တိုက်ပွဲအတွက် နှစ်ဖက် အသင့်အနေထားရှိ

တိုက်ပွဲအတွက် နှစ်ဖက် အသင့်အနေထားရှိ
by -
ဖနိဒါ

ချင်းမိုင် (မဇ္စျိမ) ။      ။ အစိုးရတပ်များနှင့် အပြန် အလှန် တိုက်ခိုက်ရန် စစ်ရေး ပြင်ဆင်မှုမှာနှစ်ဖက် စလုံး အသင့် အနေအထား ရှိနေကြပြီ ဖြစ်ကြောင်း KIO ဗဟိုကော်မတီဝင် ဦးလနန်ကပြောဆိုလိုက် သည်။

အစိုးရတပ်ဖွဲ့ အင်အားဖြည့်တင်းကာ လိုင်ဇာမြို့အနီးစခန်း ၃ ခုမှ ၁ဝ၅ မမ၊ ၁၂ဝ မမ အမြောက်များဖြင့် KIO ဗဟိုဌာနချုပ်ရှိရာ လိုင်ဇာမြို့ဘက်သို့ ချိန်ရွယ်ထားသည်ဟု KIO ဘက်က ပြောသည်။ လိုင်ဇာမှ ၈ မိုင်ခန့်အကွာရှိ နားလုံစခန်း၊ လိုင်ဇာမြို့မှ ၁၄ မိုင်အကွာရှိ နမ်ဆန်ယန်စခန်း လိုင်ဇာနှင့် ၂၅ မိုင်ခန့်အကွာရှိ မိုးမောက်မြို့နယ်ခွဲ ဒေါ့ဖုန်းယန်တို့မှ ချိန်ရွယ်ထားခြင်း ဖြစ်သည်ဟု ဆိုသည်။

laizarထိုင်းအခြေစိုက် ရှမ်းသံတော်ဆင့် သတင်းတရပ်တွင် KIO ကအစောပိုင်းရက်များတွင် လက်ဖြောင့်တပ်သား များ အသုံးပြု တိုက်ခဲ့သည်ဟုဆိုသည်။

ဦးလနန်က စစ်ပြင်ဆင်ထားမှုကို ထုတ်ဖော်ပြောဆိုရန် ငြင်းဆိုလိုက်ပြီး “အခုတော့ နှစ်ဖက် သတိနဲ့ အသင့် အနေအထား ဖြစ်နေကြတယ်။ သူတို့ဘက်ကလည်း ပစ်တာ မရှိသေးဘူး။ သူတို့နဲ့က မဝေးတော့ဘူး” ဟု မဇ္စျိမကို ပြောသည်။

စစ်ပွဲများက ကချင်အမျိုးသားတို့၏ မျိုးချစ်စိတ်ကို တိုးပွားလာစေပြီး ဖေ့စ်ဘွတ်သုံး ကချင်အသိုင်းအဝိုင်း တွင် ကချင်အလံများကို ထုတ်ဖော်ပြသမှုများ ရုတ်ချည်း မြင့်တက်လာနေသည်။KIO အနေဖြင့် စစ်မှန်သော ပြည်ထောင်စု ပေါ်ထွန်းရေးအတွက် အာဏာရှင် အစိုးရအား တော်လှန်နေရခြင်း ဖြစ်ကြောင်းနှင့် 'မလွှဲ မရှောင်သာ၍' ရှေ့တန်းရောက် မြန်မာ့တပ်မတော်သားများနှင့် ထိပ်တိုက်ရင်ဆိုင် တိုက်ခိုက်နေရခြင်း ဖြစ်ကြောင်း မြန်မာ့ တပ်မတော် တပ်ဖွဲ့ဝင်များသို့ အသိပေး ကြေညာချက် တစောင် ယနေ့ထုတ်ပြန်လိုက် သည်။

“ကျနော်တို့က ဘယ်လိုနည်းလမ်းနဲ့ လုပ်နေတယ်ဆိုတာ ကမ္ဘာကို သိခိုင်းစေချင်တာပဲ။ ဒါကြောင့်ကျနော် တို့ဘက် ဝင်လာတဲ့လူတွေ၊ အမြဲတမ်း လက်ခံတယ်။ ကျနော်တို့ရဲ့ စစ်ဆင်ရေးကို သိဖို့ ကြေညာလိုက် တာပဲ။ ရှေ့တန်းမှာ တိုက်နေတဲ့ စစ်သားတွေ အတွက်လည်း သူတို့ လုံခြံုရေးအတွက်လည်း ဖြစ်တယ်။ ဒါကြောင့် ကျနော်တို့ဘက်ကို ရောက်လာရင် အမြဲတမ်း ကြိုဆိုနေတယ်ဆိုတာ” ဟု ဦးလနန်က ပြောသည်။

ဗလမင်းထင် တံတားမှ ဝိုင်းမော်မြို့သို့ သွားသည့် နန်မြစ်ချောင်းပေါ်ရှိ မရမ်းသံတံတားအား အင်္ဂါနေ့ ည ၈ နာရီခွဲချိန်တွင် ဖျက်ဆီးခဲ့သလို၊ ဝိုင်းမော်မြို့မှ လိုင်ဇာသွားသည့် လမ်းပေါ်မှ မလိ သံတံတားကိုလည်း ဖျက်ဆီးလိုက်ပြီး ဖြစ်သည်။ သို့သော် တံတားမှာ ပျက်စီးခြင်း မရှိဘဲ သွားလာနိုင်သေးသည်ဟု ဒေသတွင်း သတင်းရပ်ကွက်များက ပြောသည်။

အရှည် ၁ဝဝ ပေ၊ အကျယ် ၁၅ ပေ ရှိသော မရမ်းတံတားကို ဖြတ်၍ အစိုးရဘက်က စစ်အင်အားဖြည့်တင်း ပေးနိုင်မည့် လမ်းကြောင်း ဖြစ်သောကြောင့် ဖြတ်တောက်လိုက်ခြင်း ဖြစ်သည်။ မြစ်ကြီးနား-လိုင်ဇာ-ဗန်းမော် လမ်းပေါ်တွင် ပြေးဆွဲနေသော ကားများ ဖြတ်သန်းမှုများ ပြတ်တောက်သွားသည်။

အစိုးရတပ်ဘက်မှ နမ်ဆန်ယန်၊ နားလုံ၊ လဂျားယန် စသည့်တပ်စခန်းများတွင် အနည်းဆုံး အင်အား ၅ဝဝ ခန့်ရှိမည်ဟု ခန့်ရရပြီး မိုးမောက်မြို့နယ် ဒေါ့ဖုန်းယန်တွင်မူ တပ်ဖွဲ့အင်အား ၂ဝဝ ခန့်ရှိမည်ဟု ကချင်ပြည် လွတ်လပ်ရေးကောင်စီ KIC အတွင်းရေးမှူး ဒုဗိုလ်မှူးကြီး ယော်ထုံက ခန့်မှန်းပြောဆိုသည်။

ကချင်ပြည်နယ် ဝန်ကြီးချုပ် ဦးလဂျွန်ငန်ဆိုင်းနှင့် ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ခေါင်းဆောင်ဦးသိန်းဇော် နှင့် ဝန်ကြီးအဖွဲ့များ၊ စည်းရုံးရေးမှူးများက မြစ်ကြီးနားမြို့ မြို့တော်ခန်းမတွင် တိုက်ပွဲ မဖြစ်ပွားရန်ဆွေးနွေး ခဲ့သည်ဟု သူက ဆိုသည်။

“ဒီမနက် မြစ်ကြီးနားမှာ ပြည်နယ်ဝန်ကြီးတွေ စည်းဝေးတယ်။ မတိုက်ကြဖို့ စည်းဝေးကြတယ်။ ကျနော် တို့ဆီလည်း ကြားလူလွှတ်မယ်လို့ သတင်းကြားရတယ်။ အစိုးရဘက်ကနည်းနည်းထူးခြား နေတယ်။ ဖုန်းနဲ့ အသိတွေထဲကနေ အကြောင်းကြားလာတာတော့ ရှိတယ်” ဟု သူက မဇ္စျိမကို ပြောသည်။

တိုက်ပွဲဖြစ်ပွားမည်ကို စိုးရိမ်သဖြင့် လိုင်ဇာမြို့ အနီးပတ်ဝန်းကျင်ရှိ နားလုံ၊ ဒွန်ခုံး၊ မဒီးယန်၊ လမိုင်ယန်၊ နမ်ဆန်ယန် စသည့်ဒေသများမှ စစ်ပြေးဒုက္ခသည်များ ၁ဝဝဝ ကျော်ကို KIO ဒုက္ခသည်များ ကူညီစောင့် ရှောက်ရေး ကော်တီက လိုင်ဇာမြို့ရှိ စာသင်ကျောင်း၊ ဘုရားကျောင်း စသည့် နေရာများတွင် နေရာချ ထားပေးသည်။

တရုတ်ပြည်ဘက်သို့ ထွက်ပြေးသည့် ဒေသခံများကို စစ်ပွဲမဖြစ်သေးသဖြင့် တရုတ်က ပိတ်ထားသည်ဟု ဦးလနန်က ပြောသည်။