ထိုင်းမြန်မာနယ်စပ် မယ်လစခမ်းနှင့် အုန်းဖျန် ဒုက္ခသည်စခမ်းကို ထိုင်းအာဏာပိုင်များမှ မေလ(၂၃) ရက်နေ့တွင်လူဦးရေစာရင်းစစ်ဆေးမှုပြု လုပ်ခဲ့ပြီး ဒုက္ခသည်မိသားစုစာရင်းကောက်ယူ ရာတွင် စခမ်းတွင်မရှိသော လူများကိုစားနပ်ရိက္ခာ ဖြတ်တောက်ပြီးဒုက္ခသည်စာရင်းမှပယ်ဖျက်မည် ဟုအမည်မဖေါ်လိုသူ မယ်လစခမ်း ကော်မီတီ တစ်ဦးမှပြောပါသည်။
“မနေ့ကစပြီးတော့ ဒီထိုင်းကလာပြီးတော့လူစစ်တယ်။ သူတို့ဒီလိုစစ်တဲ့ပုံစံကတော့ တခါမှမစစ်သေးဘူး။ မရှိတဲ့လူကျရင်နောက်ထပ်ရိက္ခာအတွက် သူတို့မရတော့ဘူး။ ယူအာန်ရရှိဖို့လည်းမရှိတော့ဘူး။ ယူအာန် ရှိပြီးသားဆိုလည်း အခုမရှိဘူးဆိုရင် နောက်ထပ်ရိက္ခာမရတော့ဘူး။ တတိယနိုင်ငံသွားဖို့တို့ဘာတို့သူတို့ ထည့်စဉ်းစားပေးတော့မှာမဟုတ်တော့ဘူး။ အဲဒီလိုပယ်ဖျက်တယ်လို့တော့ ပြောလို့တော့ရမယ်။ ဒါပေမဲ့ အတိအကျတော့သူတို့မကျေညာဘူးလေ။”
အဆိုပါ ဒုက္ခသည်စခမ်းစစ်ဆေးမှုတွင် တာ့ခ်ခရိုင်အုပ်ချုပ်ရေးအဖွဲ့နှင့်အတူ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့ဝင်များ ထိုင်းလုံခြံုရေး တပ်ဖွဲ့များပါ၀င်ပြီး ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး(UNHCR) မှလေ့လာသူ အဖြစ်သာ ပါရှိ သည် ဟုအဆိုပါစခမ်းကော်မီတီကပြောပါသည်။
ထိုင်းအစိုးရအနေနှင့် စခမ်းအတွင်းနေထိုင်သော လူဦးရေအတိအကျသိရှိလို၍ ယခုလိုလာရောက် စစ်ဆေး ခြင်းဖြစ်သည်ဟု မယ်လစခမ်းကော်မီတီတစ်ဦးမှပြောသည်။
“ထိုင်းအစိုးရပြောတာတော့ အခုလူစစ်တာ ဒီလူဝင်မှုကြီးကြပ်ရေးကနေပြီးတော့ ဒုက္ခသည်အသိအမှတ်ပြုခံ ရပြီး တဲ့ သူရော မခံရသေးတဲ့သူရော ထိုင်းနိုင်ငံထဲမှာအလုပ်လုပ်နေတဲ့သူတွေအထူးသဖြင့်ဒီဒုက္ခသည်စခန်း မှာ လူဦးရေ ဘယ်လောက် ရှိတယ်ဆိုတာ သူတို့အတိအကျသိချင်တယ်ဆိုပြီးတော့အဲတာတော့ပြောထား တယ်။”
ထိုင်းနိုင်ငံကန်ခနပူရီခရိုင် စံခလပူရီမြို့နယ်ရှိ ဘန်ဒုံယန်းစခမ်းကိုမူ လာရောက်စစ်ဆေးခြင်းမရှိသေးဟု ဘန်ဒုန်ယန်းစခမ်းကော်မီတီတစ်ဦးမှပြောပါသည်။
မေလ(၁၉)ရက်နေ့ ထိုင်းနိုင်ငံချင်းမိုင်မြို့တွင် ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာအထူးကိုယ်စားလှယ် မစ္စတာသောမတ်ကင်တာနားမှ မြန်မာ့အရေးလှုပ်ရှားသူများနှင့်တွေ့ဆုံခဲ့ပါသည်။ ထိုတွေ့ဆုံရာတွင် နယ်စပ်နေ မြန်မာဒုက္ခသည် များနှင့်ပက်သက်ပြီးပြောဆိုမှုများရှိခဲ့သည်ဟု အစည်းအဝေးကိုယ်တိုင် တက်ရောက်ခဲ့သူ လူ့အခွင့် အရေးပညာပေးဌာန မြန်မာနိုင်ငံရဲ့ ဒါရိုက်တာ ဦးအောင်မျိုးမင်းမှအခုလိုပြော ပါသည်။
“နယ်စပ်မှာရှိတဲ့ဒီဒုက္ခသည်စခန်း နဲပတ်သက်လို့ သူရဲအဓိကလုပ်ကိုင်နေကတော့ မြန်မာအစိုးရရဲ့ ဒီလိုမျိုး လူအခွင့်အရေးချိုးဖောက်မှု စုဆောင်းဖို့ဖြစ်တယ်။ နယ်စပ်မှာရှိတဲ့ ဒုက္ခသည်တွေ ပြန်ပို့ ဖို့ကိစ္စတွေဒါက တော့ ထိုင်းနိုင်ငံရဲ ပေါ်လစီအပေါ် မှုတည်တဲ့အတွက် သူနဲ့သိပ်ပြီးတော့မတိုက်ဆိုင်ဘူးဆိုတဲ့သဘောမျိုးဖြစ် တယ်။ အခုအချိန်မှာရှိတဲ့ဒုက္ခသည်တွေကို စစ်ရေးအရပြန်လည်တင်းမာနေတဲ့ဒေသတွေ အခုအချိန် ထိ လူ့ အခွင့်အရေးချိုးဖောက်တဲ့ ဒေသတွေကို ပြန်လည်ပို့ဆောင်မယ်ဆိုလို့ရှိရင်တော့ အဲဒီလူတစ်ယောက်ရဲ့ အသက်ရှင်လုံခြံုမှုကို ထိခိုက်စေတဲ့အတွက် ဒါမလုပ်သင့်တဲ့အချက်တွေပဲ တင်ပြသွားပါတယ်။”
ထိုင်းအစိုးရအနေနှင့် ဒုက္ခသည်စခန်းတွေကိုပိတ်ပစ်ရန် အစီအစဉ်များရှိသည်ဟု ထိုင်းအမျိုးသားလုံခြံုရေး ကောင်စီမှ မစ္စတာ Thawil Pliensri ပြောစကားကိုကိုးကားပြီး ဧပြီလ(၁၁)ရက်နေ့ထုတ် ဘန်ကောက်ပိုစ့် သတင်းစာတွင်ဖော်ပြခဲ့ပါရှိပါသည်။ ပြီးခဲ့သည့်နှစ် ဧပြီကလည်း တာ့ခ်ခရိုင် အုပ်ချုပ်ရေးမှူးမှဒုက္ခသည် အများစုသည် ထိုင်းနိုင်ငံအတွက်ဝန်ထုပ်ဝန်ပိုးဖြစ်စေဲ့အတွက် (၂၀၁၀)ရွေးကောက်ပွဲ ကျင်းပပြီးစီး၍တိုင်းပြည် တည်ငြိမ်သွားလျှင် နေရပ်ကိုပြန်ပို့နိုင်မည်ဟုမျှော်လင့်ရကြောင်း ပြောဆိုမှုများရှိခဲ့သည်။လက်ရှိအခြေအနေ အရ မြန်မာနိုင်ငံရေး အခြေအနေတွေမတည်ငြိမ်သေးသည့်အတွက်ယခုလိုပြောကြားချက်များသည်စခန်းတွင်း ရှိ ဒုက္ခသည်အများစု အတွက်စိုးရိမ်ပူပန်ရသည့်အနေအထားတွင်ရှိနေ သည်ဟုစခမ်းနေဒုက္ခသည်များမှ ပြောပါသည်။
ထိုင်း-မြန်မာနယ်စပ်တွင် ဒုက္ခသည်စခန်း ၉ ခုရှိပြီး မြန်မာဒုက္ခသည် ၁၄၀၀၀၀ကျော်နေထိုင်နေသည်ဟု ထိုင်း မြန်မာနယ်စပ်တလျှောက် ကူညီစောင့်ရှောက်ရေးညွန့်ပေါင်းအဖွဲ့ (TBBC)အဖွဲ့၏ မှတ်တမ်းများတွင် ဖော်ပြ ထားပါသည်။