး။ ထောင်ကားလည်း မဟုတ်ဘူး” ဟု မျက်မြင်တွေ့လိုက်ရသူ တဦးက ပြောသည်။

inseinprisonsအတိုက်အခံ နိုင်ငံရေးလှုပ်ရှားသူ တဦးဖြစ်ပြီးအခြေအနေကို စောင့်ကြည့်လေ့လာနေသူ တဦးက “ကျနော့် အတွေ့အကြံု အရဆိုရင် အကျဉ်းသားတွေ အနေနဲ့ ရဲဘက်ဆိုရင် ကိုယ့်အထုပ်နဲ့ ရိက္ခာကို ယူခွင့်ရှိတယ်။ ပေါ်တာဆိုရင် ယူခွင့်မရှိဘူး။ လူပဲလိုက်သွားရတာ” ဟု မဇ္ဈိမကို ပြောသည်။

တနေ့တည်းမှာပင် အင်းစိန်ထောင်မှ အမျိုးသမီး အကျဉ်းသား ၁ဝဝ ကို ဧရာဝတီတိုင်းအတွင်းရှိအကျဉ်း ဦးစီးပိုင် စပါးစိုက်ခင်းများတွင် အလုပ်ခိုင်းရန် ခေါ်ဆောင်မှုလည်း ဖြစ်ခဲ့သည်။

ပုံမှန်အားဖြင့် ထောင်သားများကို ရဲဘက်ပို့လျှင်လည်း အကျဉ်းဦးစီးက ကားများကိုသာ အသုံးပြုလေ့ရှိကာ KIO နှင့် တိုက်ပွဲများ ဖြစ်ပွားနေချိန်နှင့် တိုက်ဆိုင်နေသောကြောင့် ရှေ့တန်းထွက် တပ်များအတွက် ပေါ်တာအဖြစ် အသုံးပြုရန် ခေါ်ဆောင်သည်ဟု အများက ယုံကြည်နေကြသည်။

ကချင်ပြည်နယ် မြစ်ကြီးနားထောင်မှ အကျဉ်းသား ၁ဝဝ ခန့်ကိုလည်း ဇွန်လ ၉  ရက်နေ့က ထုတ်ယူသွား ခဲ့ကြောင်း နိုင်ငံရေး အကျဉ်းသား တဦး၏ ထောင်ဝင်စာ သွားရောက်တွေ့ခဲ့သူ တဦးက ပြောသည်။

မြစ်ကြီးနားမြို့နေ ကချင် ဒီမိုကရက်တစ် တပ်မတော်-NDAK အရာရှိဟောင်းတဦး အဆိုအရ တိုက်ပွဲတွင် အစိုးရ စစ်တပ်မှ ထောင်သားများကို အသုံးပြုနေသည်ဟု ဆိုသည်။