လေလံ စနစ်ကြောင့် ပြည်သူများ လွတ်လပ်စွာ သွားလာခွင့် မရှိ ဖြစ်နေ

လေလံ စနစ်ကြောင့် ပြည်သူများ လွတ်လပ်စွာ သွားလာခွင့် မရှိ ဖြစ်နေ
by -
နိရဥ္စရာ သတင်းဌာန

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့တွင် ပြည်သူများ နေ့တဓူဝ သွားလာနေသော ဆိပ်ကမ်း တစ်ခုကို အစိုးရမှ ပုဂ္ဂလိက လက်သို့ ဌားရမ်းထားသဖြင့် ပြည်သူများ လွတ်လပ်စွာ သွားလာမရဘဲဖြစ်နေ ကြောင်း သိရသည်။

Kyauk-pru-Japan-Ma-port-2အဆိုပါ ဆိပ်ကမ်းမှာ ဒေသအတွင်း ပြည်သူများ အသွားအလာ အများဆုံး ကျောက်ဖြူ ဂျပန်မ အမည်ရ ဆိပ်ကမ်း ဖြစ်ပြီး ပုဂ္ဂလိက စီးပွားရေး သမားတစ်ဦးသို့ ကျောက်ဖြူ စည်ပင်က ဌားရမ်းထား သည်။

" အခု ကျောက်ဖြူမြို့က အဓိက လူသွား လူလာများတဲ့ ဂျပန်မ ဆိပ်ကမ်းကို လေလံပစ်ပြီး ဦးကျော်တင်နဲ့ ဒေါ်ဝင်းသာဖြူ မိသားစုကို စည်ပင်က ဌားရမ်းလိုက်တဲ့ အတွက် လူတွေ လွတ်လပ်စွာ ခရီးသွားလာလို့ မရတော့ဘူး။ ဆိပ်ကမ်းကို တက်တာနဲ့ လူတယောက်ကို ၂၀၀ ကျပ်၊ အဆင်းဆိုလည်း ၂၀၀ ကျပ်ပေးရပါ တယ်။ စက်လှေ အသေးဆိုရင် ၁၀၀၀ ကောက်ပါတယ်။ အကြီးဆိုရင် ၂၀၀၀ ကောက်ပါတယ်။ လုပ်ကိုင်စား သောက်လို့ အဆင်မပြေတဲ့ အထဲမှာ ခုလို အခွန်အကောက်တွေကြောင့် ပြည်သူတွေ အထူး အခက်ကြံုနေကြ ရပါတယ်" ဟု ကျောက်ဖြူမြို့နယ်မှ လူကြီး တစ်ဦးက ပြောသည်။

ဂျပန်မ ဆိပ်ကမ်းအား ကျောက်ဖြူ စည်ပင်မှ လွန်ခဲ့သော ဧပြီလက ကျပ်သိန်း ၁၁၀ ဖြင့့် ဦးကျော်တင်အား လေလံ ပေးခဲ့သည်ဟု ကျောက်ဖြူမှ လူငယ် တစ်ဦးက ပြောသည်။

" ဦးကျော်တင်တို့က ပိုက်ဆံ သိန်း ၁၁၀ ပေးထားတော့ ငွေကို ရတဲ့ နည်းနဲ့ ကောက်တော့တာပါဘဲ။ ဦးကျော်တင်က စက်လှေ တစီးနဲ့ ရေထဲက နေပြီး ကျောက်ဖြူကို ၀င်လာတဲ့ စက်လှေ မှန်သမျှဆီကကောက် တယ်။ ဒေါ်ဝင်းသာဖြူကတော့ ဆိပ်ကမ်းက နေပြီး လှေပေါ်က တက်လာတဲ့ လူမှန်သမျှဆီက ၂၀၀ ကျပ်စီ ကောက်ပါတယ်။ နယ်က လူတွေ ကျောက်ဖြူလာတာနဲ့ ဘာမှ မဆိုင်ဘဲ ကျပ် ၄၀၀ ပေးနေရပီ။ လူတွေ အကုန်လုံး ဒုက္ခပါဘဲ" ဟု အဆိုပါ လူငယ်က ပြောသည်။

ဂျပန်ဆိိပ်ကမ်းမှာ ကျောက်ဖြူမြို့ကို နယ်မှ လာသော စက်လှေများ၊ မော်တော်ဘုတ်များ ဆိပ်ကပ်ရာ ဆိပ်ကမ်း ဖြစ်ပြီး နယ်မှ လာသူများမှာ အဆိုပါ ဆိပ်ကမ်းကို မှီခိုအားထားနေကြရသည်ဟု ဆိုသည်။

ဦးကျော်တင်တို့ အနေဖြင့် သိန်း ၁၁၀ ဖြင့် စည်ပင် လေလံဖြင့် ဆိပ်ကမ်းကို ရယူထားသဖြင့် အနည်းဆုံး သိန်း ၁၅၀ ထိ ရရှိအောင် အဆိုပါ ဆိပ်ကမ်းကို အသုံးပြုပြီး လူထုထံမှ ကောက်ယူမည် ဖြစ်ကြောင်း အဆိုပါ လူငယ်က မှတ်ချက်ချ ပြောဆိုသည်။

ရခိုင်ပြည်နယ်တွင် အုပ်ချုပ်သူ အစိုးရ အာဏာပိုင်များမှ ချောင်းမြောင်း ပင်လယ်ပြင်များကိုသာ စီးပွားရေး သမားများထံသို့ လေလံပစ် ဌားရမ်းသည် မဟုတ်ဘဲ အများပြည်သူများ အသုံးပြုရာ သင်္ဘောဆိပ်ကမ်းများ၊ စက်လှေ ဆိပ်ကမ်းများနှင့် ကားဂိတ်များကိုပါ မကျန် လေလံပစ်ပြီး ဌားရမ်း နေသဖြင့် ရခိုင်ပြည်သူများမှာ အခွန်အခ မဆောင်ဘဲ ကိုယ့်မြေပေါ်တွင် ကိုယ်သွားလာ၍ မရဘဲ ဖြစ်နေကြောင်း သိရသည်။

၎င်းပြင် ကျောက်ဖြူမြစ်အတွင်း ကျောက်ချ ရပ်နားထားသော မြန်မာ့ ရေတပ်သင်္ဘောကလည်း လာသမျှ စက်တပ်လှေများကို လက်ယပ်ခေါ် သင်္ဘောတွင် ကပ်ခိုင်းကာ ဆက်ကြေး ပိုက်ဆံကောက်ပြီး ပိုက်ဆံ မပါသော စက်လှေများမှ ပိုက်ဆံ အစား စက်သုံးဆီများကိုပါ ယူဆောင်သည်ဟု သတင်း ရရှိသည်။

Most read this week