မြန်မာနိုင်ငံတွင်အစိုးရသစ်တရပ်ပေါ်ပေါက်လာ သည့်နောက်ပိုင်းကစ၍ အိန္ဒိ-မြန်မာငွေလှဲစျေး တစစ ကျဆင်းလာသော ကြောင့် ကုန်သည်များ အကျပ်ရိုက်နေကြကြောင်းသိရသည်။
ယခင်က အိန္ဒိယငွေ တစ်ရူပီးလျင် ပုံမှန်အားဖြင့် ကျပ်ငွေ ၂၀ အထက်ရှိရာမှ ၁၆ ကျပ်အထိကျဆင်းသွားခြင်း ဖြစ်သည်။
ယခုကဲ့သို့ငွေလှဲစျေးကျဆင်းသောကြောင့် အိန္ဒိယနိုင်ငံအရှေ့မြောက်ဘက် မီဇိုရမ်ပြည်နယ်သို့ကူးသန်း ရောင်းဝယ်နေကြသော ကုန်သည်များအကြီးအကျယ်အဆုံးပေါ်နိုင်သည့်ကိန်းစိုက်နိုင်သည်ဟုကုန်သည် တဦးကပြောသည်။
‘’ကုန်ပစ္စည်းတွေသွားယူတဲ့ တရုပ်နယ်စပ်မှာကုန်စျေးနှုန်းကမကျဘူး၊ လမ်းစရိတ်တို့အခွန်ဆောင် ရတာတို့နဲ့ ဆိုရင် အခု ငွေစျေးနဲ့ကတော့ ဘယ်လိုမှအမြတ်မရှိနိုင်ဘူး’’ဟုကုန်သည်တဦးကပြောသည်။
မီဇိုရမ်ပြည်နယ်တွင် ကုန်ကူးသန်းရောင်းဝယ်သူများသည် ငွေလှဲစျေးကိုအဓိကအားကူးနေရကြောင်း ၊ စျေးလှဲစျေးမြင့်မှ သာ ၄င်းတို့အတွက် အမြတ်အစွန်းကျန်နိုင်ပြီး ယခုအခြေအနေတွင် ၄င်းတို့အတွက် မျှော်လင့်ချက်မရှိကြောင်း သူက ဆက်ပြောသည်။
ငွေလှဲစျေးကျဆင်းမှုကြောင့် ကုန်သည်တချိူ့သည် ကုန်ကူးသန်းရောင်းဝယ်မှုမလုပ်တော့ဘဲခေတ္တရပ်နား နေကြရသည်ဟု သိရသည်။
‘’ ကျနော်သိသလောက်ဆိုရင် ကုန်သည် ၄၊၅ ဦးလောက်ကတော့ ကုန်မကူးတော့ဘဲ နားနေကြတယ်၊ ကျနော်တို့လည်း ကုန်ပစ္စည်းဖိုးအကြွေးတွေစောင့်နေတယ်၊ အကြွေးတွေရပြီဆိုရင်လည်းကုန်တွေထပ် ယူဖို့က ခုအခြေအနေမှာမဖြစ်နိုင်ဘူး ဒီတိုင်းဘဲ နားရမယ့်သဘောရှိတယ်’’ ဟုကုန်သည်တဦးကပြောသည်။
မီဇိုရမ်ပြည်နယ်တွင် ကုန်ကူးသယ်ရောင်းဝယ်နေကြသူအများစုမှာ ချင်းလူမျိူးဖြစ်ကြပြီး အဓိကအားဖြင့် တရုတ်ထုတ် ပလပ်စတိတ် အိမ်သုံးပစ္စည်းများ၊ အဝတ်အထည်များတင်သွင်းလေ့ရှိကြသည်။
ကုန်ပစ္စည်းများကို တရုတ်နယ်စပ်ရွှေလီဘက်တွင် သွားရောက်ယူကြပြီး ထိုမှတဆင့် ချင်းပြည်နယ်ကို ဖြတ်သန်းပြီး မီဇိုရမ် ပြည်နယ်သို့ပို့ဆောင်လျက်ရှိကြသည်။
ဒေသခံမီဇိုးကုန်စုံဆိုင်များသည် မြန်မာကုန်သည်များသယ်ဆောင်လာသော ကုန်ပစ္စည်းများကိုလက်ငင်းဖြင့် ငွေပေးချေ လေ့မရှိသောကြောင့်အကြွေးဖြင့်ပေးသွင်းကြရသည်ဟုကုန်သည်တဦးကပြောသည်။
‘’ဒီမှာက အကြွေးစနစ်ဖြစ်နေတယ် ဘယ်သူကမှ လက်ငင်းနဲ့မယူဘူး ဒါကြောင့် အကြွေးနဲ့ထားခဲ့ပြီး နေ့တိုင်း အကြွေး လိုက်တောင်းရတယ်၊ အဲဒီအကြွေးတွေအကုန်ရဖို့အတွက် တစ်လနှစ်လလောက်က တော့ စောင့်ရတယ်၊ ဆိုတော့ အိမ်ငှါး ခ တို့ စားစရိတ်တို့ကလည်း ကုန်သေးတယ်၊ဒီကြားထဲမှာငွေလှဲ စျေးက လည်းကျပြန်တယ်ဆိုတော့ ကျနော်တို့ အရမ်းကို အခက်ကြံုနေရတယ်’ ဟုအကြီးစားကုန်သည် တဦးက ပြောသည်။