ဘန်ကောက် (မဇ္စျိမ) ။ ။ သမ္မတကိုဆဲဆိုထား သည့် ဆေးနီပက်ဖျန်းမှုများ ရန်ကုန်တိုင်းဒဂုံမြို့ သစ်တောင်ပိုင်း လမ်းမများ၌ တနင်္လာညတွင် ဖြစ်ပွားခဲ့ပြီးနောက် အင်္ဂါမနက်တွင် တောင်ဒဂုံ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD လူငယ်နှစ်ဦးကို ရဲက ခေါ်ယူမေးမြန်းမှုအချို့ ပြုလုပ်ခဲ့သည်။
မြို့နယ်တွင်း ၅၄၊ ၅၃၊ ၁၈ နှင့် ၁၉ ရပ်ကွက်၌ ယမန်နေ့ညဦးပိုင်းတွင် ဆေးနီများဖြင့် ဆဲရေးတိုင်းထွာ စာများအား ကွန်ကရစ်ခင်း လမ်းမတလျှောက် ပက်ဖျန်းမှုအပြီး၊ ရဲက လုံခြံုရေးအကြောင်းပြချက်ဖြင့် တောင်ဒဂုံ အမှတ် ၅၃ ရပ်ကွက်မှ ကိုဇေယျနှင့် ကိုဖိုးဇော်တို့ကို ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွင်ခေါ်ယူစစ် ဆေးခဲ့ခြင်း ဖြစ်သည်။
“ညက မင်းတို့ ထိန်ဝင်းနဲ့ အတူရှိလားပေါ့၊ တောင်ဒဂုံစခန်းက နယ်ထိန်းတာဝန်ခံက မေးတယ်တဲ့။ ... ရဲက ဆေးမှုတ်တဲ့ ကိစ္စနဲ့တော့ မဆိုင်ပါဘူး၊ ရန်ကုန်ကို ဖောက်ခွဲရေးသမားတွေ အယောက် ၅ဝ လောက်ရောက်နေ တယ်၊ တောင်ဒဂုံမှာ တယောက်ရှိတယ်ဆိုလို့ ဧည့်စာရင်း စစ်တာပါလို့ ပြောတယ်” ဟု တောင်ဒဂုံ NLD မြို့နယ်လူငယ်တာဝန်ခံ ကိုထိန်ဝင်းက မဇ္စျိမကို ပြောသည်။
လူငယ်နှစ်ဦး မိနစ်ပိုင်းအကြာ စစ်ဆေးခံရခြင်းနှင့် ပတ်သက်၍ ကိုထိန်ဝင်း၊ မြို့နယ်စည်းရုံးရေးအဖွဲ့မှ ဦးကြည်လင်းနှင့် လူငယ်အချို့က ရပ်ကွက်အုပ်ချုပ်ရေးရုံးသို့ သွားရောက်စုံစမ်းရာမှ သိခဲ့ရခြင်း ဖြစ်သည်။
၎င်းတို့က ဆေးဖျန်းပက်မှု၊ ဖောက်ခွဲမှုများနှင့် မသက်ဆိုင်သလို၊ NLD အနေဖြင့် ထိုလုပ်ရပ်မျိုး မလုပ် ဆောင်ကြောင်း အာဏာပိုင်များကို ပြန်လည် ပြောကြားခဲ့သေးသည်။
ဆေးဖျန်းခံရသည့် နေရာများအား ဒေသအာဏာပိုင်များက ယခုအခါ ဘိလပ်မြေဖြင့် ဖုံးအုပ်ခဲ့ပြီးဖြစ်သည်။
“၅၄ ရပ်ကွက်က ဇေယျာမြိုင်လမ်းမှာ ရှိတယ်ဗျာ၊ ကျွန်းရွှေမြိုင်လမ်းမှာ ရှိတယ်ဗျာ။ ကျနော်တွေ့တာတော့ ၃ နေရာ ရှိတယ်ဗျ။ နောက်ပြီးတော့ တချို့တွေက တွေ့တာကတော့ ၄-၅ နေရာလောက် ရှိမယ်လို့ ဆိုတယ်။ လမ်းတွေက ကွန်ကရစ်လမ်းတွေဆိုတော့ သူတို့ အဲဒါတွေကို ဘိလပ်မြေနဲ့ အပေါ်ကနေ ထပ်မံလိုက်တယ်” ဟု ဒေသခံတဦးက မဇ္စျိမကို ပြောသည်။