ဖူးခက်မှာ တရားမဝင်လုပ်သား မဖမ်းရ

ဖူးခက်မှာ တရားမဝင်လုပ်သား မဖမ်းရ
by -
အောင်မြတ်စိုး

ဘန်ကောက် (မဇ္စျိမ) ။       ။ ထိုင်းနိုင်ငံတောင်ပိုင်း ဖူးခက်မြို့တွင် နိုင်ငံခြားသား ရွှေ့ပြောင်းလုပ်သား များကို ဖမ်းဆီးခြင်း မပြုဘဲ ခေတ္တရပ်ဆိုင်းထားရန် ခရိုင်ဝန်က ဒေသအာဏာပိုင်များကို မေလ ၃ဝ ရက် နေ့တွင် ညွှန်ကြားခဲ့ကြောင်း ဒေသခံ ဖူးခက်ဝမ် သတင်းက ရေးသားထားသည်။

တရားမဝင် နေထိုင် လုပ်ကိုင်နေသော နိုင်ငံခြား လုပ်သမားများအား အလုပ်လုပ်ခွင့် မှတ်ပုံတင်ခွင့်ပြုမည့် ဇွန်လ ၁၅ ရက်နေ့မှ ဇူလိုင်လ ၁၄ ရက်နေ့အထိ ဖမ်းဆီးခြင်း မပြုရန် မြို့တော်ခန်းမတွင် ပြုလုပ်သော အစည်းအဝေးတခု၌ ခရိုင်ဝန် ထရီအော်ကရာဒါချာ Tri Augkaradacha က အုပ်ချုပ်ရေးမှူးများကို ပြောဆိုခဲ့ခြင်း ဖြစ်သည်။

‘‘အလုပ်သမားများအား မဖမ်းဆီးဘဲ လွတ်ငြိမ်းချမ်းသာခွင့် ပေးထားရန် မှာကြားထားကြောင်း” ခရိုင်ဝန်၏ ပြောစကားကို ကိုးကား၍ အွန်လိုင်းသတင်းတွင် ရေးသားထားသည်။

ဖူးခက်ရှိ မြန်မာရွှေ့ပြောင်း အလုပ်သမား ၂ သိန်းဝန်းကျင်သည် မြို့နယ်အတွင်းရှိ ကြက်ခြေနီရုံးများ၌ ဇွန်လ ၁၅ ရက်နေ့မှစ၍ တရားဝင် မှတ်ပုံတင်ခွင့် ပြုလုပ်ရမည် ဖြစ်သည်။

“ထိုကာလလွန်မှသာ အလုပ်သမားလက်မှတ် ပြုလုပ်ထားခြင်း မရှိသော တရားမဝင် အလုပ်သမားများကို ဖမ်းဆီးမှု ပြန်လည်စတင်မည်” ဟုလည်း သတင်းတွင် ရေးသားထားသည်။

ဖူးခက်ကျွန်းခရိုင်တွင် မြို့နယ် ၄ မြို့နယ် ရှိပြီး၊ ဆောက်လုပ်ရေးလုပ်ငန်း၊ ရော်ဘာစိုက်ပျိုးရေးနှင့်ငါးဖမ်း လုပ်ငန်းများတွင် မြန်မာလုပ်သားအများစု အလုပ်သမားလက်မှတ် မရှိဘဲ လုပ်ကိုင်နေကြသည်ဟု
 ဒေသအာဏာပိုင်များက ပြောသည်။

တရားမဝင် လုပ်သားများကို ဖမ်းဆီးမှု ထူပြောသော ဖူးခက်တွင် အဖမ်းအဆီး သိသာစွာ လျော့နည်း သွားသည်ဟု မြန်မာများက ပြောသည်။

ဖေဖော်ဝါရီလကုန် အလုပ်သမား မှတ်ပုံတင် သက်တမ်းဆက်ခွင့် ကုန်ဆုံးချိန် ထိုင်းနိုင်ငံတွင် မှတ်ပုံတင် ထားသော လာအို၊ ကမ္ဘောဒီးယားနှင့် မြန်မာတို့မှ ရွှေ့ပြောင်းလုပ်သားဦးရေ ၈၄၅,၁၃၉ ဦး ရှိသည်ဟု ထိုင်းအလုပ်သမား ဝန်ကြီးဌာန ထုတ်ပြန်သော စာရင်းဇယားကို ကိုးကား၍ နိုင်ငံတကာ ရွှေ့ပြောင်းနေထိုင် သူများရေးရာ IOM အဖွဲ့၏ ဧပြီလ ၁၁ ရက်နေ့ ထုတ်ပြန်ချက်တွင် ပါရှိသည်။

မြန်မာအစိုးရ ထုတ်ပြန်သော စာရင်းဇယားများအရ ယခုနှစ် မေလ ၉ ရက်နေ့အထိ ယာယီနိုင်ငံကူးလက်မှတ်
 ပြုလုပ်ထားသော အလုပ်သမားပေါင်း ၄၁၆,၇၃၆ ဦး ရှိပြီး၊ မြဝတီမှ ၆၄,၁၁၂ ဦး၊ တာချီလိတ်မှ ရ၈,၇ဝ၂ ဦးနှင့် ထိုင်းနိုင်ငံ ရနောင်းမြို့တွင် ဖွင့်လှစ်ထားသော ယာယီနိုင်ငံကူးလက်မှတ် ထုတ်ပေးရေးရုံးမှ ၂၇၃,၉၂၂ ဦးတို့ကို ထုတ်ပေးခဲ့ပြီး ဖြစ်သည်ဟု သိရသည်။

Most read this week