ကချင်ပြည်နယ် ကြားဖြတ်ရွေးကောက်ပွဲ ပါတီ(၄) ခုဝင်နွဲဖို့ပြင်

ကချင်ပြည်နယ် ကြားဖြတ်ရွေးကောက်ပွဲ ပါတီ(၄) ခုဝင်နွဲဖို့ပြင်
by -
ကချင်သတင်းဌာန

ကချင်ပြည်နယ်အတွင်း လစ်လပ်သွားသည့်အမတ် နေရာများအတွက် ကျင်းပသွားမည့် ကြားဖြတ် ရွေးကောက်ပွဲ၌ ၀င်ရောက်ယှဉ်ပြိုင်ရန် ပါတီလေး ခုက ကြိုတင် ပြင်ဆင်နေပြီ ဖြစ်ကြောင်းသိရသည်။

မိုးကောင်းမြို့နယ်၊ ဖားကန့်မြို့နယ်၊ ဗန်းမော်မြို့နယ်တို့မှ ပြည်သူ့လွှတ်တော်အမတ်များသည်ပြည်ထောင်စု အစိုးရ ၀န်ကြီး၊ ဒု-၀န်ကြီးနှင့် ပြည်ထောင်စု စာရင်းစစ်ချုပ်များ ဖြစ်သွားကြသည့် အတွက် ၎င်းတို့၏ နေရာများ လစ်လပ်သွားသောကြောင့် ယခုလို ကြားဖြတ်ရွေးကောက်ပွဲများ ကျင်းပရန် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က စီစဉ်လာခြင်း ဖြစ်သည်။

NDF-Bawk-Jaယင်း နေရာ သုံးနေရာ၌ဝင်ရောက်ယှဉ်ပြိုင် မည့်ပါတီ လေးခုမှာတိုင်းရင်းသားစည်းလုံး ညီညွတ်ရေးပါတီ (တစည)၊ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ပြည်ခိုင်ဖြိုး)၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ် ပါတီ (ကျားဖြူ)နှင့် အမျိုးသားဒီမိုကရေစီ အင်အားစုပါတီ (NDF)တို့ ဖြစ်ကြသည်။ ယခုအချိန်၌ အဆိုပါ ပါတီများသည် သင့်လျော်သည့် မိမိတို့၏ ကိုယ်စားလှယ်လောင်းများကို စတင် ရွေးချယ်နေကြပြီ ဖြစ်သည်။

“တစ်မြို့နယ်ကို ကျွန်တော်တို့ နှစ်ယောက်၊ သုံးယောက် လျာထားပါပြီ၊ ဒီထဲကမှ အသင့်တော်ဆုံး တစ်ယောက်ကို ပြန်ပြီး ရွေးချယ်သွားမယ်” ဟု ကျားဖြူ ပါတီ ဘဏ္ဍာရေးမှူး စောသန်းမြင့်က ပြောသည်။

၂၀၁၀ ရွေးကောက်ပွဲ၌ ဖားကန့်မြို့နယ်တွင် ယခု သမဝါယမဝန်ကြီးဖြစ်သွားသည့် ပြည်ခိုင်ဖြိုးပါတီမှ ဦးအုန်းမြင့်ကို ရှုံးနိမ့်ခဲ့ပြီး မဲမသမာမှုများကြောင့် ယခုလို ရှုံးနိမ့်ခဲ့ရသည်ဟု ရွေးကောက်ပွဲကော်မရှင်သို့ အမှုဖွင့်တိုင်ကြားထားသည့် NDF ပါတီမှ ဒေါ်ဘောက်ဂျာက “ဒီ လစ်လပ်သွားတဲ့ နေရာတွေမှာ ဝင်ကို ဝင်ပါနိုင်ဖို့ ခု လူရွေးဖို့ ပြင်ဆင်နေတာ။ ဖားကန့်က ကျမအမှုကလည်း မပြီးပြတ်သေးတော့ ကျန်တဲ့ နှစ်နေရာအတွက် လောလောဆယ် လူရွေးနေတာ” ဟု ပြောသည်။

NDF ပါတီအနေဖြင့် ယခု ကြားဖြတ်ရွေးကောက်ပွဲတွင်သာမက လာမည့် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင်လည်း ကချင်တစ်ပြည်နယ်လုံး၌ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရန် စီစဉ်နေကြောင်း သူမက ဆက်ပြောသည်။

ယခု ကြားဖြတ်ရွေးကောက်ပွဲတွင် မဲမသမာမှုများ ရှိနိုင်၊ မရှိနိုင်နှင့် ပတ်သက်၍ မေးမြန်းရာ ကျားဖြူပါတီမှ စောသန်းမြင့်က “ပြီးခဲ့တဲ့ ရွေးကောက်ပွဲတုန်းက ဖြစ်ပွားခဲ့တဲ့ မဲမသမာမှုတွေက ခုထိ မရှင်းနိုင်ကြသေးဘူးလေ၊ နောက်တစ်ခါကျရင် သက်ဆိုင်ရာ မဲရုံမှူးတွေ၊ မြို့နယ် ကော်မရှင်ရုံးတွေလည်း ဒါမျိုး ထပ်အဖြစ်မခံနိုင်ဘူး လေ။ သူတို့ သန့်သန့်ရှင်းရှင်း လုပ်သွားမယ်လို့ ကျွန်တော်တို့ ယုံကြည်တယ်” ဟု ပြောသည်။

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးကလည်း လာမည့် ကြားဖြတ်ရွေးကောက်ပွဲကို လွတ်လပ်၍ တရားမျှတသည့် ရွေးကောက်ပွဲ ဖြစ်အောင် တာဝန် ထမ်းရွက်ပေးရန် ကော်မရှင်အဖွဲ့ခွဲများအား မေလ (၁၆) ရက်နေ့တွင် တွေ့ဆုံ ပြောကြားခဲ့သည်ဟု အစိုးရပိုင် သတင်းစာများတွင် ဖော်ပြခဲ့သည်။