ဆေးလိပ် ထိန်းချုပ်မရဟု ဆရာဝန်အသင်း ပြော

ဆေးလိပ် ထိန်းချုပ်မရဟု ဆရာဝန်အသင်း ပြော
by -
ထွန်းထွန်း

နယူးဒေလီ (မဇ္စျိမ) ။        ။ မြန်မာနိုင်ငံတွင် ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက်ပစ္စည်းသောက်သုံး မှု ထိန်းချုပ်ရေး ဥပဒေ ရှိသော်လည်း လိုက်နာမှု မရှိကြသေးကြောင်း မြန်မာနိုင်ငံ ဆရာဝန်များ အသင်းက အင်္ဂါနေ့တွင် ပြောဆိုလိုက်သည်။

ယင်းဥပဒေအရ အများပြည်သူနှင့် သက်ဆိုင်သည့် နေရာများတွင် ဆေးလိပ်မသောက်သုံးရဇုန် သတ်မှတ် ရန်နှင့် ဆေးလိပ်ဗူးများကို အလိပ်ချင်းမရောင်းရန် ပါဝင်သော်လည်း လက်တွေ့တွင်မူ မဖြစ်သေးသည့်အပေါ် ပြောဆိုခြင်း ဖြစ်သည်။

“အခု သူ့ Institution အလိုက် လိုက်ပြီးတော့ ဆေးလိပ်မသောက်ရ၊ ဌာနဆိုင်ရာအတွင်းမှာ ဆေးလိပ် မသောက်ရတို့ ဘာတို့တော့ ထုတ်ပြန်ထားတာ ရှိတယ်။ အစိုးရဌာနမှာတော့ လုပ်ထားတာ မရှိသေးပါဘူး” ဟု မြန်မာနိုင်ငံ ဆရာဝန်အသင်း အထွေထွေအတွင်းရေးမှူး ဒေါက်တာခိုင်စိုးဝင်းက မဇ္စျိမကို ပြောသည်။

ဥပဒေတွင် အများပြည်သူအနေဖြင့် ဆေးလိပ်ငွေ့ ရှူရှိုက်ခြင်း အန္တရာယ်မှကင်းဝေးစေရန် ဆေးလိပ်မသောက် ရ နေရာနှင့် အကန့်အသတ်ဖြင့် ဆေးလိပ်သောက်ခွင့်ရှိသော သီးသန့်နေရာများကိုပါ အသေးစိတ်ဖော်ပြထား သည်။

tobacoo“ဆေးလိပ်ကို အလိပ်အပြေ မရောင်းရ၊ လက်လီ မရှိရဘူးပေါ့။ ထုတ်တဲ့သူကို ကန့်သတ်တဲ့ အနေနဲ့ ဗူးလိုက်ရောင်းရမယ်။ ဒါပေမဲ့ ကန့်သတ်တဲ့ အသက်အပိုင်းအခြားအရ အသက်ငယ်တယ်ဆိုရင်ကို ရောင်း ခွင့် မရှိဘူး။ စည်းမျဉ်းတွေ ထုတ်ခဲ့တယ်။ ဒါပေမဲ့ ရောင်းတဲ့သူတွေ ကိုယ်တိုင်လည်း မလိုက်နာဘူး၊ဝယ်တဲ့ သူတွေကလည်း အဲဒီလို ရတဲ့နေရာမှာ လိုက်လိုက်ဝယ်ပြီး သောက်နေကြတာပါပဲ” ဟု ဒေါက်တာ ခိုင်စိုးဝင်းက ဆိုသည်။

ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက်ပစ္စည်း သောက်သုံးမှု ထိန်းချုပ်ရေး ဥပဒေကို ၂ဝဝ၆ ခုနှစ် မေလ ၄ ရက်မှ စတင်ပြဋ္ဌာန်းခဲ့ပြီး ၂ဝဝ၇ ခုနှစ် မေလ ၄ ရက်နေ့၌ အာဏာသက်ဝင်သည်။

ယနေ့သည့် ကမ္ဘာ့ဆေးလိပ်မသောက်ရနေ့ ဖြစ်ပြီး ဆောင်ပုဒ်မှာ “ဆေးလိပ် ဆေးရွက်ကြီးအန္တရာယ်ကင်းဝေး ဖို့ ဥပဒေစည်းကမ်း အလေးထားလို့ ဝိုင်းဝန်းလိုက်နာ ဆောင်ရွက်ကြစို့” ဖြစ်သည်။

မြန်မာနိုင်ငံတွင် အထက်တန်းကျောင်းသား အရေအတွက်၏ ဆေးလိပ်သောက်နှုန်းမှာ ၂ဝဝ၁ ခုနှစ်က ၁ဝ.၂ ရာခိုင်နှုန်းအထိ ရှိခဲ့ပြီး၊ ၂ဝဝ၇ ခုနှစ်တွင်မူ ၄.၉ ရာခိုင်နှုန်း ရှိသည်ဟု ကျန်းမာရေးဝန်ကြီးဌာနနှင့် ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ WHO တို့ ပူးတွဲပြုလုပ်သည့် Global Youth Tobacco Survey - GYTS စစ်တမ်းအရ သိရသည်။

လူငယ်များအကြား မြင်တွေ့ရသည်က ၁ဝ ရာခိုင်နှုန်းအထိ ရှိနိုင်ကြောင်း ဒေါက်တာခိုင်စိုးဝင်းက ဆိုသည်။

“လူငယ်တွေကို သင်တန်းလုပ်တဲ့အခါမှာ ဆိုပါတော့ လူ ၄ဝ လောက် သင်တန်း ပေးတဲ့အထဲမှာ အနည်းဆုံး တော့ ၄ ယောက်လောက်တော့ ပြန်ပါလာတော့ ၁ဝ ရာခိုင်နှုန်းလောက်တောင် ရောက်နေတယ်။ ဒါလူငယ် အပိုင်းမှာနော်။ ကျနော်က လောလောဆယ် လူငယ်စီမံချက်ကိုပဲ ကိုင်ထားတော့ လူကြီးပိုင်းကိုမသိလိုက် ဘူး။ ဒါပေမဲ့ လူကြီးတွေလည်း သောက်နေကြတာပဲ” ဟု သူက ပြောသည်။

ကိန်းဂဏန်းများအရ ဆေးလိပ်သောက်သုံးမှု လျော့နည်းသွားသည်ဟု ဆိုသော်လည်း ကွမ်း အပါအဝင် ဆေးရွက်ကြီး သောက်သုံးမှုတွင်မူ ၂ဝဝ၁ ခုနှစ်က ၅.၇ ရာခိုင်နှုန်းရှိရာမှ ၂ဝဝ၇ ခုနှစ်တွင် ၁၄.၁ ရာခိုင်နှုန်း အထိ တိုးတက်လာသည်ဟု GYTS စစ်တမ်းတွင် ဖော်ပြထားသည်။

“ကွမ်းစားတဲ့သူတွေ တတ်နိုင်လို့ရှိရင် ဆေးရွက်ကြီးနဲ့ ပတ်သက်ပြီး ပါတဲ့ 92 တို့၊ 100 တို့ ဒါတွေလည်း ထည့်ပြီး မစားစေချင်ဘူး။ ဒါတွေက တကယ်တမ်းကျတော့ ဆေးရွက်ကြီးကို ပြုပြင်ထားတဲ့ ဟာတွေချည်းပဲ။ နောက် ဗမာဆေးဆို နည်းနည်းပိုဆိုးသေးတယ်။ အထူးသဖြင့် ဗမာဆေးကို ကျနော် ကွမ်းယာဆိုင်တွေမှာ တွေ့တာ မှိုတက်နေတဲ့ ဗမာဆေးတွေကို ထည့်သုံးနေတာတွေ ဘာတွေ။ အဲဒါတွေ ပိုဆိုးလိမ့်မယ်” ဟု ရန်ကုန်မြို့ခံ ဆရာဝန်တဦးကလည်း မဇ္စျိမကို ပြောသည်။

ဆေးလိပ်သောက်သူများထဲတွင် သာမန်အရပ်သားများသာမက ကျန်းမာရေးဝန်ထမ်းများပင် ပါဝင်နေသည်။

“အမျိုးမျိုးတော့ ပညာပေးတာပဲ။ ပညာပေးတာမှ ကျနော်တို့ဆိုရင် ဆေးခန်းစာအုပ်တွေမှာ ဆေးလိပ် သောက်ခြင်းရဲ့ အပြစ်တွေ အကုန်ရေးပေးတာပဲ။ ဒါပေမဲ့ လုပ်နေကြတာပဲ။ နောက် ဆရာဝန်တွေ ကိုယ်တိုင်က ဆေးလိပ်သောက်နေကြတယ်။ နှလုံးသွေးကြောပိတ်သွားတယ်။ ကုထားရတယ်။ ဒါပေမဲ့ ဆေးလိပ် သောက်နေကြတုန်းပဲ” ဟု ဒေါက်တာခိုင်စိုးဝင်းက ဆိုသည်။

ဆေးလိပ်တွင် ဓာတ်ပစ္စည်းအမျိုးပေါင်း ၄၃ဝဝ ကျော်ပါဝင်ပြီး လူကို အသက်အန္တရာယ်ပေးနိုင်သည့် ကတ္တရာ၊ နီကိုတင်း ကာဗွန်မိုနောက်ဆိုဒ်၊ ဘင်ဇင်းနှင့် အမိုးနီးယားဓာတ် များစွာပါဝင်သည်။

“ကျနော့်ယောက္ခမဆိုလည်း အဆုတ်ကင်ဆာနဲ့ သေသွားတယ်။ ဆေးလိပ်ကြောင့် ဖြစ်တယ်ဆိုတာ သူကိုယ်တိုင် သိတယ်။ အဲဒီတော့ အောက်က သားသမီး၊ သားတွေမှာလည်း တယောက်ဆိုရင်လည်း အဆုတ်ကင်ဆာနဲ့ လောလောလတ်လတ် သေသွားပြီ။ နောက်တယောက်ဆိုရင် အဲဒီဆေးလိပ်ကြောင့်ပဲ လျှာကင်ဆာဖြစ်တယ်။ ဆေးသွင်းတယ်၊ ဓာတ်ကင်ရတယ်။ နည်းနည်းလေး သက်သာလာတယ်။ဒါကြောင့် ဖြစ်တယ်ဆိုတာ သိရဲ့သားနဲ့ ဆေးလိပ်ပြန်သောက်နေတယ်။ ဆိုတော့ စွဲနေကြတာကိုမဖြတ် ချင်ကြဘူး” ဟု ရန်ကုန်မြို့ခံ ဆရာဝန်က ဆိုသည်။

ဆေးလိပ်ကြောင့် အဆုတ်ကင်ဆာနှင့် ခံတွင်းကင်ဆာများဖြစ်ပေါ်နိုင်ပြီး နှလုံးသွေးကြောပိတ်ရောဂါများ
 ဖြစ်ပွားနိုင်ပြီး အဖြစ်အများဆုံးနှင့် လူအသေအပျောက် အများဆုံးရောဂါများ ဖြစ်သည်ဟု မြန်မာနိုင်ငံ ဆရာဝန်အသင်းအဆိုအရ သိရသည်။

“အဓိက အဆိုးဆုံးကတော့ ကင်ဆာပေါ့ဗျာ။ ကင်ဆာဆိုရင်လည်း ပါးစပ်ထဲမှာလည်း ကင်ဆာဖြစ်သလို အဆုတ်ထဲမှာလည်း ကင်ဆာဖြစ်မှာပဲ။ နည်းနည်းလေး ပျော့သွားတဲ့အခါကျတော့မှ အဆုတ်ပွတယ်၊ နာတာရှည် လေပြွန်ယောင်ရောဂါတွေ ရမယ်။ နှလုံးမှာဆိုရင် သွေးကြောတွေ ကျဉ်းလာမယ်။နှလုံးသွေး ကြော ကျဉ်းလာရင် နှလုံးပုပ်တယ်ပေါ့။ နောက် ခပ်ပျော့ပျော့ထဲကဆိုရင်တော့ အစာအိမ် အနာပေါက်မယ်။ ဒီ့ထက်ဆိုးရင် အစာအိမ်ကင်ဆာအထိ ရောက်လာနိုင်တယ်” ဟု ဒေါက်တာခိုင်စိုးဝင်းက ပြောသည်။

အစိုးရအနေဖြင့် ဥပေဒပြဋ္ဌာန်းထားရုံဖြင့် မလုံလောက်ဘဲ တွန်းအားပေးလုပ်ဆောင်မှုများ လိုအပ်နေကြောင်း ဆရာဝန်များ အသင်းက တိုက်တွန်းသည်။

“ဥပဒေတို့ စည်းမျဉ်းတို့ရှိပေမယ့်လည်း Enforcement အတင်းအကျပ် မရှိရင်တော့ အလကားပဲ။ တကယ့် ဆေးလိပ်ရောင်းတဲ့ နေရာတွေက ဟိုတုန်းကဆိုရင်တော့ အရက်ရောင်းလို့ရှိရင် အရက်က လိုင်စင်ရှိမှ
 ရောင်းရတယ်ဆိုတာမျိုးလို အတားအဆီးလေးများ လုပ်လိုက်လို့ရှိရင် ရောင်းတဲ့နေရာမှာ အကန့်အသတ် ရှိလာမယ်ပေါ့။ အဲဒီ့အခါကျရင် သောက်သုံးတဲ့သူလည်း ဘာပဲပြောပြော အခွန်အခ စျေးတက်လာလို့ရှိရင်
 ဆေးလိပ်စျေး တက်လာမယ်ပေါ့။ ဒါပေမဲ့ နယ်စပ်ကနေ မဝင်ဖို့လည်း အရေးကြီးသေးတယ်။ နယ်စပ်က ဝင်ပြီဆိုရင်တော့ စျေးပေါပေါထဲကဟာတွေ ဝင်လာလိမ့်မယ်လေ” ဟု အသင်း၏ အထွေထွေအတွင်းရေးမှူး
 ဒေါက်တာခိုင်စိုးဝင်းက ပြောသည်။

ကမ္ဘာတဝှန်းတွင် ၂ဝ ရာစုအတွင်း ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက်ပစ္စည်း သုံးစွဲမှုကြောင့် လူပေါင်း သန်း ၁ဝဝ ကို အသက်ဆုံးရှုံးစေခဲ့ပြီး ၂၁ ရာစုတွင် လူပေါင်း သန်း ၁ဝဝဝ အသက်ဆုံးရှုံးစေမည်ဟု WHO က ခန့်မှန်းထားသည်။

အစိုးရအနေဖြင့် ပညာပေးလုပ်ငန်းများနှင့်ပတ်သက်၍ မီဒီယာကို အသုံးချရန်နှင့် ထိရောက်စွာလုပ်ဆောင် ရန်လည်း လိုအပ်ကြောင်း ဆရာဝန်အသင်းက ဆိုသည်။

“အဓိကကတော့ Multi Media အကုန်သုံးရမှာပဲ။ အသံလည်း ထုတ်ပြရမယ်။ ရုပ်တွေလည်းထုတ်ပြနိုင် တယ်ဆိုရင်တော့ အဆင်ပြေလောက်တယ်လို့ ကျနော် ယူဆတာပဲ။ ဘာဖြစ်လို့ဆိုတော့ ရုပ်မြင်သံကြားက ဖြန့်ချိနိုင်လို့ရှိရင် ပိုကောင်းမယ်။ ဒါပေမဲ့ ရုပ်မြင်သံကြား ထုတ်လွှင့်တဲ့စရိတ်က ကြီးတယ်လေ။စျေးကြီး တယ်ဆိုတော့ တော်ရုံတန်ရုံလည်း အစိုးရက မလုပ်ရင်တော့ ကျနော်တို့လည်း မလုပ်နိုင်ဘူး။ ဒါ အစိုးရက တော့ တော်တော်များများ လုပ်နေပါပြီ။ ဒါပေမဲ့ တကယ်လူကြည့်တဲ့ အချိန်မှာတော့ မလာသေးဘူး” ဟု ဒေါက်တာခိုင်စိုးဝင်းက ပြောဆိုသည်။

Most read this week