ပြည်ထဲရေးမြေကွက် ကျားဖြူ ဝယ်ဖို့ငြင်း

ပြည်ထဲရေးမြေကွက် ကျားဖြူ ဝယ်ဖို့ငြင်း
by -
ဖနိဒါ

ချင်းမိုင် (မဇ္စျိမ) ။        ။ လေလံအောင်ခဲ့ပေမယ့် ရန်ကုန်တိုင်း ကမာရွတ်မြို့ အင်းလျားလမ်းနှင့် ဥယျာဉ် လမ်းထောင့်ရှိ ယခင် ပြည်ထဲရေးဝန်ကြီး ဌာန မြေနေရာအား မဝယ်ယူတော့ဘဲ ပြန်အပ် လိုက်ကြောင်း ကျားဖြူ ခေါ် ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ SNDP က ပြောသည်။

“ကျနော်တို့က ပါတီအနေနဲ့ လျှောက်ထားတာပါခင်ဗျ။ အကြောင်းအမျိုးမျိုးကြောင့် ပြန်အပ်လိုက်တယ်။ အကြောင်း မညီညွတ်ဘူးလို့ ပြောလို့ရတာပေါ့နော်။ ပါတီအနေအထားလည်း ပါတယ်။ ကျနော်တို့ လိုချင် တာလည်း မရဘူးလေ။ အဲဒါကြောင့် လေလံကျပြီးပြီးချင်း တပတ်လောက်မှာ ပြန်အပ်လိုက်တာ” ဟု ပါတီ ဘဏ္ဍာရေးမှူး ဦးစောသန်းမြင့်က ပြောသည်။

white-tiger-partySNDP ဥက္ကဋ္ဌ ဦးစိုင်းအိုက်ပေါင်း အမည်ပေါက်ဖြင့် ၂ဝ၁၁ မတ်လအတွင်း မြေဧရိယာ ၁.၄၆၅ ဧကရှိ အမှတ် ၁၊ အင်လျားလမ်းနှင့် ဥယျာဉ်လမ်းထောင့်၊ ကမာရွတ်မြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး မြေနေရာကိုဝယ်ယူ ခွင့်ရခဲ့သည်။

 စျေးပြိုင်လေလံစနစ်ဖြင့် ရောင်းချသည်ဟု အစိုးရက ကြေညာသည်။ သို့သော် ကျားဖြူပါတီကဝယ်လို သည်မှာ အင်းလေးခေါင်တိုင် ဟိုတယ် ဖြစ်သော်လည်း ပြည်ထဲရေးဝန်ကြီးဌာန မြေနေရာယူ ရန် အစိုးရက ပေးအပ်ခဲ့ခြင်း ဖြစ်သည်ဟု ပါတီတွင်း သတင်းရပ်ကွက်များက ပြောသည်။

ဟန်ပြ လေလံစနစ်ဖြင့် ရောင်းချ၍ ကျားဖြူကဲ့သို့ပင် အခြားသော နိုင်ငံပိုင်အဆောက်အအုံ မြေနေရာအချို့ တွင်လည်း လေလံအောင်ပြီးမှ မဝယ်နိုင်သော လုပ်ငန်းရှင်များ ရှိနေကြောင်း ရန်ကုန်မြို့ရှိ စီးပွားရေးလုပ်ငန်း ရှင်တဦးက ပြောသည်။

အစိုးရက အိမ်၊မြေ စျေးကွက်တွင်း ဝင်ရောက် ကစားခြင်းဖြင့် စျေးများ အဆမတန်မြင့်တက်အောင် လုပ်ပြီးမှ နိုင်ငံပိုင် လုပ်ငန်းများ မြေနေရာများကို လေလံသော်လည်းကောင်း၊ ခွဲတမ်းချ ဝယ်ယူစေခြင်းသော်လည်း ကောင်း လုပ်ခဲ့ခြင်းကြောင့် ဖြစ်မည်ဟု လေ့လာသူများက ပြောသည်။

ဦးစိုင်းအိုက်ပေါင်းက ကျပ်သန်းပေါင်း ၂၁ဝဝဝ ဖြင့် လေလံအောင်ခဲ့ကြောင်း ပုဂ္ဂလိကပိုင် ပြုလုပ်ရေးကော်မ ရှင်က ထုတ်ပြန်သည့် စာရင်းများကို ကိုးကား၍ ပြည်တွင်းထုတ် Flower News ဂျာနယ်က မေလ ၂၉ရက် နေ့တွင် ရေးသားထားသည်။

ပါတီရန်ပုံငွေအတွက်ဟုဆိုကာ စီးပွားရှာရန်အတွက်ကျားဖြူက ထူထောင်ထားသောကုမ္ပဏီ အမည်ကို ဗမာလို 'ထိပ်တန်း ကျားဖြူ'၊  အင်္ဂလိပ်ဘာသာဖြင့် Top White Tiger ဖြင့် အမည်အသုံးပြုရန် နေပြည်တော်ရှိ ကုမ္ပဏီ စီမံခန့်ခွဲရေး ဌာနက မေလ တတိယပတ်တွင်း မှတ်ပုံတင်ခွင့် ပြုလိုက်သည်။ သို့သော်လည်း ကုမ္ပဏီဒါရိုက်တာများကို ပြန်လည်စိစစ်မှု ပြုလုပ်ဆဲ ဖြစ်သည်ဟု ဆိုသည်။

whitetiger1လက်ရှိလျာထားသော ဒါရိုက်တာအဖွဲ့တွင် ပါတီ၏ လင်းခေးမြို့နယ်အမတ် ဦးစိုင်းလှကျော်က အတွင်းရေးမှူး၊ ဘဏ္ဍာရေးမှူးအဖြစ် ဦးစောသန်းမြင့်တို့ ဖြစ်သည်။

ကုမ္ပဏီကဒ်ကျပြီးမှ မတည်ငွေများဖြင့် လည်ပတ် လုပ်ကိုင်ရန်အတွက် ရှယ်ယာတစုလျှင် ကျပ် ၁ သောင်း နှုန်းဖြင့် အစုပေါင်း ၁ သန်းအထိ ရောင်းချသွားမည် ဖြစ်သည်။ အများဆုံး ရှယ်ယာအဖြစ် ကျပ်သိန်း ၁ ထောင် သတ်မှတ်ထားသည်။

လွှတ်တော်အမတ် ဖြစ်သွားသောသူများ ကုမ္ပဏီထောင် စီးပွားရှာခြင်းအပေါ် ဝေဖန်မှုများလည်း ရှိနေသည်။

ကျားဖြူက အပတ်စဉ်ထုတ် ဂျာနယ်ကိုလည်း လာမည့် ဇွန်လိုင်လဆန်းတွင် ဗမာ၊ ရှမ်း နှစ်ဘာသာဖြင့်တနိုင်ငံ လုံး ဖြန့်ချိရန် စီစဉ်ထားသည်။

၂ဝ၁ဝ ရွေးကောက်ပွဲတွင် အမတ်နေရာ ၅၇ နေရာနှင့် တတိယ အများဆုံး အနိုင်ရထားကာ ထပ်မံကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲတွင် အနည်းဆုံး ၁၂ နေရာခန့် ဝင်ရောက်ယှဉ်ပြိုင်ရန် ကျားဖြူက လျာထားသည်။

Most read this week