အရပ်သားကို လူသားဒိုင်းအဖြစ် စစ်တပ်က ခိုင်းဟု KNU ပြော

အရပ်သားကို လူသားဒိုင်းအဖြစ် စစ်တပ်က ခိုင်းဟု KNU ပြော
by -
ဖနိဒါ

ချင်းမိုင် (မဇ္စျိမ)။     ။ ယခုနှစ် ပထမလေးလ ပတ်အတွင်း အစိုးရ စစ်တပ်က ရှေ့တန်း စစ်မျက်နှာများတွင် အမျိုးသမီးများ အပါအဝင် အရပ်သား ၂ဝ၅၁ ဦးကို အကာအရန်အဖြစ် အသုံးပြုခဲ့ကြောင်း ကရင်အမျိုးသားအစည်း အရုံး KNU က ကြာသပတေးနေ့တွင် ပြောသည်။

ဇန်နဝါရီမှ ဧပြီလအတွင်း ကရင်ပြည်နယ် ခရိုင် ၅ ခုမှ အမျိုးသမီး ၁၂၂ဝ ဦးအပါအဝင် ရွာသား ၂ဝ၅၁ ဦးကို စစ်သားများရှေ့တွင် အဓမ္မ ချီတက်စေခြင်း၊ မိုင်းရှင်းလင်းခိုင်းခြင်းများ ပြုလုပ်ကြောင်း KNU ကြေညာချက်တွင် ဖော်ပြထားသည်။

“ရှေ့တန်းမှာက သူတို့ ခရီးတခု သွားရမယ့် တရက်ခရီးဆိုရင် တပတ်လောက် သွားရမယ်။ အဲဒီတော့ သူတို့က ရွာသားကို ခေါ်လိုက်ပြီးတော့ ရှေ့ကသွား လမ်းပြပေါ့။ သူတို့စခန်းကနေ ရေဆင်းခတ်ရင် သူတို့ကို စောင့်ပစ်တယ်။ အဲဒီအခါကျတော့ သူတို့က ရွာသားကို ခေါ်ထားပြီးတော့ ရေဆင်းခတ်ခိုင်းတယ်။ အဲဒီလို ရွာသားကို မိုင်းရှင်း ကိရိယာနဲ့ အကာအကွယ် ထားလိုက်တာပဲ” ဟု KNU တွဲဖက် အထွေထွေ အတွင်းရေးမှူး ဗိုလ်မှူး စောလှငွေက မဇ္စျိမကို ပြောသည်။

ကုလသမဂ္ဂ္ဂနှင့် ဒီမိုကရေစီ နိုင်ငံများက စုံစမ်းရေး ကော်မရှင်တရပ် အမြန်ဆုံး ဖွဲ့စည်းပေးပါရန် KNU က တောင်းဆိုသည်။

“စုံစမ်း စစ်ဆေးလာမယ် ဆိုရင်လည်း ကျနော်တို့က ပြည်သူတွေကို ထိခိုက်အောင်လုပ်တာ မရှိဘူး။ ဒါပေမဲ့လို့ ကျနော်တို့မှာလည်း ကိုယ့်ရဲ့ရပ်တည်မှုကို ကာကွယ်နေရတယ် ဆိုတော့ ကျနော်တို့ အားနည်းချက်တွေ ရှိပေမယ့် စုံစမ်းရေး ကော်မရှင်ကနေ စုံစမ်း စစ်ဆေးမယ် ဆိုရင်လည်း ကျနော်တို့ အနေနဲ့တော့ လက်ခံဖို့ အသင့်ပါ” ဟု ဗိုလ်မှူး စောလှငွေက ပြောသည်။

သီးခြားအတည်ပြုချက် မဇ္ဈိမအနေဖြင့် ရယူနိုင်ခြင်း မရှိပါ။

KNU ၏ နယ်နမိတ် သတ်မှတ်ချက်အရ သထုံခရိုင်၊ တောင်ငူခရိုင်၊ ညောင်လေးပင်ခရိုင်၊ မြိတ်-ထားဝယ်ခရိုင်၊ ဖာပွန်ခရိုင်၊ ကော့ကရိတ်၊ မြဝတီ၊ ကြာအင်းဆိပ်ကြီး မြို့နယ်များတွင် တိုက်ပွဲပေါင်း ၃ဝ၂ ကြိမ်နှင့်ပြောက်ကျား တိုက်ပွဲ ၂၂၄ ကြိမ် ဖြစ်ပွားခဲ့သည်ဟု ဆိုသည်။

ဧပြီလထဲတွင်ပင် စစ်အစိုးရတပ်နှင့် တိုက်ပွဲပေါင်း ၅၇ ကြိမ်၊ ပြောက်ကျားတိုက်ပွဲ ၃၁ ကြိမ် ဖြစ်ပွားခဲ့သည်ဟု ဆိုသည်။

ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ရရှိရေးအတွက် လက်နက်ကိုင်တိုက်နေသော တိုင်းရင်းသားအဖွဲ့ ၁၂ ဖွဲ့ဖြင့်ဖွဲ့စည်းထား သည့် ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC တွင် KNU မှ ဗိုလ်ချုပ်ကြီးမူးတူးဆေး ဖိုးက ကာကွယ်ရေးဌာန စစ်ဦးစီးချုပ်အဖြစ် တာဝန်ယူထားသည်။

Most read this week