ယခုနှစ် ကျောင်းအပ်ရာသီအတွင်း သျှမ်းပြည် (မြောက်ပိုင်း) မူစယ်မြို့ ၊ အထက ၂ ကျောင်း၌ လိုအပ်သည့် စားပွဲထိုင်ခုံနှင့်အုပ်တံတိုင်းကာရံ ကြေးအတွက်ကျောင်းသားမိဘများထံမှ အလှူ ငွေကောက် ခံခဲ့ ကြောင်း သိရသည်။
ကျောင်းကော်မတီမှ တတ်နိုင်သ၍သာ ထည့်ဝင်ရန် ပန်ကြားကောက်ခံခြင်း ဖြစ်သော်လည်း မတတ်နိုင်သည့် မိဘများအနေဖြင့် သားသမီးများ မျက်နှာငယ်မည်ကို စိုးရိမ်ကြောင်း မူစယ်မြို့ခံ ကျောင်းသားမိဘ အသိုင်း အဝိုင်းက သျှမ်းသံတော်ဆင့်သို့ ပြောသည်။
“ကောက်တာကတော့ အလှူငွေအနေနဲ့ပဲကောက် တာပါ။ ဒါပေမဲ့ မတတ်နိုင်တဲ့ မိဘတွေကျတော့ အလှူငွေ လည်း မထည့်နိုင်ဘူးပေါ့။ မထည့်နိုင်တဲ့ ကလေးတွေဆို ဘယ်လိုမှအဆင်မပြေနိုင်ဘူး လေ၊ နောက်ပိုင်းခွဲခြား ဆက်ဆံလာကို စိုးရိမ် တာပေါ့” ဟု မြို့ခံတစ်ဦးက ဆိုသည်။
ယခုကောက်ခံသည့်အလှူငွေကို ကျောင်းသား မိဘ ၆၀ ရာခိုင်နှုန်းခန့်ကသာ ထည့်ဝင်နိုင်ပြီး ကျန် ၄၀ ရာခိုင် နှုန်း ထည့်ဝင်နိုင်ခြင်းမရှိဟု ဆိုသည်။
အဆိုပါကျောင်းတွင် ကျောင်းသားတစ်ဦးအတွက် စားပွဲထိုင်ခုံဖိုး ကျပ် ၃ သောင်းနှင့်အုပ်တံတိုင်း ကြေး ကျပ် ၁ သောင်း ခွဲ စုစုပေါင်း ကျပ် ၄ သောင်း ခွဲခန့် ထည့်ဝင်ရန် လိုအပ်နေကြောင်း သိရသည်။
ယခုအခါ မြန်မာနိုင်ငံတစ်ဝန်းရှိ ကျောင်းများတွင် ကျောင်းသူ၊ ကျောင်းသားများ ကျောင်းအပ်နေကြပြီး လာ မည့် ဂျွန်လ ၁ ရက်နေ့မှစ၍ ကျောင်းများစတင် ဖွင့်လှစ်တော့မည် ဖြစ်သည်။
မြန်မာနိုင်ငံတွင် အစိုးရစီမံကိန်းများအတွက် လိုအပ်သည့် ငွေကို အစိုးရက အကုန်အကျခံခြင်းမရှိပဲနေ့စဉ် ပြည်သူများထံမှ ကောက်ခံနေကြောင်း သိရသည်။