NLD နိုင်ငံရေးသိပ္ပံသင်တန်း ဖွင့်မည်

NLD နိုင်ငံရေးသိပ္ပံသင်တန်း ဖွင့်မည်
by -
ထွန်းထွန်း

နယူးဒေလီ (မဇ္စျိမ) ။        ။ ပါတီဝင်လူငယ် လူကြီး အရည်အသွေးမြှင့်တင်ရေး အတွက် ၉ ရက်ကြာ နိုင်ငံရေးသိပ္ပံ ဘာသာရပ် သင်တန်း အားအမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD ကနိုင်ငံတကာ ရှိ ပါမောက္ခ ၈ ဦးဖြင့် ဇွန်လအတွင်း ဖွင့်လှစ် သင်ကြား သွားမည် ဖြစ်သည်။

ယခုလ ၂ဝ ရက်မှ ၂၈ ရက်နေ့အထိ ကျင်းပမည့် သင်တန်းသို့ ဟောင်ကောင် စီးတီးတက္ကသိုလ်မှ အာရှနှင့် နိုင်ငံတကာရေးရာဌာနမှ လက်ထောက် ပါမောက္ခ ဒေါက်တာကျော်ရင်လှိုင် အပါအဝင် စင်္ကာပူအမျိုးသား တက္ကသိုလ် NUS နှင့် အရှေ့တောင်အာရှ လေ့လာရေးကျောင်းမှ ပါမောက္ခများ ပထမဆုံးအကြိမ်လာရောက် ပို့ချရန် စီစဉ်ထားခြင်း ဖြစ်သည်။

သင်တန်းသားများမှာ ပြည်နယ်နှင့် တိုင်းများမှ ရွေးချယ်ထားသည့် NLD ပါတီဝင် ကိုယ်စားလှယ် ၄ ဦးစီနှင့် ပါတီဗဟိုအဖွဲ့ဝင်များ စုစုပေါင်း ၈ဝ ဦးခန့် ဖြစ်ပြီး၊ အင်္ဂလိပ်စကားဖြင့် သင်ကြားမည်ဖြစ်ရာ ဦးဟန်သာမြင့် နှင့် ဦးဝင်းထိန်တို့က ဘာသာပြန်အဖြစ် ဆောင်ရွက်ပေးမည်။

kyawyinhlaing“အထွေထွေအတွင်းရေးမှူး (ဒေါ်အောင်ဆန်းစု ကြည်) လွတ်မြောက်လာပြီးကတည်းကိုက ကျနော် တို့လူကြီး တွေကော၊ လူငယ်တွေကော အကုန်လုံး၊ စည်းရုံးရေးမှူးအားလုံးကို အရည် အချင်း မြှင့်တင် ရေး အတွက်ဆောင်ရွက်ရမယ်ဆို တဲ့ လမ်းညွှန်ချက် ရှိပါတယ်။ အဲဒီရည်ရွယ်ချက်နဲ့ ကျနော်တို့သင်တန်း တွေ၊ ဆွေးနွေး ပွဲတွေ၊လုပ် ငန်း နှီးနှောဖလှယ်ပွဲ တွေ အကြိမ်ကြိမ် လုပ်ခဲ့တာ ပါ။ အခုဟာကတော့ နည်းနည်း အဆင့်မြင့် ပေါ့ဗျာ” ဟု NLD ပြန်ကြား ရေးတာဝန်ခံ ဦးအုန်းကြိုင်က မဇ္စျိမကို ပြောသည်။

သင်ကြားမည့် ဘာသာရပ်များမှာ Research Method (သုတေသနပြု လုပ်ငန်းလုပ်ဟန်များ)၊ ဖွဲ့စည်းပုံဆိုင်ရာ ဥပဒေ၊ ဥပဒေနည်းကျ တွေးခေါ်မျှော်မြင်ပုံ၊ အသွင်ကူးပြောင်းရေး ကာလဆိုင်ရာ သီအိုရီများ၊ Culture Anthropology (ယဉ်ကျေးမှုဆိုင်ရာ မနုဿဗေဒ) နှင့် Good Governance (ကောင်းမွန်သော အုပ်ချုပ်ရေး) တို့ ဖြစ်သည်။

သင်တန်း ပြုလုပ်ရေးအတွက် NLD အထွေထွေ အတွင်းရေးမှူးဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်ထံ ဒေါက်တာ ကျော်ရင်လှိုင်က ဧပြီလ ၂၆ ရက်နေ့တွင် လာရောက်တွေ့ဆုံကာ ကမ်းလှမ်းခဲ့ခြင်း ဖြစ်သည်။

“ဒေါက်တာကျော်ရင်လှိုင်က ကျနော်တို့ဆီကို ကမ်းလှမ်းလာပါတယ်။ ဒီနိုင်ငံရေးသိပ္ပံ ဆိုင်ရာ၊ ဥပဒေဆိုင်ရာ သင်ကြားပေးဖို့ ရည်ရွယ်ချက်ရှိရင် သူ့ဘက်က တတ်နိုင်သမျှ ကူညီချင်ပါတယ်လို့ ကမ်းလှမ်းလာပါတယ်။ အဲဒါ ကျနော်တို့ အထွေထွေ အတွင်းရေးမှူးနဲ့ တွေ့ပြီးတော့ အဲဒါကို ဗဟိုအလုပ်အမှုဆောင်အဖွဲ့ကလက်ခံ ပြီးတော့ ဆောင်ရွက်တာပါ” ဟု ဦးအုန်းကြိုင်က ဆိုသည်။

ထူးခြားနေသည်မှာ ဒေါက်တာကျော်ရင်လှိုင်သည် ၂ဝ၁ဝ နိုဝင်ဘာ ရွေးကောက်ပွဲကို ထောက်ခံခဲ့သဖြင့်
 ဝေဖန်ခံရသော Myanmar Egress မှ ညွှန်ကြားရေးမှူးတဦးဖြစ်ပြီး၊ Social Science Research Methodology ဘာသာရပ်ကို သင်ကြားပေးသူ ဖြစ်သည်။

အငြင်းပွားဖွယ်ရာ Egress ကို တည်ထောင်သူ တဦးဖြစ်သော ဦးလှမောင်ရွှေသည် အစိုးရသြဇာ လွှမ်းမိုးသော မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလုပ်ငန်းရှင်များ အသင်းချုပ် UMFCCI တွင် ဒုဥက္ကဋ္ဌတဦးလည်း ဖြစ် သည်။ Egress ဥက္ကဋ္ဌ ဦးတင်မောင်သန်းမှာလည်း မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်၏ ဒုဥက္ကဋ္ဌ ဖြစ်သည်။

မေလအတွင်းက Egress ကိုယ်စားလှယ်အဖွဲ့ကို ဆွီဒင်နိုင်ငံ စက်မှုလုပ်ငန်းရှင်များ ဖိတ်ကြားသဖြင့်သွား ရောက်ခဲ့ရာ UMFCCI အမည်ကိုပါ ထည့်သွင်း အသုံးချခဲ့သည်ဟု ယုံကြည်ရသည်။

ဒေါက်တာကျော်ရင်လှိုင်သည် မြန်မာနိုင်ငံအရေးနှင့် ပတ်သက်၍ "Challenging the Authoritarian State: Buddhist Monks and Peaceful Protests in Burma" စာတမ်း အပါအဝင် စာတမ်းပေါင်း ၁၇ စောင် ရေး သားဖြန့်ချိခဲ့ပြီး၊ စင်္ကာပူ အမျိုးသား တက္ကသိုလ် NUS တွင် ကျောင်းဆရာအဖြစ် ထမ်းဆောင်ခဲ့ဖူးသည်။

NLD မှာ ၂ဝ၁ဝ ရွေးကောက်ပွဲကို ဆန့်ကျင်၍ မှတ်ပုံမတင်ခဲ့သော်လည်း ဒေါက်တာကျော်ရင်လှိုင်နှင့်လက်တွဲ လုပ်ကိုင်ခြင်းသည် ပါတီမူဝါဒ ပြောင်းလဲသွားခြင်း မဟုတ်ဟု NLD ဘက်က ပြောသည်။

“ကျနော်တို့ကတော့ ဘာမှ မူဝါဒ မပြောင်းပါဘူး။ NLD က ဒီမိုကရေစီရရှိဖို့ လုပ်နေတာပါပဲ။ ကျနော်တို့ ကဗျာ... မှတ်ပုံမတင်ဘူး။ သို့သော် မှတ်ပုံတင်ပြီး ရွေးကောက်ပွဲဝင်တဲ့ ပါတီတွေနဲ့လည်း ကျနော်တို့ လူမှုရေး ဆိုင်ရာ၊ ပညာရေးဆိုင်ရာ တချို့ကိစ္စတွေ တွဲလုပ်နေတာ ရှိပါတယ်။ အဲဒီအစီအစဉ် အတိုင်းပါပဲ။ နိုင်ငံရေးအရ အယူအဆ မတူသော်လည်းဘဲ တူတဲ့လုပ်ငန်းတွေမှာ ကျနော်တို့ တွဲလုပ်မယ်” ဟုပါတီပြန်ကြားရေးတာဝန်ခံ က ဆိုသည်။

ယခုသင်တန်း ဖွင့်လှစ်မည့်အတွက် ပါတီစည်းရုံရေး လုပ်ငန်းများတွင် အသုံးဝင်ကာ၊ သင်တန်းသားများက ပညာရပ်များကို ဆင့်ပွားဖြန့်ဝေသွားမည်။

၂ဝ၁ဝ နိုဝင်ဘာ ၁၃ ရက်နေ့တွင် နေအိမ်အထိန်းသိမ်းခံမှ ဒေါ်အောင်ဆန်းစုကြည် လွတ်လာပြီးနောက် ပါတီ ဝင်များ ဖွံ့ဖြိုးရေးအတွက် အင်္ဂလိပ်စာ၊ ကွန်ပြူတာ၊ သတင်းစာ သင်တန်းများ ပြုလုပ်ခဲ့သလို၊လယ်သမား များအတွက် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် ခေတ်မီစိုက်ပျိုးနည်းစနစ် သင်တန်းဖွင့်ခဲ့သည်။ ထို့အပြင် အမျိုးသမီးများအတွက်ပါ သင်တန်းများ ပြုလုပ်သွားမည်ဖြစ်သည်။

Most read this week