နယူးဒေလီ (မဇ္စျိမ) ။ ။ လူငယ်သတင်းသမား များ မွေးထုတ်သည့်အနေဖြင့်အမျိုးသားဒီမိုကရေ စီအဖွဲ့ချုပ် NLD က ပထမဆုံးအကြိမ်အဖြစ် ရ ရက် ကြာ ပြုလုပ်ခဲ့သည့် သတင်းစာပညာသင်တန်းမှာ တနင်္ဂနွေနေ့တွင် ပြီးဆုံးသွားသည်။
မီဒီယာ သဘောသဘာဝကို နားလည်ရန်၊ မီဒီယာသမားများနှင့် မည်သို့မည်ပုံ လက်တွဲလုပ်ကိုင်ရန်နှင့် အသုံး ချနိုင်ရန် ရည်ရွယ်၍ မေလ ၁၆ ရက်မှ ၂၂ ရက်နေ့အထိ ဗဟန်းမြို့နယ် NLD ပါတီရုံးချုပ်၌ ပြုလုပ်ခဲ့သည့် အပတ်စဉ် ၁ သင်တန်းသို့ ပြည်နယ်နှင့် တိုင်းများမှ လူငယ် ၃၆ ဦးနှင့် ပါတီပြန်ကြားရေးဌာနမှ လူငယ် ၁၅ ဦး၊ စုစုပေါင်း ၅၁ ဦး တက်ရောက်ခဲ့သည်။
သင်တန်းဆရာများမှာ ဝါရင့်သတင်းစာဆရာကြီး ဦးဝင်းတင် (ဟံသာဝတီ) က ကြီးကြပ်ပြီး ဦးမိုးသူ(မောင်မိုး သူ)၊ ဦးသာဘန်း၊ ဦးအုန်းကြိုင် (အောင်ဝင့်)၊ ဦးအောင်မြင့် (ဖျာပုံနီလုံဦး)နှင့် ဦးအောင်ရှင် (မုံရွာအောင်ရှင်) စသည့် သတင်းစာဆရာ၊ စာရေးဆရာများ ဖြစ်ကြပြီး၊ ကိုဇော်မျိုးအောင် (ကွန်ပြူတာပညာရှင်) ကလည်း သင်ကြားပို့ချပေးခဲ့သည်။
ိ
“မီဒီယာက အရမ်းကို အရေးကြီးတယ်ဗျ။ နောက်တက်လာမယ့် လူငယ်တွေအနေနဲ့ မီဒီယာရဲ့ သဘောကို နားလည်ပြီး အသုံးချတတ်ဖို့ အတွက်လည်း ရည်ရွယ်တယ်။ သင်တန်းမှာတုန်းက ဦးဝင်းတင် စကားနဲ့ ပြောရရင် မီဒီယာဆိုတာ စတုတ္ထမဏ္ဍိုင်တောင် မဟုတ်တော့ဘူး။ ဒုတိယမဏ္ဍိုင် ဖြစ်နေပြီ။ အုပ်ချုပ်ရေးကို တဖက်တလမ်းက အထောက်အကူ ပြုနေတယ်” ဟု ပါတီပြန်ကြားရေးတာဝန်ခံ ဦးအုန်းကြိုင်က မဇ္စျိမကို ပြောသည်။
သင်တန်းတွင် သတင်းစာပညာ မိတ်ဆက်၊ ဂျာနယ်အကြောင်း၊ အယ်ဒီတာနှင့် မဂ္ဂဇင်းများ၊စာပေလွတ်လပ် ခွင့်၊ ဘာသာပြန်ဗေဒ၊ သတင်း၊ သတင်းရေးနည်း၊ စာနယ်ဇင်းကျင့်ဝတ်များအပြင် ထူးခြားချက်အနေဖြင့် Citizen Journalist ခေါ် အရပ်သား သတင်းဆရာ စသည့် ဘာသာရပ်များ ဖြစ်သည်။
“Citizen Journalist ဆိုတာက အရေးကြီးပါတယ်။ ၂ဝဝ၇ တုန်းက ဖြစ်ခဲ့တဲ့ ကိစ္စမှာဆိုရင် တကမ္ဘာလုံးက သိသွားတာက သူတို့ကြောင့်ပဲ။ အစိုးရက ဘယ်လောက်ပိတ်ပိတ် Citizen Journalist ဆိုတာက ရှိနေဦးမှာပဲ” ဟု ဦးအုန်းကြိုင်က ပြောသည်။
တနင်္ဂနွေနေ့ သင်တန်းဆင်းပွဲသို့ NLD ဒုဥက္ကဋ္ဌ ဦးတင်ဦး တက်ရောက်၍ သင်တန်းဆင်းလက်မှတ်များ ပေးအပ်ခဲ့ပြီး၊ ဆရာမောင်မိုးသူက အမှာစကား ပြောခဲ့သည်။
သင်တန်းတက်ခဲ့သူ စစ်ကိုင်းတိုင်း မုံရွာမြို့မှ ကိုရာဇာက “အကျိုးကျေးဇူးတွေ တော်တော်ရခဲ့ပါတယ်။ မသိခဲ့တဲ့ သတင်းစာပညာနဲ့ ပတ်သက်လို့ကော၊ နိုင်ငံရေး ဗဟုသုတတွေပေါ့ဗျာ။ … အရပ်သား သတင်းထောက်အနေနဲ့ အများကြီး လုပ်နိုင်တယ်ဗျာ။ အာရပ်မှာဆိုရင် အများကြီး ပြောင်းလဲနေပြီ။ ဒါကအရပ်သားသတင်းသမားတွေ ရဲ့ အခန်းကဏ္ဍတွေပေါ့။ ကျနော် အမှားတွေကို တိုက်သွားမယ်။ အမှားတွေကို ဘယ်လိုမျိုး တိုက်မလဲဆိုရင် မြင်ရင် မြင်တဲ့အတိုင်းဗျာ၊ မှန် မှန်တဲ့အတိုင်း ဖော်ထုတ်မယ်ဗျာ၊ ပြောကြားမယ်ဗျာ၊ ရေးမယ်ဗျာ” ဟု မဇ္စျိမကို ပြောသည်။
သင်တန်းဆင်းများအနေဖြင့် မိမိတို့ဒေသများသို့ ပြန်ရောက်ပါက သင်ကြားခဲ့သည်များကို ဖြန့်ဝေသွား မည်ဖြစ်ကာ၊ NLD ကလည်း ယခုလို သတင်းစာသင်တန်းများ ဆက်လက်ဖွင့်လှစ်ရန် စီစဉ်ထားသည်။