ပုဂ္ဂလိကကျောင်း၊ ကျူရှင်နှင့် စည်းကမ်း

ပုဂ္ဂလိကကျောင်း၊ ကျူရှင်နှင့် စည်းကမ်း
by -
ထွန်းထွန်း

နယူးဒေလီ (မဇ္စျိမ) ။       ။ ပုဂ္ဂလိက ပညာရေး ဝန်ဆောင်မှု လုပ်ငန်းများ၊ ကိုယ်ပိုင်ကျောင်းနှင့် ဘာသာ ရပ်ဆိုင်ရာ ကိုယ်ပိုင်သင်တန်း (ကျူရှင်) များအတွက် ဥပဒေ ပြဋ္ဌာန်းမည်ဆိုပါကသင်ရိုးညွှန်း တမ်းနှင့် အစိုးရစစ် ပုံစံများဖြင့်ထိန်းချုပ်မည့် စနစ် များ ထည့်သွင်းသင့်ကြောင်း ရန်ကုန်တက္ကသိုလ် တွဲဘက် ပါမောက္ခဟောင်း ဦးလှထွန်း (မြန်မာစာ) က တိုက်တွန်းလိုက်သည်။

(တွဲဘက်ပါမောက္ခဟောင်း ဦးလှထွန်းနှင့် အင်တာဗျူး)

နယူးဒေလီ (မဇ္စျိမ) ။       ။ ပုဂ္ဂလိက ပညာရေး ဝန်ဆောင်မှု လုပ်ငန်းများ၊ ကိုယ်ပိုင်ကျောင်းနှင့် ဘာသာ ရပ်ဆိုင်ရာ ကိုယ်ပိုင်သင်တန်း (ကျူရှင်) များအတွက် ဥပဒေ ပြဋ္ဌာန်းမည်ဆိုပါကသင်ရိုးညွှန်း တမ်းနှင့် အစိုးရစစ် ပုံစံများဖြင့်ထိန်းချုပ်မည့် စနစ် များ ထည့်သွင်းသင့်ကြောင်း ရန်ကုန်တက္ကသိုလ် တွဲဘက် ပါမောက္ခဟောင်း ဦးလှထွန်း (မြန်မာစာ) က တိုက်တွန်းလိုက်သည်။

လွန်ခဲ့သည့် သီတင်းပတ်အတွင်း နေပြည်တော်တွင် ကျင်းပခဲ့သော ပညာရေး မြှင့်တင်ရေးဆိုင်ရာ အစည်းအဝေးတွင် ဒုတိယသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းက ပုဂ္ဂလိကကျောင်း ဥပဒေပြဋ္ဌာန်းမည် ဖြစ်ကြောင်း ပြောကြားခဲ့မှုအပေါ် ပြောဆိုလိုက်ခြင်း ဖြစ်သည်။

နာဂသိန်မြန်မာစာ အမည်ဖြင့် ရန်ကုန်မြို့၌ ကျူရှင်သင်ကြားပေးနေသူ ဦးလှထွန်းသည် ပညာရေးဝန်ထမ်း လုပ်သက် နှစ်ပေါင်း ၄ဝ ကျော်ရှိပြီဖြစ်ပြီး ၁၉၆၄ ခုနှစ်မှစ၍ မူလတန်းတန်းပြအဖြစ် စတင်လုပ်ကိုင်ခဲ့သူ ဖြစ်သည်။ မူလတန်းပြ ဆရာအဖြစ် ၁၂ နှစ်ခန့် တာဝန်ထမ်းဆောင်ခဲ့ပြီး ဒေသကောလိပ် နည်းပြနှင့် တွဲဘက်ပါမောက္ခအထိ လုပ်ဆောင်ခဲ့ပြီး အနားယူခဲ့သည်။

ရန်ကုန်မြို့ တခုတည်းတွင် မှတ်ပုံတင်ထားသည့် ပုဂ္ဂလိက ပညာရေးဝန်ဆောင်မှု လုပ်ငန်းများ၊ကိုယ်ပိုင် ကျောင်းနှင့် ဘာသာရပ်ဆိုင်ရာ ကိုယ်ပိုင်သင်တန်း (ကျူရှင်) အရေအတွက် ၃ဝဝ နီးပါးခန့် ရှိကြောင်း ရန်ကုန်လမ်းညွှန်စာချုုပ်ပါ မှတ်တမ်းအရ သိရသည်။

မှတ်ပုံမတင်ထားသည့် အရေအတွက်များလည်း ဒီ့ထက်မက ရှိနိုင်သေးကြောင်း ကျူရှင်ဆရာများက ခန့်မှန်းထားကြသည်။

မြန်မာနိုင်ငံတွင် ကျူရှင် ဖြစ်ပေါ်လာပုံ၊ ကျူရှင်များ ဖွံ့ဖြိုးလာမှု၊ ပုဂ္ဂလိကကျောင်း၏ အကျိုးအပြစ်၊ စာမေးပွဲတွင် ကျူရှင်နှင့် အထောက်အကူပြု စာတမ်းများ၊ ဥပဒေပြဋ္ဌာန်းပါက ထည့်သွင်းသင့်သည့် အချက်များနှင့် ပတ်သက်၍ ဦးလှထွန်းကို မဇ္စျိမသတင်းထောက် ထွန်းထွန်းက မေးမြန်း တင်ပြထားပါသည်။
 
မြန်မာပြည်မှာ ကျူရှင်ဆိုတာတွေက ဘယ်တုန်းက စပြီး ပေါ်ပေါက်လာတာပါလဲ ဆရာ။

“ကျနော်သိတာတော့ ၅၇ လောက် ကတည်းက၊ ၅၇ လောက် ကတည်းကပေါ့လေ။ ရန်ကုန်တို့၊မန္တလေးတို့ မှာ Private (ပုဂ္ဂလိက) ကျောင်းကြီးတွေ ရှိပါတယ်။ ကျနော်က မန္တလေး သိတာများတော့ မန္တလေးအခြေခံ ပြောရလို့ရှိရင် မန္တလေးက ရွှေမန်းရှိတယ်။ ရွှေမန်း၊ တိုင်းချစ်။ ရွှေမန်း၊ တိုင်းချစ်ပြီးတော့ အရှေ့ပွဲကုန်း၊ အနောက်ပွဲကုန်း။ နောက် ရတနာပုံ၊ နောက် နေပြည်တော်။ နောက် ရှမ်း၊ နောက် ပညာ့ဗိမာန်။ အဲဒီလို ကျောင်းကြီးတွေက အကြီးအကျယ် ကျောင်းကြီးတွေပဲ။ ဘော်ဒါကျောင်းသားကို ၂ဝဝ၊ ၃ဝဝ။ နေ့ကျောင်းသားရောဆို ၁ဝဝဝ လောက်ရှိတဲ့ ကျောင်းကြီးတွေ”

“အဲဒီတုန်းက ကျောင်းကြီးတွေက အောင်မြင်ပါတယ်ခင်ဗျ။ အဲဒီလို သုံးဘာသာ၊ လေးဘာသာတွေ ဂုဏ်ထူးတွေ ထွက်ကြပါတယ်။ သူတို့ထိန်းထားတာကတော့ သင်ရိုးညွှန်းတန်းနဲ့ အစိုးရစစ် စာမေးပွဲနဲ့ အဲဒီ Private ကျောင်းကြီးတွေကို ထိန်းထားတာ”

“ရန်ကုန်မှာဆိုရင် ကျနော် ရောက်တဲ့အချိန်လောက်က ကျောင်းသားတွေ ကိုယ်တိုင်က ကျောင်းသင်တာတင် အားမရဘူးလို ဖြစ်လာပြီးတော့ သူတို့ကြိုက်တဲ့ ဆရာတွေကို သူတို့အိမ်မှာ ခေါ်သင်တာကနေ မဆလ (မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ) ခေတ်မှာ အဲဒီလို ကျူရှင်တွေ ပြန်စလာပါတယ်။ ပြည်သူပိုင်သိမ်းလိုက် တာက ၆၄ ပါခင်ဗျ။ ၆၄ နဲ့ ၆၅ ပြည်သူပိုင် သိမ်းလိုက်တာပါ”

“Private ကျောင်းကြီးတွေကို၊ ဟို Mission School လည်း ပါတာပေါ့။ အင်္ဂလိပ်မက်သရစ်တို့၊ စိန်ဖလိုးတို့၊ သြဂတ်စတင်းတို့ အပါအဝင်ပေါ့။ အစိုးရက အကုန်သိမ်းပစ်လိုက်တာ။ သိမ်းပစ်လိုက်ပြီးတဲ့ နောက်ပိုင်းမှာ
 ကျောင်းမှာတင် သင်တာတင် အားမရတဲ့ ကျောင်းသား၊ ကျောင်းသူအချို့က သူတို့ကြိုက်တဲ့ ဆရာတွေကို အိမ်မှာ ခေါ်သင်တာကနေစပြီး အိမ်ကျူရှင်ဝိုင်းလေတွေ စခဲ့တာ။ အဲဒီလို စခဲ့တာကတော့ အများဆုံးကတော့ ဒဂုံ (၁) လို့ ကျနော် နားလည်ထားပါတယ်”

နိုင်ငံတကာမှကော ကျူရှင်ဆိုတဲ့ သင်ကြားမှုမျိုး ရှိပါသလားဆရာ။

“သင်ကြားမှုကတော့ ရှိတယ်ခင်ဗျ။ တကယ်တတ်ရင် တကယ်သင်တယ်၊ ပိုက်ဆံကောင်းကောင်း ရတယ်။ ကျနော်တို့လို တလစာ ယူရတာမျိုး မဟုတ်ဘူး။ သူက သင်ကြားချိန် တချိန် တနာရီဆိုရင် ဘယ်နှဒေါ်လာ ဆိုတာမျိုး ရှိတယ်ခင်ဗျ”

အခု မြန်မာပြည်မှာ ကျူရှင်တွေ များလာတာ တွေ့ရပါတယ်။ ဒါ ဘာကြောင့်လို့များ ထင်ပါသလဲ။

“ကျနော် များလာတယ်လို့ ထင်တာကတော့ အစိုးရကျောင်းတွေမှာ ဆရာမလုံလောက်တဲ့ ပြဿနာတို့၊ နောက် သင်ကြားရေးက အားမကောင်းတဲ့ ပြဿနာတို့ကြောင့် ပေါ်လာတာပေါ့။ သို့သော်လည်း အားကောင်းတဲ့ အစိုးရ SAT တွေ ဘာတွေ ရှိပါတယ်”

ကျူရှင်ရဲ့ ဖွံ့ဖြိုးမှုနဲ့ ခိုင်မာမှုက ဘယ်လောက်တောင် ရှိနေပြီလဲ။

“အခု ဘော်ဒါကျောင်းတွေ အနေနဲ့ကတော့ သေချာလုပ်တဲ့သူတွေ ရှိသလိုပဲ ပြောထားတဲ့အတိုင်း ဝန်ဆောင်မှု မပေးတဲ့ ကျောင်းတွေလည်း ကျနော်တို့ ကြားနေရပါတယ်ခင်ဗျ။ အဲဒီတော့ ကောင်းတဲ့ ကျောင်းလည်း ကောင်းပါတယ်။ ပြောတဲ့ဝန်ဆောင်မှု အပြည့်မပေးဘဲနဲ့ ကလေးတွေ ပစ္စလက္ခ၊ တချို့ နယ်က ကလေးတွေ ဖြစ်ရတာတွေလည်း ကျနော်တို့ ကြံုခဲ့ရပါတယ်”

ကျူရှင်တွေ ရှိလာတဲ့အတွက် အကျိုး၊ အပြစ်တွေက ဘာတွေ ဖြစ်နိုင်သလဲ။

“အဲဒီလိုပေါ်လာတကတော့ အခုက အပြိုင်တွေ များလာတဲ့အခါကျတော့ တကယ့်ကို ကြိုးစားလာရတဲ့ သဘောရှိတယ်။ တကယ်မကြိုးစားလို့ ရှိရင်လည်းပဲ လူမရဘူး။ ကြိုးစားတဲ့ ကျောင်းတွေက ရပြီး၊ သူတို့နာမည် ထိန်းနိုင်ဖို့အတွက်လည်း အဘက်ဘက်က လိုလေသေးမရှိအောင် ကြိုးစားလာတာတော့ တွေ့ရပါတယ်ခင်ဗျ”

“Side Effect ရှိနိုင်တာကတော့ ပညာရေးဌာနကနေပြီးတော့ ဒီကျောင်းတွေကို ဘယ်လိုထိန်းချုပ်မလဲ၊ ပညာရေးစံတွေနဲ့လည်း နိုင်ငံတော်က သတ်မှတ်ထားတဲ့ ပညာရေး Level မီအောင် ဘယ်လိုထိန်းမလဲ၊ အစိုးရစစ် စာမေးပွဲနဲ့ပဲ ထိန်းမှာလား၊ သင်ရိုးညွှန်းတမ်းတွေကို ထိန်းမှာလား၊ ဒါမှမဟုတ် စိစစ်ကြီးကြပ်တဲ့ အဖွဲ့နဲ့ ထိန်းတာမျိုး လုပ်မှာလားဆိုတာ အဲဒါက ကျနော်တို့ မပြောနိုင်သေးဘူးခင်ဗျ”

အခု ကျောင်းသားတွေက ကျောင်းထက် ကျူရှင်မှာ ပိုအချိန်ပေးနေရတာ တွေ့ရတယ်။ ဒီတော့ ကျောင်းမှာ ပိုပြီး အချိန်ပေး လေ့လာနိုင်အောင် ဘာတွေ လုပ်ပေးရမလဲ။

“ဘယ်လိုမျိုး လုပ်ပေးရမလဲဆိုတော့ ဆရာ၊ ဆရာမတွေ အနေနဲ့လည်း ကြိုးစားပြီး လုပ်နေတာပဲ။ နောက်တခုကတော့ ဘာလဲဆိုတော့ မဆလခေတ်က ထွက်ဖူးတယ်လေ။ ကျူရှင်သင်လို့ရှိရင် ထောင် ၃ နှစ်နဲ့ ဒဏ်ငွေ ၃ဝဝဝဝ လား၊ ၂ဝဝဝဝ လား အဲဒါမျိုး။ ဆရာဝန်တွေနဲ့ ကျနော်တို့ ကျောင်းဆရာတွေအနေနဲ့ ဆရာဝန်ကြီးတွေ၊ သမားတော်ကြီးတွေ ယူလိုက်တာမှ ငွေက သောက်သောက်လဲလေ။ အဲဒီကျတော့ သူ လိမ်မစားဘဲနဲ့ သူ့ပညာနဲ့ သူ ပိုတဲ့အချိန် သုံးတာမျိုးကတော့ အဲဒါမျိုးကလည်း ခွင့်ပေးသင့်တယ်ခင်ဗျ”

အခု ပုဂ္ဂလိကကျောင်းတွေ၊ ကျူရှင်တွေ ရှိတယ်ဆိုတော့ နောက်ကော ဘယ်လိုအမျိုးအစားတွေ ရှိသေးလဲ။

“International School ဆိုတာတွေပေါ့။ အဲဒီ့မှာ ဘာပြဿနာ တက်လဲဆိုတော့ ဗမာစာကို မသင်ခဲ့ဘူး။ Grade XIII ရောက်တဲ့ အခါကျတော့မှ ဇွတ်သင်တာမျိုး လုပ်တော့ ၁ဝ နှစ်လောက် သင်ရမယ့် ဗမာစာ လုံးဝ မသင်ခဲ့တော့ အဲဒီကလေးတွေ တော်တော် ဒုက္ခရောက်ပါတယ် ခင်ဗျ။ ဒါကြောင့် တချို့ International School ဆိုတာတွေက ဗမာစာကို အလေးထားတဲ့ ကျောင်းလည်း ရှိပါတယ်။ အလေးမထားတဲ့ ကျောင်းတွေ လည်း အခုထိ ရှိပါတယ်။ နောက်တခုက ကျနော် သိတာလေး ပြောပါမယ်”

“နိုင်ငံခြား ကိန်းဘရစ် တက္ကသိုလ်က ဆိုရင် GCE Level ဗမာစာ ရှိပါတယ်ခင်ဗျ။ တော်တော် အဆင့်အတန်း မြင့်ပါတယ်။ အဲဒီကိန်းဘရစ် တက္ကသိုလ်က ဗမာစာ ပါမောက္ခထုတ်တဲ့ နမူနာမေးခွန်းကို ကျနော် တွေ့လို့ ပြောတာပါ။ နိုင်ငံခြားမှာလည်း ဗမာစာလိုတယ်ဆိုတာ မသိဘူးခင်ဗျ… ဒီက”

စာမေးပွဲတွေနီးရင် ကြိုတင် ခန့်မှန်းမေးခွန်းလွှာတွေ၊ အထူးထုတ်တွေ ထွက်လေ့ရှိပါတယ်။ ဒါတွေက ကျောင်းသားတွေအတွက် တကယ်လိုအပ်လား၊ အသုံးတည့်နေလား ဆရာ။

“အရင် ဝန်ကြီးဦးချမ်းငြိမ်း မတိုင်ခင်တုန်းက တရားဝင် ကျောင်းသင်ဘာသာရပ် အထောက်အကူပြု စာအုပ်တွေ ထုတ်ခွင့်ပေးတယ်။ ဦးချမ်းငြိမ်း လက်ထက်မှာကျတော့ ဘာဖြစ်လဲဆိုတော့ ကျနော်တို့ တက္ကသိုလ်တွေက လမ်းညွှန်ထုတ်တယ်။ ဂျာနယ်တွေလေ။ မြန်မာစာ ဂျာနယ်တွေ၊ ဓာတုဗေဒ ဂျာနယ် တွေက အလွန် အထောက်အကူပြုခဲ့ပြီး လက်တွေ့သင်ကြားနေတဲ့ SAT ဆရာ၊ ဆရာမတွေ အပေါ်မှာလည်း နည်းနာ နိဿယတွေ သူတို့ ရပြီးတော့ အလွန် အထောက်အကူ ဖြစ်တာပေါ့။ အဲဒါတွေလည်း ထုတ်ခွင့် မပေးဘူး”

“နောက် တရားဝင် ပြင်ပက ကျွမ်းကျင်ပညာရှင်တွေ ရေးတဲ့ဟာလည်း ထုတ်ခွင့်မပေးတော့၊ ထုတ်ချင်သလို ထုတ်ဆိုတဲ့ အခါကျတော့ ကြားပေါက်တွေက ဝင်လာတဲ့ အဆင့်အတန်းမမီတဲ့ စာအုပ်တွေလည်းရှိပါတယ် ခင်ဗျ။ မီတဲ့စာအုပ်တွေလည်း ရှိပါတယ်။ အဲဒီတော့ သင်ကြားမှု အထောက်အကူဆိုတာ ခေတ်အဆက်ဆက် လိုအပ်ခဲ့တာပါဗျ။ ကျနော်တို့ ပါလီမန်ခေတ်၊ ဦးနုတို့ ခေတ်ကတည်းက လိုအပ်ခဲ့တာပါ။ နောက် တော်လှန် ရေး ကောင်စီခေတ်လည်း ခွင့်ပြုခဲ့တာပဲ။ မဆလခေတ်လည်း ခွင့်ပြုခဲ့တာပဲ။ ဒီ နအဖ အစောပိုင်း ခေတ် လည်း ခွင့်ပြုခဲ့တယ်။ အဲဒီ ချမ်းငြိမ်း လက်ထက်ကျမှ အကုန်လုံး ပိတ်လိုက်တဲ့အခါမှာ အဲဒီ့ထုတ်ဝေတဲ့ လိုင်းက အကုန်လုံး ဂုဏ်သိက္ခာနဲ့ မဟုတ်ပဲနဲ့ လုပ်ချင်သလို လုပ်ကြတဲ့အခါမှာ အညံ့စား စာအုပ်တွေလည်း ထွက်လာပါတယ်ခင်ဗျ”

မြန်မာပြည်က ထိပ်တန်းစာရင်းဝင် ကလေးတွေက ငွေကုန်ကြေးကျခံပြီး ကျူရှင်တတ်ခဲ့တဲ့ ကလေးတွေက များပါတယ်။ ဒီတော့ ကျူရှင်မတက်နိုင်တဲ့ ကလေးတွေကိုကော အစိုးရက ဘယ်လိုကူညီသင့်တယ် ထင်ပါ သလဲ။

“အစိုးရကျောင်းတွေမှာလည်း အခုက အောင်ချက်မြင့်မားရေး ရည်မှန်းချက်ဆိုပြီးတော့ တက္ကသိုလ်က ပါမောက္ခကြီးတွေ ခေါ်ပြီးတော့၊ ဘာသာရပ်ဆိုင်ရာနဲ့ ပတ်သက်ပြီးတော့ ပင့်ဖိတ်ပြီး ဟောပြောစေတာမျိုး လုပ်တယ်။ နောက်ပြီးတော့ အချိန်ပိုတွေနဲ့ စာကျက်ချိန်တွေလုပ်တဲ့ ကျောင်းတွေလည်း လုပ်တာမျိုး ရှိပါတယ်။ သူတို့ဟာ သူတို့ သီးခြားဝိုင်းတက်တာကလည်း သူ့ဟာသူ ရှိပြီးသားပေါ့။ အများစုကတော့ ကျနော်တို့ ချမ်းသာတဲ့သူက၊ ပြည့်စုံတဲ့သူက ဆရာကောင်းကောင်း၊ ပိုက်ဆံကောင်းကောင်း ပေးပြီး သင်နိုင်တာပေါ့။ အများစုကတော့ ကျနော်တို့ ရွက်ကြမ်းရေကျို မြို့နယ်မှာဖွင့်ထားတဲ့သင်တန်း ကျောင်း လေး တွေကို နှုန်းကလည်း မျိုးစုံပေါ့ဗျာ။ ၂၅ဝဝဝ ခွဲလောက်ကနေပြီးတော့ သိန်းဂဏန်းအထိ ရှိတာကိုး”

“အဲဒီတော့ အဲဒါတော့ ကျနော်တို့ ဆင်းရဲချမ်းသာ ကွာဟနေသမျှ ကာလပတ်လုံး ဒီအခြေအနေကတော့ ကြံုတွေ့ရမယ့်သဘော ရှိတာပေါ့။ ဆင်းရဲတဲ့ ကျောင်းသားတွေမှာ ပညာအပြည့်အဝ သင်နိုင်ဖို့ဆိုတာဟာ အစိုးရကျောင်းတွေမှာ အင်နဲ့အားနဲ့ သင်ထောက်ကူ ပစ္စည်း ပြည့်ပြည့်စုံစုံ၊ ဆရာအားကောင်းကောင်းနဲ့ သင်နိုင်ဖို့ အရေးကြီးပါတယ်”

“ကျနော်တို့မှာ ကိုယ့်မေဂျာ မဟုတ်ဘဲနဲ့ ဥပမာဆိုပါစို့။ ဗမာစာကနေပြီး ပထဝီသင်တာ၊ ပထဝီကနေ သချင်္ာ သင်ရတာမျိုး။ တခါ ဘိုင်အိုဆရာမကနေ သမိုင်းသင်ရတာမျိုး။ အဲဒီလို အခက်အခဲတွေလည်းရှိပါတယ် ခင်ဗျ”

အခု အစိုးရက ပုဂ္ဂလိကကျောင်းတွေ၊ ကျူရှင်တွေအတွက် ဥပဒေပြဋ္ဌာန်းတော့မယ်ဆိုတော့ ဆရာအနေနဲ့ ဘယ်လိုအချက်တွေ ပါဝင်စေချင်ပါသလဲ။

“ကျနော်ပြောချင်တာကတော့ Private ကျောင်းတွေကို ဘယ်လိုမူနဲ့ ဘောင်နဲ့ ထိန်းချုပ်မလဲ။ သင်ရိုးညွှန်း တမ်းနဲ့ ထိန်းတာမျိုးလည်း ပါရမယ်။ အစိုးရစစ်နဲ့ ထိန်းတာမျိုးလည်း ပါရမယ်။ နောက်တခုက တော့ဗျာ… ကျနော်သိတာ မဆလ ခေတ်မှာ ကောင်းခဲ့တာ တခုရှိတာက စတုတ္ထတန်းကို မြို့နယ်စစ် လုပ်ပါတယ်။ ရှစ်တန်းကို တိုင်းစစ် လုပ်ပါတယ်။ အဲဒါလေးက အရေးကြီးပါတယ်နော်။ ဘာလို့ အရေးကြီးသလဲ ဆိုတော့ အဲဒီ့တုန်းက မြို့နယ် ထူးချွန် ၁ဝ ယောက် လေးတန်းမှာ ရွေးလိုက်တယ်ပေါ့ဗျာ။ ဆုပေးတယ်။ရှစ်တန်းမှာ လည်း အဲဒီလို ထူးချွန်တဲ့ ခြောက်ယောက်လောက်ကို ၁ဝ တန်း ခြောက်ဘာသာ တန်းသွားတာ”

“အဲဒီ ရှစ်တန်းနဲ့ လေးတန်းကို မြို့နယ်စစ်၊ တိုင်းစစ်ကနေပြီးတော့ ကျောင်းစစ် လုပ်ပစ်လိုက်တဲ့ အချိန်မှာ ကလေးတွေလည်း အထူးသဖြင့် ရှစ်တန်းအရွယ်တွေက State ပြောင်းတဲ့ အရွယ်မှာ အဲဒီကျောင်းစစ်နဲ့ တက်လာတဲ့ ကျောင်းသားတွေရဲ့ ပညာရေး Level က အရင်တုန်းက ရှစ်တန်းအစိုးရစစ် လုပ်တုန်းကလို အခြေခံ မခိုင်မာတော့ဘူး။ အဲဒီလို ဖြစ်သွားတယ်”

“အခု ပညာသင်ဆုလည်း ပေးမယ်ဆိုရင် လေးတန်းကို မြို့နယ်စစ်၊ ရှစ်တန်းကို တိုင်းစစ်လောက် လုပ်မှ။ ပညာသင်ဆု အရင်တုန်းကဟာမျိုး လုပ်မယ်ဆိုရင် အဲဒါနဲ့ ထိန်းမှ။ အခုက ကျောင်းစစ်အနေနဲ့အောင်ချက် ကောင်းရေး လုပ်ပစ်လိုက်တော့ ၁ဝ တန်းရောက်လာတဲ့အခါမှာ ရှစ်တန်း၊ ကိုးတန်းက ပိုင်ခဲ့ရမယ့်အခြေခံ တွေက ပါမလာဘူး။ အဲဒီတော့ ကျောင်းသားတွေရဲ့ Level က တဖြည်းဖြည်း နိမ့်၊ နိမ့် နိမ့်လာတယ်။ ဒါ ကျနော် လက်တွေ့သင်တဲ့ အတွေ့အကြံုအရ သိတာပါ”

“ကျနော် အကြံပေးချင်တာကတော့ လေးတန်းကို မြို့နယ်စစ်၊ ရှစ်တန်းကို တိုင်းစစ်လုပ်။ အဲဒီမှာ ကျနော်တို့ ပညာသင်ဆု ရွေးလို့လည်း အဆင်ပြေမယ်။ ကျောင်းသားတွေကိုလည်း အခြေခံခိုင်တဲ့ ကျောင်းသားတွေ ဖြစ်အောင် အဲဒီ တိုင်းစစ်ဆိုတာ ထိန်းပြီးတော့ ပေးလိုက်ရင် အခုအခြေအနေထက် ကောင်းသွားမယ်လို့ ကျနော် ထင်ပါတယ်”