ဖွံ့ဖြိုးရေးစီမံကိန်းနှင့် ရင်းနှီးမြှုပ်နှံမှုများကို ဆန့်ကျင်ကြောင်း ကရင်နှီးနှောဖလှယ်ပွဲမှ ဆွေးနွေးဆုံးဖြတ်ခဲ့

ဖွံ့ဖြိုးရေးစီမံကိန်းနှင့် ရင်းနှီးမြှုပ်နှံမှုများကို ဆန့်ကျင်ကြောင်း ကရင်နှီးနှောဖလှယ်ပွဲမှ ဆွေးနွေးဆုံးဖြတ်ခဲ့
by -
ကေအိုင်စီ

၈ ကြိမ်မြောက် ကရင်အမျိုးသားစည်းလုံးညီညွှတ် ရေး နှီးနှောဖလှယ်ပွဲမှ ကရင်ဒုက္ခသည်များကိုနေ ရပ်ပြန်လည် မပို့ဆောင် ရေးနှင့်ကရင်ဒေသ များ တွင် ပြုလုပ်နေသည့် ဖွံ့ဖြိုးရေးစီမံကိန်းများနှင့် ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှုများကို ဆန့်ကျင် ရှုတ်ချကြောင်း ယမန်နေ့က ကြေညာချက်ထုတ်ပြန် လိုက်သည်။

ထိုကြေညာချက်တွင် နှီးနှောဖလှယ်ပွဲမှ ကရင်လူမျိုးများအကြား စည်းလုံးညီညွှတ်မှု ပိုမိုအားကောင်းလာ စေရေး၊ မြန်မာ ပြည်၏ လက်ရှိ နိုင်ငံရေးအခြေအနေများနှင့် ကရင်လူထုတစ်ရပ်လုံး၏ခံစားနေရ မှုများကို ဆွေးနွေးခဲ့ကြပြီး ထိုင်းနိုင်ငံအ တွင်း ရောက်ရှိနေသည့် သိန်းနှင့်ချီသော စစ်ပြေးဒုက္ခသည်များအား ယာယီ လက်ခံထားပေးရန်နှင့် ပြန်လည်ပို့ဆောင်ခြင်း မပြုလုပ်သေးရန် ထိုင်းအစိုးရနှင့် UNHCR တို့အားတောင်းဆို ထားသည်။
DSC04864နှီးနှောဖလှယ်ပွဲ၏ ပြောရေးဆိုခွင့်ရှိသူ စောကနဲမီက “သူတို့ (မြန်မာအစိုးရ) ကိုယ်သူတို့ အစိုးရလို့ ခံယူပြီး ကရင်တွေနယ် မြေမှာ ဖွံ့ဖြိုးရေးကို ဘမ်းပြပြီး Dam (ရေကာတာ)နေရာအဆင့်ဆင့် လာလုပ်တာဟာ နယ်မြေတွေ ဆုံးရှုံးပျက်စီးကုန်တယ်။ ဒီလို နားလှည့်ပါးရိုက်လာလုပ်တာ ဘယ်သူမှ လက်ခံနိုင်စရာ အကြောင်းမရှိဘူး။ ကျနော်တို့တွေ ဖွံ့ဖြိုးမှုကို မလိုလားတာ မဟုတ်ဘူး။ နိုင်ငံတကာကို လိမ်လည်ပြီး တိုင်းပြည်ကို အုပ်ချုပ်နေတဲ့ သူတွေကို လုံးဝ လက်မခံနိုင်ဘူး။ ဒါကြောင့် ကျနော် တို့ Karen Unity Seminar အနေနဲ့ မတ်မတ်ရပ်ပြီး ဒါကို လုံးဝ ဆန့်ကျင်တာ၊ ရှုတ်ချတာ ဖြစ်တယ်။”ဟု ကေအိုင်စီကို ပြောသည်။

ဆက်လက်၍ သူက “ဒုက္ခသည်နဲ့ ပတ်သက်လို့ အတင်းအဓမ္မ ရွှေ့ခိုင်းပြောင်းခိုင်းတာတွေ မလုပ်ရဘူးဆိုတာ ဥပဒေရှိ တယ်။ ကျနော်တို့က တကမ္ဘာလုံးက ပြဌာန်းထားတဲ့ လူ့အခွင့်အရေး ဥပဒေအရဆိုပြီးကိုယ့်ကိုယ် ကို သတ္တိပြတာတော့ မဟုတ်ဘူး။ ကျနော်တို့ အမှန်တရားဘက်မှာ ရှိတယ်ဆိုတာရယ်၊ ခိုင်မာတဲ့ အခြေခံ အကြောင်းရင်းတွေ ရှိတယ်ဆိုတာရယ် ပါ။”ဟု ရှင်းပြသည်။

၎င်းအပြင် အခုတက်လာသည့် ကြံ့ဖွံ့အစိုးရအနေဖြင့် အင်အားတောင့်တင်းပြီး အဆင့်မြင့်သည့် စစ်တပ်ကို ထူထောင်ပါက ကရင်ဒေသများအတွင်း ဆိုးဝါးသော လူ့အခွင့်အရေး ချိုးဖောက်မှုများ ဆက်လက်ဖြစ်ပွား လာနိုင်ခြင်း၊ လူထု၏ အိုးအိမ် မြေယာများ ပိုမို ပျက်စီးဆုံးရှုံးလာနိုင်ခြင်းနှင့် လူသားများအပေါ်စစ်ရာဇဝတ် မှုများ ကျူးလွန်နေသည့်အတွက် ကုလသမဂ္ဂ မှ စုံစမ်းစစ်ဆေးရေး ကော်မရှင် စေလွှတ်၍ ကြံ့ဖွံ့အစိုးရအား အရေးယူမှုများ ချက်ချင်း ဆောင်ရွက်သွားရန်လည်း နှီးနှော ဖလှယ်ပွဲက တောင်းဆိုလိုက်သည်။
IMG_4542
ထိုနှီးနှောဖလှယ်ပွဲသို့ ပြည်တွင်းနှင့် ယူကေ၊ အမေရိကန်၊ ကနေဒါ၊ စင်္ကာပူ၊ သြစတြေးလျားနိုင်ငံများမှ ကရင်တိုင်းရင်းသား ကိုယ်စားလှယ်များလည်း တက်ရောက်ခဲ့ကြသည်။

UK မှ စောဝင်းစတန်တောက “ကျနော် ဒီစီမီနာကို ပထမဆုံးရောက်လာတာပဲ။ ဆွေးနွေးမှုတွေအတွင်းမှာ အချေအတင် ငြင်းခုန်ဆွေးနွေးအဖြေရှာကြတာဟာ ဆုံမှတ်ကိုတွေ့ရှိသွားသလို စိတ်ဝင်စားမှုကောင်းတဲ့ တော်လှန်ရေးအတွေ့အကြံု သဘောတရားတွေကိုလည်း ရရှိခဲ့ပါတယ်။”ဟု ကေအိုင်စီသို့ ပြောသည်။

ပြည်တွင်းကိုယ်စားလှယ်တဦးကလည်း “အခုလိုုု ကရင်ကိုယ်စားလှယ်ကြီးတွေ ဒုက္ခအခက်အခဲကြားက မတူကွဲပြားတဲ့ အတွေးအခေါ် အယူအဆတွေကို ပြန်လည်ပေါင်းစည်းပေးဖို့ လာရောက်ဆွေးနွေးကြတာ အားရကျေနပ်မှု အတော်ရပါ တယ်။ နိုင်ငံရေး၊ အမျိုးသားရေးပန်းတိုင်ကို ဒီစီမီနာမှာ ရှင်းရှင်းလင်းလင်းကြီး တွေ့ခွင့်ရခဲ့တယ်။ ပြည်တွင်းမှာဆို ဘာဆို ဘာမှ သိခွင့်၊ လုပ်ခွင့်မရှိဘူး။”ဟု ဆိုသည်။

နှီးနှောဖလှယ်ပွဲ ကျင်းပရေးကော်မတီ ဥက္ကဌ စောလှထွန်းက “နိုင်ငံတကာကကိုယ်စားလှယ်တွေ၊ ခရိုင် ကိုယ်စား လှယ်တွေ နဲ့ ပြည်တွင်းကိုယ်စားလှယ်တွေ အခုလို လာရောက်တွေ့ဆုံပြီး ကရင်အမျိုးသားတွေရဲ့ စည်းလုံးမှုပြိုကွဲစေမယ့် အကြောင်း အရာတွေကို ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပြီးကာကွယ်ပေးကြ၊နည်း လမ်း အဖြေရှာကြတာဟာ အင်မတန်မှ အားရကျေနပ်မှုရှိပါတယ်။”ဟု ပြောဆိုသည်။

မေလ ၂၄ရက်မှ ၂၇ရက်နေ့အထိ ထိုင်း-မြန်မာနယ်စပ်တနေရာတွင် ပြုလုပ်ကျင်းပခဲ့သည့်ထိုနှီးနှောဖလှယ် ပွဲသို့ ပြည်တွင်း ပြည်ပရှိ ကရင်အဖွဲ့အစည်း (၄၂) ဖွဲ့မှ ကိုယ်စားလှယ်များ၊မျိုးဆက်သစ်နိုင်ငံရေးကျောင်း သား ကျောင်းသူများနှင့် လေ့လာ သူများ စုစုပေါင်း ၁၁၇ ဦး တက်ရောက်ခဲ့ကြသည်။

Most read this week