ချင်းမိုင် (မဇ္ဈိမ) ။ ။ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီကို မဲထည့်သည်ဟု လူသိရှင်ကြား ပြောဆိုခဲ့သော စီးပွားရေးလုပ်ငန်း လုပ်ကိုင်နေသူ ရုပ်ရှင်မင်းသား လွင်မိုးကို လက်ရှိအချိန်တွင် ဦးသိန်းစိန်အစိုးရ လုပ်ဆောင်ချက်နှင့် ပတ်သက်၍ မေးမြန်းထားခြင်း ဖြစ်သည်။
'Mining လုပ်တယ် ဆိုတာ ထီထိုးသလိုပဲပေါ့'
ချင်းမိုင် (မဇ္ဈိမ) ။ ။ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီကို မဲထည့်သည်ဟု လူသိရှင်ကြား ပြောဆိုခဲ့သော စီးပွားရေးလုပ်ငန်း လုပ်ကိုင်နေသူ ရုပ်ရှင်မင်းသား လွင်မိုးကို လက်ရှိအချိန်တွင် ဦးသိန်းစိန်အစိုးရ လုပ်ဆောင်ချက်နှင့် ပတ်သက်၍ မေးမြန်းထားခြင်း ဖြစ်သည်။
၂ဝ၁ဝ ရွေးကောက်ပွဲမှာ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီကို ထောက်ခံမဲ ထည့်ခဲ့သူအနေနဲ့ အခု ရက်ပေါင်း ၁ဝဝ အတွင်း အစိုးရရဲ့ လုပ်ဆောင်ချက်အပေါ် ကျေနပ်အားရမှု ရှိလား။ ဘယ်လိုမြင်လဲ။
‘‘ကျနော့်ရဲ့ မိတ်ဆွေအပေါင်းအသင်းတွေ၊ စီးပွားရေးသမားတွေရှိတယ်။ ဒေါက်တာခင်ရွှေတို့ ယုဇန ဦးဌေးမြင့်တို့လေ။ သူတို့ကလည်း ဝင်ရောက်ပြီးတော့ လှုပ်ရှားမဲဆွယ်စည်းရုံးကြတော့ ကျနော်ကလည်း သူတို့ဘက်ကနေပြီး အကူအညီ ပေးတာပါ။ သူတို့ကတော့ ဖြည်းဖြည်းချင်းတော့ အကောင်အထည် ဖော်နေတာပဲ။ အခုကတော့ လုပ်ပိုင်ခွင့်တွေက အရင်ကထက် ပိုပြီး ကွဲကွဲပြားပြား ဖြစ်လာပါပြီ၊ ရှင်းရှင်း လင်းလင်း ဖြစ်လာတာပေါ့’’
အစိုးရသစ်က သန့်ရှင်းတဲ့ အစိုးရ၊ ကောင်းမွန်တဲ့ အစိုးရ ဖြစ်အောင် လုပ်မယ်ပြောတယ်။ လာဘ်ပေးလာဘ်ယှု တိုက်ဖျက်ပစ်မယ် ပြောတယ်။ လာဘ်ပေးလာဘ်ယူက အတော်လေးကို ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ထွန်းနေတယ် ထင်လား။
‘‘သူတို့က clean government ထူထောင်နေတာဆိုတော့ သူတို့ကလည်း သူတို့လုပ်မယ့်ဟာတွေ အကုန်လုံးကို ကြေညာပြီး လုပ်မယ့် သဘောတွေ ဖြစ်လာတာပေါ့’’
‘‘ဒါတွေကတော့ ကျနော်ထင်တာကတော့ အစိုးရတခုက clean government ဖြစ်အောင် ကြေညာထားတယ်။ သူတို့ကလည်း ဒါကိုလုပ်ဆောင်မယ်ဆိုရင်တော့ ဖြည်းဖြည်းချင်းတော့ လုပ်ဆောင်သွားရမယ့် သဘောရှိပါတယ်ခင်ဗျ။ ကျနော့်အမြင် ပြောတာပါ’’
ဟိုတနေ့က လွတ်လာတဲ့ ဟစ်ပ်ဟော့ပ်အဆိုတော် ဇေယျာသော်က နိုင်ငံရေးဆိုတာ လုပ်သင့်တယ်၊ မြင့်မြတ်တဲ့ အရာလို့ ပြောတယ်၊ ကိုလွင်မိုးကကော။
‘‘ဒါကတော့ ကိုယ့်ယူဆချက်နဲ့ ကိုယ်ပေါ့လေ၊ ကိုယ့်ခံယူချက်နဲ့ ကိုယ်လေ။ အခုကတော့ နိုင်ငံရေး လုပ်တာကို အစိုးရအနေနဲ့ တရားဝင် ကြေညာထားပြီးပြီပဲ။ ဘယ်သူမဆို နိုင်ငံရေးလုပ်ခွင့် ရှိနေပြီပဲ’’
ကိုလွင်မိုးက ဘယ်ဟာကို စိတ်အားအသန်ဆုံးလဲ။ အနုပညာရှင်အဖြစ်လား၊ စီးပွားရေးလုပ်ငန်းရှင်အဖြစ်လား၊ အမတ်ဝင်ရွေးဖို့လည်း စိတ်ကူးရှိတဲ့သူအတွက် နိုင်ငံရေးလား။
‘‘အခုလောလောဆယ်တော့ ကျနော် စီးပွားရေးပဲ တစိုက်မတ်မတ် လုပ်နေတာပါ။ ဒါပေမဲ့ တကယ်တမ်း နိုင်ငံရေးလုပ်ဖို့ ဆိုတာတော့ ကျနော့်အတွေ့အကြံု၊ ကျနော့်အယူအဆနဲ့ ဆိုရင်တော့ အများကြီး လိုပါသေးတယ်’’
နိုင်ငံရေးအကျဉ်းသားတွေကို အစိုးရသစ်က လွှတ်ပေးရင် ကောင်းမလား။
‘‘ဒါကတော့ အစိုးရပေါ်လစီတွေပေါ့၊ သူတို့ရဲ့ ဆုံးဖြတ်ချက်တွေပေါ့’’
လတ်တလော ရွှေတူးနေတယ်လို့ ကြားတယ်၊ ဘယ်လိုအခြေအနေ ရှိပါသလဲ။
‘‘Mining ပါ။ ပြီးတော့ မိုင်းထုတ်လုပ်တဲ့ နေရာတွေမှာ စက်ရုံဆောက်တာတို့ ရင်းနှီးမြှုပ်နှံမူတွေ ကြီးပါတယ် ခင်ဗျ။ ကျနော်တို့ သူငယ်ချင်းတွေ စုဖွဲ့ပြီး လုပ်ကြတာပါ။ မြေအောက်မှာ ကြေးနီဆိုလည်း ကြေးနီ၊ ရွှေဆိုလည်း ရွှေပေါ့။ ဒီအပေါ်မှာ ကျနော်တို့ risk ယူပြီး လုပ်ရတာပါ။ Mining လုပ်တယ် ဆိုတာထီထိုး သလိုပဲပေါ့’’