မြိုင်ကြီးငူရှိ BGF နှင့် KNLA ပူးပေါင်း တပ်ဖွဲ့များ စစ်ရေးအဆင်သင့်ဖြစ်နေ

မြိုင်ကြီးငူရှိ BGF နှင့် KNLA ပူးပေါင်း တပ်ဖွဲ့များ စစ်ရေးအဆင်သင့်ဖြစ်နေ
by -
နန်းဖော့ဂေ

ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ်မြိုင်ကြီးငူဒေသတွင် အခြေစိုက်သည့် နယ်ခြားစောင့်တပ် BGFတပ်ဖွဲ့ဝင် များနှင့် ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မ တော် (KNLA) တပ်မဟာ (၇) တပ်ဖွဲ့ဝင်များသည် မေလနောက်ဆုံးပတ်မှစ၍ ပူးပေါင်းချိတ်ဆက်ကာ မြန် မာအစိုးရတပ်ကို ပြန်လည်တိုက်ခိုက်ရန်အသင့် ဖြစ်နေပြီဟု KNLA တပ်မဟာ(၇)ကထုတ်ဖော်ပြော ဆိုသည်။

KNLA တပ်မဟာ (၇) မှူး ဗိုလ်မှူးချုပ်စောဂျော်နီက “နယ်ခြားစောင့် (၁၀၁၂) က ဗိုလ်ဘိ ဦးဆောင်ပြီးတော့ မြိုင်ကြီးငူမှာရှိတဲ့ BGF တပ်ရင်း ၄ရင်းနဲ့ ကျနော်တို့ တပ်မဟာ (၇) က တပ်ရင်းအချို့ ချိတ်ဆက်မိနေပါပြီ။ တပြိုင်နက်တည်းမှာပဲ စစ်ရေးကို ပြင်ဆင်ထားပြီး မြန်မာစစ်တပ်ဘက်က စတိုက်လာတယ်ဆိုတာနဲ့ ပြန်တိုက်ဖို့က ကျနော်တို့တွေ အသင့်အနေအထားမှာ ရှိနေပါတယ်။”ဟု ကေ အိုင်စီကို ပြောသည်။

BGF_logo
KNLA တပ်များနှင့် ချိတ်ဆက်မိသည့် BGF တပ်များမှာ တပ်ရင်းအမှတ်(၁၀၁၁)၊ (၁၀၁၂)၊ (၁၀၁၃)နှင့် (၁၀၁၄) တို့ဖြစ်ကြပြီး ၎င်း တို့အား (၁၀၁၂)၏ တပ်ရင်းမှူး ဗိုလ်မှူးစောဘိက ဦးစီးကာ လက်ရှိအချိန်တွင် စစ်သည်အင်အားပေါင်း တစ်ထောင်ကျော် ရှိနေပြီ ဖြစ်ကြောင်း ၎င်းဒေသမှ BGF တပ်မှူးတစ်ဦး၏ ပြောပြချက်အရ သိရသည်။

မေလနောက်ဆုံးပတ်က မြိုင်ကြီးငူဒေသတွင် BGF အချင်းချင်း တင်းမာမှုများ ရက်အတန်ကြာ ဖြစ်ပွားခဲ့ပြီး မေလ ၂၄ရက်နေ့ နောက်ပိုင်းမှစ၍ မြိုင်ကြီးငူဒေသရှိ BGF တပ်ဖွဲ့ဝင်များနှင့် KNLA တပ်ရင်းများချိတ်ဆက် ပူးပေါင်းမိသွားခြင်းဖြစ်ကြောင်းလည်း ဗိုလ်မှူးချုပ်စောဂျော်နီက ပြောသည်။

“BGF ဘက်ကတော့ တပ်ရင်း ၄ရင်းနဲ့ ကျနော်တို့ဘက်က တပ်ရင်း (၁၉)၊ (၂၁) နဲ့ (၂၂) တပ်ရင်းက တပ်ဖွဲ့ဝင်တွေ ပြီးခဲ့တဲ့ ၂၄ ရက် နေ့နောက်ပိုင်းမှာ အချိတ်အဆက် ရသွားတယ်လို့ ပြောလို့ရတယ်။ကျနော် တို့ဖက်ကတော့ တပ်ရင်းတစ်ခုချင်းစီက သူ့နီးစပ်ရာအ လိုက် ပူးပေါင်းချိတ်ဆက်ထားလိုက်တာပါ။”ဟု ပြောဆိုသည်။

DSCF5058
ထိုရက်အတောအတွင်း ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင် သီတင်းသုံးနေသည့် ယခင် ဒီကေဘီအေ နာယက မြိုင်ကြီးငူဆရာတော် ဦးသုဇနက ကရင်ပြည်နယ်အတွင်းသို့ ပြန်လည်ကြွရောက်သွားပြီးနယ်ခြားစောင့်တပ် များကို ဒီကေဘီအေ တံဆိပ်ပြောင်းလဲ တပ် ဆင်ရန် ညွှန်ကြားခဲ့သည်ဟု ဒေသခံများက ပြောသည်။

၎င်းအပြင် BGF အတွင်း တင်းမာမှု ပြေလည်ရန်အတွက် မေလ ၃၁ရက်နေ့က ဖားအံမြို့တွင် ဒီကေဘီအေ အကြံပေးပုဂ္ဂိုလ် ရဦး နှင့် အစိုးရစစ်တပ်ဘက်မှ ဗိုလ်ချုပ်မောင်မောင်အုန်း အပါအဝင် တာဝန်ရှိသူများ တွေ့ဆုံခဲ့သည်ဟု စစ်ဖက်ဆိုင်ရာ သတင်းရပ် ကွက်အရ သိရသည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ မြဝတီမြို့နယ်အခြေစိုက် BGF တပ်ဖွဲ့မှ ထိပ်ပိုင်းအရာရှိတစ်ဦးကို ကေအိုင်စီက ဆက်သွယ်မေးမြန်း ရာ ၎င်းတို့အနေဖြင့် မြိုင်ကြီးငူကိစ္စကို မသိရှိပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

ပြီးခဲ့သည့် မေလ၂၄ရက်နေ့က လှိုင်းဘွဲမြို့နယ်၊ ထီလုံတွင် BGF အချင်းချင်း ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ပြီးနောက် ၂၆ရက်နေ့တွင် မြိုင် ကြီးငူရှိ BGF တပ်ဖွဲ့ဝင်များသည် ၎င်းတို့၏ နဂိုမူရင်း DKBA တံဆိပ်များကို ပြန်လည်ဝတ်ဆင်ကာ ထိပ်ပိုင်းခေါင်းဆောင်တချို့ကို ဖမ်းဆီးခဲ့ကြောင်း သတင်းများ ထွက်ပေါ်ခဲ့သည်။

နောက်ဆုံးရရှိသည့် သတင်းအရ ယမန်နေ့ (မေလ ၁ရက်နေ့) ညကလည်း ကမမောင်းကျေးရွာအနီးရှိ မြန်မာစစ်တပ်၏ ဗျူဟာတစ်ခု ကို BGF တပ်ဖွဲ့ဝင်အချို့က ပြောက်ကျားစနစ်ဖြင့် ရှောင်တခင်ဝင်ရောက် တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။