ပြည်သူ့စစ်တွေကိုပါ KIO အသင့်ပြင်ထား

ပြည်သူ့စစ်တွေကိုပါ KIO အသင့်ပြင်ထား
by -
သျှမ်းသံတော်ဆင့်

မြန်မာစစ်တပ်နှင့်စစ်မက်ဖြစ်ပွားလာပါက တုန့်ပြန် တိုက်ခိုက်နိုင်ရန်အတွက်ကချင်ပြည် လွတ်လပ်ရေး အဖွဲ့ KIO မှ အရံ အ ရပ်သားလက်နက်ကိုင်တပ်ဖွဲ့ ဖြစ်သော ပြည်သူ့စစ်တပ်ဖွဲ့ များကိုပါအသင့်ပြင် ထားကြောင်း သိရသည်။

ယခုအခါ ပြည်သူ့စစ်တပ်ဖွဲ့ဝင်များအား လက်နက်ငယ်များ တပ်ဆင်၍ နယ်မြေလုံခြုံရေးတာဝန်ထမ်းဆောင် စေကာ အချို့ကို ရှေ့တန်းနယ်မြေများသို့ စေလွှတ်ထားကြောင်း ကေအိုင်အိုသတင်းရပ်ကွက်တစ်ခုမှ သျှမ်းသံတော်ဆင့်သို့ ပြောသည် ။

KIO

“ဒီနေ့အထိ တပ်အသင့်အနေအထား ပြင်ထားသေးတယ်၊ နှစ်နေရာခွဲပြီး စစ်သင်တန်းပေးတယ်၊ ပြည်သူ့စစ် သင်တန်း က တစ်လတစ်ကြိမ် ပုံမှန်ပေးနေတာပေါ့၊ သဘောတရားအနေနဲ့ လေ့ကျင့်ဖို့ ရှေ့တန်းကို တစ်ပတ် ၁၀ ရက်ပို့တာ မျိုးရှိတယ်၊ အဓိကကတော့ နယ်မြေလုံခြုံရေးတာဝန်ယူခိုင်းတယ် ” ဟုကေအိုင်အိုနှင့်နီးစပ်သူ က ဆိုသည်။

ကချင်ပြည်နယ်အတွင်း ကေအိုင်အို ထိန်းချုပ်နယ်မြေ ကျေးရွာများမှ သာမန်အရပ်သားများအားဆင့်ခေါ်၍ စစ်သင်တန်းပို့ ချခြင်း ဖြစ်ပြီး ယခုအခါ ပြည်သူ့စစ်အင်အား တစ်သောင်းဝန်းကျင်ခန့်နှင့်အမြဲတမ်းစစ်သည် အင်အား ၈ ထောင်ဝန်း ကျင်ခန့် ရှိကြောင်း ခန့်မှန်းပြောဆိုကြသည်။

လွန်ခဲ့သည့်လ ၁၈ ရက်နေ့က မြန်မာစစ်တပ်က ကေအိုင်အိုလက်အောက်ခံကေအိုင်အေတပ်စခန်းများအားဝင် ရောက် ပစ် ခတ်ခဲ့အပြီး ကေအိုင်အေတပ်ဖွဲ့များ တပ်လှန့်ထားကြောင်းသိရသည်။

မိုးညှင်းမြို့နယ်အတွင်းရှိ ကေအိုင်အို တပ်ရင်း ၅ ဋ္ဌာနချုပ်အနီး ချဉ်းကပ်လာသော မြန်မာစစ်တပ်များ မေလ ၂၅ ရက် နေ့ နောက်ဆုံးထား ဆုတ်ခွာပေးရန် သတိပေးစာတစ်စောင်ကို ကေအိုင်အိုက မပခစစ်တိုင်းဋ္ဌာနချုပ် သို့ ယခုလ ၁၉ ရက်နေ့က ပေးပို့ခဲ့သေးသည် ။

အဆိုပါစာပေးပို့အပြီး ပြီးခဲ့သည့်အပတ်သောကြာနေ့က မန်စီမြို့နယ်အတွင်း နှစ်ဘက်ပစ်ခတ်မှု ပြန်လည် ဖြစ်ပွားခဲ့ သေးသည်။

“ကေအိုင်အိုက တကယ်ချတော့မယ်ဆိုတော့ နဲနဲရှောင်သွားတယ်၊ အခုလည်း ဗမာစစ်တပ်က တပ်တွေအကုန် ဆုတ်သွားတာ မဟုတ်ဘူး၊ အခုလိုပဲရန်စ၊ သွေးတိုးစမ်းနေမဲ့ အနေအထားရှိတယ် ” ဟု စောစောက နီးစပ်သူက ဆိုသည်။

ယခုအခါ ကေအိုင်အိုဋ္ဌာနချုပ် လိုင်ဇာမြို့အခြေအနေမှာ ပုံမှန်အနေအထားရှိကြောင်း ဒေသခံများက ဆိုသည်။